>Flood in Bago worst in past 20 year

>


အနှစ်နှစ်ဆယ်ကျော် အတွင်း ပဲခူးမြစ်ရေ စိုးရိမ်ဖွယ် မြင့်တက်
ခင်နှင်းလွင်၊ သြဂုတ် ၁၀၊ ၂၀၁၁
လွန်ခဲ့တဲ့ သုံးရက်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့တွင် အနှစ်နှစ်ကျော်အတွင်း စိုးရိမ်ဖွယ်ကောင်းသော ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ မြို့သူမြို့သားများအနေနှင့် စိုးရိမ်မှုများ ဖြစ်လျက်ရှိကြောင်း သိရသည်။
““ဒီနေ့သတင်းကြားတာ ဇိုင်းကနိုင်းနဲ့ ဥက္ကံဈေးကြီးနဲ့ ဆက်ထားတဲ့ ယာယီတံတား ကျိုးသွားတယ်။ မိန်းတံတား မဟုတ်ပေမဲ့ ယာယီအခိုင်အခန့် ဆောက်ထားတဲ့ သစ်သား တံတားက ကျိုးသွားတာ။ ညောင်ဝိုင်းအထိ ရေတွေ ရောက်လာပီလို့ကြားတယ်။ နှစ်တိုင်း ရေကြိးနေကျ ဆိုပေမဲ့ ဒီနှစ်ကတော့ နည်းနည်းများတယ်”လို့ ပဲခူးမြို့ခံ ရှေ့နေတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ညနေပိုင်းတွင် ညောင်ဝိုင်းအထိ ရေများရောက်လာပြီး အနီးအနားတွင် နေထိုင်သူများမှာ စိုးရိမ်သောကရောက်ကာ အိမ်များပြောင်းရွှေ့ရန် ကြိုးစားလျက်ရှိသည်ဟု ဌင်းကပင် ပြောကြားခဲ့သည်။
“ကျွန်တော်သတင်းကြားတာပေါ့ မြစ်ကိုဖို့ထားတဲ့ တာအနားအထိ ရေကရောက်တော့ တာကျိုးမှာ စိုးရိမ်ပြီး တာကနေရေတွေ လွှတ်ချတယ် (တာချိုး)တယ်လို့ သိရတယ်။ အဲဒါကြောင့် အနိမ့်ပိုင်းဖြစ်တဲ့ ပဲခူးရပ်ကွက်တွေက ရေတွေဝင်ကုန်တာပေါ့”လို့ ထိုသူကပင် ပြောပြခဲ့သည်။
သြဂုတ်လ ၉ရက်နေ့မှ စတင်မြင့်တက်လာသော ပဲခူးမြစ်ရေသည် ယနေ့ ညနေသြဂုတ်လ ၁၁ရက်နေ့ အထိတရိပ်ရိပ် မြင့်တက်နေဆဲ ဖြစ်သဖြင့် ပဲခူးမြို့ခံများမှာ ဆက်လက်ရေတက်မှာကို စိုး၇ိမ်လျက်ရှိကြသည်။
”ဒီလိုမိုးအတိုင်းဆို၇င်တော့ ရပ်မယ်မထင်ဘူး။ ညဘက်ဆက်မတက်ဖို့ပဲ မျှော်လင့်ရတာပေါ့။ နို့မို့ ညဘက်ဆိုရင် အရမ်းပြောင်းရ ရွှေ့ရ ခက်တယ်”လို့ ပဲခူးမြို့မှ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။ ထိုသို့ ရေ၀င်သော ပဲခူးရပ်ကွက်များမှာ ဇိုင်းကနိုင်း၊ ကျွန်းသာယာနှင့် မဇင်းတို့ဖြစ်ပြီး ပဲခူးမြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များမှာ အဆိုးဆုံးဖြစ်သည်ဟု သိရသည်။
ထိုသို့ မြစ်ရေမြင့်တက်မှုကြောင့် အဆိုးဆုံး ရေ၀င်ရပ်ကွက်များဖြစ်သည့် ဇိုင်းကနိုင်းတို့ဘက်တွင် လှေများနှင့်သွားလာနေရပြီး တချို့နေရာများတွင် ဆိုက်ကားများပေါ်တွင် ဆိုင်ကယ်များတင်က တနေရာနှင့်တနေရာ ကူးသန်းသွားလာရသည်ဟု အဆိုပါ မြို့ခံကပြောသည်။
“ကားလေးတွေက လုံးဝသွားမရဘူး။ သွားတဲ့ကား ရေ၀င်တာပဲ ယောက်ျားဆို ခါးလောက်ရှိတယ်”လို့ ပဲခူးမြို့ခံ ကိုဝင်းမြင့်က ပြောပြခဲ့သည်။
ပဲခူးမြို့တွင် ရေဘေးဒုက္ခရောက်သူများအတွက် ပဲခူးသာသနာ့ဗိမာန်၊ ကလျာဏီသိမ်နှင့် အနောက်ရွှေနံ့သာကျောင်း အပါအ၀င် ဘုန်ကြီးကျောင်းတချို့တို့တွင် ဒုက္ခသည် စခန်းများယာယီ ဖွင့်လှစ်ခဲ့ပီး ကယ်ဆယ်ရေးများ အရေးပေါ်လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
ရွှေသာလျောင်းဘုရားအနီး ရပ်ကွက်ရုံးတွင် ထမင်းလာရောက်ဝေပေးခဲ့ပြီး ဒုက္ခသည်များအတွက် စေတနာရှင် ပြည်သူများထံမှ အကူညီများကိုပဲခူး တောင်နံစုကျေးရွာ ပရဟိတ ကျောင်းဆရာတော် ဦးကိတ္တိက မှ ဆန်များ အလှူခံကာ ဦးစီး ကူညီ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ယခုလို ပဲခူးမြို့တွင်ရေလွှမ်းမိုးမှုကြောင့် ရေလွှမ်းမိုးရာ ရပ်ကွက်ရှိ ကျောင်းများ ဆေးရုံများရုံးများကို ပိတ်ထားရကြောင်းသိရပြီး ရေကျသွားပါကလဲ ရေကြောင့်ဖြစ်တတ်သော ရောဂါ ဘယများအတွက် စိုးရိမ်မှုများ ရှိနေသည်ဟု ပဲခူးမြို့ခံ ကျန်းမာရေး ၀န်ထမ်းတစ်ဦးက ဆိုသည်.
“ရေကျရင်တောင် ၀မ်းရောဂါနဲ့ နောက်ဆက်တွဲရောဂါတွေ အတွက် စိုး၇ိမ်ရာတွေ ရှိသေးတယ်”လို့ ၎င်းကပြောပြခဲ့သည်။
(Photo – AP)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts