>Tu Maung Nyo – Behind current peace talk

>

“ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” နောက်ကွယ်မှာ ဘာတွေရှိသလဲ
တူမောင်ညို
သြဂုတ် ၂၀၊ ၂၀၁၁

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို မလွတ်တန်းဆုပ်ကိုင်ထားသည့် အခြေခံပေါ်တွင် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၁/၂၀၁၁) ကို သမ္မတဦးသိန်းစိန် အစိုးရက သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကိုအောက်ပါအတိုင်းတွေ့ရသည်။
၁။ တဖွဲ့ချင်းသာ ဆွေးနွေးမည်။
၂။ ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုအပ်သောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရမည်။
၃။ ပဏာမအဆင့်ပြီးစီးပါက အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်။

ဤဖိတ်ကြားချက်သည် “ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ခြင်း” ဆိုပြီး “လုံးချထား”သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့၏ တတိုင်းတပြည်လုံးအရေး ဦးတည်သည့် “တွေ့ဆုံဆွေးနွေးရေး” တောင်းဆိုချက်ကို လျစ်လျူရှုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ “ကွက်ပြီး” ဖိတ်ခေါ်ထားချက်ဖြစ်သည်။ ဖိတ်ခေါ်ချက်တွင် ဖော်ထုတ်ထားသည်မှာလည်း “လက်နက်ကိုင်ပဋိပက္ခများ” ဟူ၍သာ ယေဘုယျအဆန်ဆုံးဖော်ပြထားသည်။

ဤ ဖိတ်ခေါ်ချက်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ထုတ်ပြန်ထားသည့် “တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံရေးအရ ဖိတ်ခေါ်ကမ်းလှမ်းလာလျှင် တဖွဲ့ချင်းအနေဖြင့် တွေ့ဆုံဆွေးနွေးမှုမပြုရန်နှင့် (UNFC) အနေဖြင့်သာ စုစည်းဆွေးနွေးရန်” ဟူသော အချက်ကိုပယ်ချထားသည်။

ထို့အပြင် အောက်ပါအချက်များကိုလည်း တိတိကျကျ ရှင်းလင်းပေးဖို့လိုသည်။ ပဏာမအဆင့်ဆောင်ရွက်လိုအပ်သောလုပ်ငန်းစဉ်ဆို သည် မှာဘယ်လိုလုပ်ငန်းတွေပါဝင်သလဲ။

ပဏာမအဆင့်ဘယ်လိုအချိန်မှာပြီးဆုံးမှာလဲ။ ဘယ်လိုကိစ္စတွေဆောင်ရွက်ပြီးစီးမှ ပဏာမအဆင့်ပြီးဆုံးသည်ဟု သတ်မှတ်မှာလဲ။ပဏာမအဆင့်ပြီးဆုံးပြီးလို့ မည်သူက/မည်သည့်အဖွဲ့အစည်းက (နှစ်ဦးနှစ်ဘက်သဘောတူသတ်မှတ်မှာလား) သတ်မှတ် မှာလဲ။

ပဏမအဆင့်ပြီးစီးမှ အစိုးရဘက်က “ဆွေးနွေးမည့်အဖွဲ့အစည်းဖွဲ့စည်းမည်” ဆိုသည့် အချက်ကလည်း တစ်ဖက်သတ် လက်ဦးမှုယူထားသည့်အချက်ဖြစ်နေသည်။ ဘာကြောင့် ပဏာမအဆင့်ပြီးစီးမှ ဖွဲ့စည်းရတာလဲ။

ထိုဆွေးနွေးမည့်အဖွဲ့အစည်းတွင် မည်သူတွေပါဝင်မှာလဲ။မည်မျှပါဝင်မှာလဲ။ မည်သူကဖွဲ့စည်းပေးမှာလဲ။ လက်ရှိအစိုးရ ကဖွဲ့စည်းပေး မှာလား၊ ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးမှာလား။ ပြည်သူလွှတ်တော်ကဖွဲ့စည်းပေးမှာလား။ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေး မှာလား။

“ဆွေးနွေးရေးလုပ်ငန်းစဉ်” များဆိုသည်မှာဘာတွေကိုပြောတာလဲ။ တည်ရှိနေသည့်နိုင်ငံရေးပြဿနာများကို ဆိုလိုတာပါသလား သို့တည်း မဟုတ် လက်နက်အပ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ပြည်သူ့စစ်ဖွဲ့စည်းရေး လုပ်ငန်းများကိုဆိုလိုပါသလား။

“တဖွဲ့ချင်းသာ” ဆွေးနွေးမည်ဟုဖိတ်ခေါ်နေသည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမည်သို့ တုန့်ပြန်ကြမည်နည်း။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့၏ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု”နှင့် ယခုထုတ်ပြန်လိုက်သော “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” မည်သို့မည်ပုံကွဲပြားခြားနားပါသနည်း။

“ရွှေဂုံတိုင်ကြေညာစာတမ်း” တွင် (က) မှ (စ) အထိ ဖေါ်ပြထားသည့် “အဖွဲ့ချုပ်၏ ရပ်တည်ချက်” များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ဤဖိတ်ခေါ်ချက်အပေါ်မည်သို့တုန့်ပြန်မည်နည်း။

အကယ်၍ (အကယ်၍) ဇူလိုင်လ (၂၈ ) ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာပါ “အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပံ့ပိုးရန်အတွက်ကျွန်မအနေနှင့်ကိုယ်စွမ်းရှိသမျှပါဝင်ကြိုးပမ်းပေးရန်အသင့် ရှိပါသည်” ဆိုသောအချက်ကို အသုံးချပြီး လက်ရှိဦးသိန်းစိန်အစိုးရက ပဏာမအဆင့်ပြီးစီးလျှင် ဖွဲ့စည်းမည်ဟူသည့် “ဆွေးနွေးမည့် အဖွဲ့အစည်း” တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် အဆိုပြုခဲ့လျှင်/ဖိတ်ကြားခဲ့လျှင် မည်သို့တုန့်ပြန်ပါမည်နည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ကျင်းပမည့် “စီးပွားရေးဆိုင်ရာအပြောင်းအလဲ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ရန် လက်တွေ့ဖိတ်ကြားမှုလည်းရှိနေခဲ့သည်မဟုတ်ပါသလော။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts