>Kachin Refugees short of medical aids at the border and in China

>

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များ ကျန်းမာရေးအတွက် ဆေးဝါးပြတ်နေပြီ
ကချင်ကလေး ၊ သြဂုတ် ၁၁၊ ၂၀၁၁
တရုတ်နိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေသည့် ကချင်စစ်ပြေး ဒုက္ခသည်များ အနက် ရာနှင့်ချီကာ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဝါး အထူး လိုအပ်နေကြသည်ဟု သိရသည်။
မြန်မာ စစ်အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား နှစ်လကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နေရင်းဒေသများကို စွန့်ခွာပြီး တရုတ်ပြည်ဘက်ခြမ်းသို့ တိမ်းရှောင်နေထိုင်နေသူ ကချင် ဒုက္ခသည် ၂ ထောင်ကျော် ရှိသည်။ ယခုအခါ ၎င်းတို့အနက်မှ ဒုက္ခသည် ၅၀၀ ကျော်မှာ ၀မ်းလျှောရောဂါနှင့် အအေးမိချောင်းဆိုး ရောဂါတို့ကို ခံစားနေကြရသော်လည်း ဆေးဝါးပြတ်လပ်မှုနှင့် ကြုံနေကြရသဖြင့် ဆေးကုသမှု မခံကြရဟု ကချင် စစ်ပြေးဒုက္ခသည်များ ကူညီမူအဖွဲ့ Wunpawng Ninghtoi(WPN) မှ မမိုင်ဂျာက ပြောသည်။

“ရှေ့ဆက်ပြီး ဆေးမရှိတော့ဘူး။ ဖျားနေတဲ့သူတွေကို ဘယ်လို လုပ်ပေးရမှန်တောင်မသိတော့ဘူး လူတစ်ယောက်ဖျားရင် အနည်းဆုံးတစ်ပတ်ကြာတယ်။ ဆေးက ကုန်နေပြီ”ဟု ၎င်းးကပြောသည်။

အဆိုပါ ဒုက္ခသည်များ တရုတ်ပြည်ဘက်တွင် ခိုလှုံနေသော်လည်း ဆေးကုသမှု ခံယူလိုပါက မြန်မာဘက်ခြမ်း မိုင်ဂျာယန်တွင် ရှိသည့် တခုတည်းသော ဆေးခန်းကို လာရောက်ရသည်။ ယင်း ဆေးပေးခန်းကို ကချင် စစ်ပြေးဒုက္ခသည်များ ကူညီမူအဖွဲ့ WPN က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ကချင်ဒုက္ခသည်တစ်ဦးက “ မနက်က လူကြီး နှစ်ဦး အသဲအသန်းအဖျားကြီးနေတယ်။ ဒုက္ခသည်ကူညီတဲ့အသင်းကိုဖုန်းဆက်တော့လည်း ဆေးမရှိလို့ထင်တယ်။ ဆေးလာမပေးကြဘူး။ ရိုးရာနည်းနဲ့ပဲ အပူထုတ်ရတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင် ဒုက္ခသည်များသည် မူလပိုင်ရှင်များ သုံးစွဲခြင်း မရှိတော့ပဲ ပစ်ထားသည့် ၀က်ခြံ ၊သစ်စက်ဟောင်း ၊ မီးသွေးဖိုများ၌ ဖြစ်သလို နေထိုင်အိပ်စက်ကြရသည်။ ထိုနေရာများမှာ အင်္ဂတေခင်းများ ဖြစ်ပြီး  မိလ္လာစနစ်လည်း မရှိသည့်အတွက် ကျန်မားရေးနှင့် မညီညွတ်ကြောင်း ဒုက္ခသည်များက ပြောကြသည်။
မြန်မာပြည်တွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်ရာ လိုင်ဇာမြို့ ရှိ ဒုက္ခသည် စခန်းများမှာ ကူညီိထောက်ပံ့မှုများ ရရှိနေသော်လည်း တရုပ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည်များမှာမူ အကူအညီများ ရရှိခြင်း မရှိဟု ဒေသခံများက ပြောသည်။
အချို့ဒုက္ခသည်များမှာ ငွေမရှိသောကြောင့် တရုတ်ဆေးခန်းများတွင် ဆေးကုသနိုင်ရန် မြန်မာပြည်ဘက်အခြမ်း နေရပ်ရင်းသို့ ခိုးဝင်ပြီး မိမိတို့ပိုင် ကြက်နှင့် ၀က်ပေါက်စလေးများကို သွားရောက်ယူငင်ပြီး ၎င်းတို့ကို ရောင်းကာ ဆေးဘိုး လုပ်ကြရသည်ဟု ကချင်ဒုက္ခသည်တစ်ဦးပြောသည်။
တရုတ်ပြည်ဘက်ခြမ်းတွင် ဆေးတစ်ကြိမ်ထိုးလျင် ၃၅ ယွမ်ပေးရပြီး ၀က်ကလေး တစ်ကောင်ရောင်းလျင် ယွမ် ၁၀၀ ရရှိသည်ဟု အဆိုပါဒုက္ခသည်က ရှင်းပြသည်။
တရုတ်ပြည်ဘက်ခြမ်းတွင် ခိုလူံနေသော ဒုက္ခသည်များမှာ ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် စိန်လုံး ဒေသများမှ ဖြစ်သည်။
(Photo – from Kachin Volunteers, Internet, Unspecified Kachin Border )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts