>Articles on Suu published in local journals


>

တပတ်အတွင်း ဂျာနယ်နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းဖော်ပြခွင့်ပြု
ခင်နှင်းလွင် ၊ ရန်ကုန်
စက်တင်ဘာ ၆၊ ၂၀၁၁
နာမည်ဆိုးနှင့်ကျော်ကြားသော မြန်မာနိုင်ငံ၏ စာပေစိစစ်ရေးမှ တပတ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့်သတင်းကို ပြည်တွင်းဂျာနယ်နှစ်စောင်တွင် ဖော်ပြခွင့်ပြုခဲ့သဖြင့် ပြည်သူများအကြားတွင် ရေပန်းစားလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခါစက အင်တာဗျူးခွင့်ရရှိထားသော ပြည်တွင်းဂျာနယ်များအနက် ပထမဦးဆုံး မက်ဆင်ဂျာ ဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး ထုတ်ဝေဖော်ပြခွင့် ပြုပြီးနောက်တွင် ထပ်မံပြီး နှစ်ရက်ခြားတွင် ပြည်သူ့ခေတ်ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ဖော်ပြခွင့်ပြုလိုက်သည်ဟု လွန်ခဲ့သည့် စနေနေ့ကတည်းက ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဖော်ပြနေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကြောင့် တနင်္ဂနွေနေ့တွင် ဖြန့်ချိသည့် ယခုတပတ်ထုတ် မက်ဆင်ဂျာဂျာနယ် ရောင်းအား သိသိသာသာ တက်သွားခဲ့သည်ဟု ရန်ကုန်မြို့မှ ဂျာနယ် ဖြန့်ချိသူများက ပြောသည်။
“ဘာပဲဖြစ်ဖြစ် ကြိုဆိုရမှာပေါ့ဗျာ။ ပြည်တွင်းဂျာနယ်တွေရဲ့ ဇွဲဆုပါပဲ။ အရင်ကမရဘူး ခွင့်မပြုဘူး။ ခု ရတယ်။ နောင်ဒီထက်ပိုပြီး လုပ်ယူ တိုးယူရမယ်လို့ မျှော်လင့်မိတယ်” ဟု ပြည်တွင်းသတင်း အယ်ဒီတာတဦးက ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူးကို ပထမဦးစွာ ဖော်ပြခွင့်ရခဲ့သော မက်ဆင်ဂျာဂျာနယ်မှာ ဒု-ဗိုလ်ချူပ်ကြီးဟောင်း တင်အေး၏သားဖြစ်သူ ကိုဇော်မင်းအေး ပိုင်ဆိုင်သည့် ဂျာနယ်ဖြစ်ပြီး ဒေါ်စုကိုယ်တိုင်ရေး  ဆောင်းပါးကို ဖော်ပြခွင့်ရသောဂျာနယ်မှာ နိုင်ငံရေး အသားပြု ပြည်သူ့ခေတ်ဂျာနယ်ဖြစ်သည်။  
ပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြမည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆောင်းပါးမှာ ပုဂံခရီးသွား ဆောင်းပါးဖြစ်သည်ဟုသိရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံခြင်းမပြုမီက စိစစ်ရေးက အချို့သော အစိတ်အပိုင်းများ ဖြတ်တောက်ခဲ့သဖြင့် ဖော်ပြနိုင်ခြင်း မရှိခဲ့ဘဲ သြဂုတ်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တွေ့ဆုံမှုအပြီး ထပ်မံတင်ပြခဲ့ရာမှ စိစစ်ရေးမှ အပြည့်အစုံကို ဖော်ပြရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။  
တနင်္ဂနွေထုတ် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်က “ခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ ဒါက ဘယ်လိုမှ တန်ဖိုးဖြတ်မရတဲ့တိုးတက်မှုပါ” လို့ သူမ လွတ်မြောက်ပြီးအချိန်တွင် မျက်မှောက်ခေတ်လူငယ်များနှင့်ပတ်သတ်၍ ပြောကြားခဲ့သည်။
ထို့အပြင် ဖေ့စ်ဘွတ်များ သူမ နာမည်နှင့်ဖွင့်ထားသည်နှင့်ပတ်သတ်ပြီး သူမကိုယ်တိုင် ဖွင့်ထားခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts