>Letters from Michigan – 81

>

မစ်ရှီဂန်ကပေးတဲ့စာ(၈၁)

အောင်ဝေး

သြဂုတ် ၁၀၊ ၂၀၁၁

(-Reuters photo-)

“—မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက် ဖြစ်တယ်။ NLD နဲ့အတိုက်အခံ နိုင်ငံရေး အင်အားစုတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက် ဖြစ်တယ်—”



မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့မာပါစ။ ဥတုရာသီများလည်းသာပါစ။ အရင်တပတ်က ဗိမာန်ယဉ်ကျေးမှု၊ ရုပ်တု ယဉ်ကျေးမှုအကြောင်း ကျနော်ပြောခဲ့တော့ အခု ဆက်ပြီး ကျဆုံး ကွယ်လွန်သွားကြတဲ့သူတွေကို အထိမ်းအမှတ် ပြုတဲ့အကြောင်း ပြောပါရစေ။

ကိုဒေါင်းရေ … ကနေ့ မနက်ဖြန် ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ(၂၃)နှစ် တင်းတင်းပြည့်ပါပြီ။ အရာရာဟာ မနေ့ တနေ့ တုန်းက ဖြစ်ပျက်ခဲ့သလိုပါပဲ။ လွန်ခဲ့တဲ့(၂၃)နှစ်က တတိုင်းတပြည်လုံး အုံးအုံး ကျွက်ကျွက် ဆူညံမြည်ဟိန်း လှုပ်ရှားခဲ့တဲ့ အရုပ်တွေ၊ အသံတွေကို ဒီကနေ့ ဒီအချိန်အထိ ကျနော်တို့ မြင်ယောင် ကြားယောင်ရှိနေကြတုန်း မဟုတ်လား။

တချို့ညောင်ညိုပင်လမ်းခွဲမှာလမ်းလွဲသွားသူတွေ၊ ကျောင်းသားသွေးနဲ့ ရေးထိုးထားတဲ့ မော်ကွန်းကို အလွဲသုံးစားလုပ်ချင်သူတွေ၊ ဒီလူတချို့က လွဲရင် ကိုဒေါင်းကြီး … တိုက်ပွဲဝင်နေတဲ့ လူအားလုံး မငြင်းနိုင်တဲ့ အချက်က ရှစ်လေးလုံးအရေးတော်ပုံကြီး မပြီးဆုံးသေးဘူး ဆိုတဲ့အချက်ပဲ။ ဟုတ်တယ် … ဒီနေ့ အထိ ကျနော်တို့ ပြည်သူလူထုကြီး တရပ်လုံး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ တရပ်လုံး၊ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဆက်လက် ဆင်နွှဲနေကြဆဲပဲ။

ဒီကနေ့  ဆင်နွှဲနေတဲ့ လူထုလှုပ်ရှားမှုမှန်သမျှ အရာရာဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်ပဲ။ ၁၉၈၈ ဒီဇင်ဘာ မိခင်ကြီး ဒေါ်ခင်ကြည် ဈာပနဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့  အဆက် ဖြစ်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက် ဖြစ်တယ်။ NLD နဲ့အတိုက်အခံ နိုင်ငံရေး အင်အားစုတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက် ဖြစ်တယ်။ ဒီလိုပါပဲ၊ ၁၉၉၀ ရွေးကောက်ပွဲ၊ ၁၉၉၁ နိုဘယ်ဆုအရေးအခင်း၊ ၁၉၉၆ ကျောင်းသား အရေးအခင်း၊ ၂၀၀၆ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများအဖွဲ့ လှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ဒါတွေအားလုံး ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးရဲ့  အဆက်တွေပါပဲ။

ကိုဒေါင်းကြီး… သမိုင်းဝင် ကမ္ဘာသိ ဗမာ့ဒီမိုကရေစီ တော်လှန်ရေးဟာ (၂၃) နှစ် တိုင်ခဲ့ပြီ။ ကျနော်တို့ခရီး မပြီးသေးဘူး။ ကျနော်တို့ပြည်သူတွေဟာ ခရီးရှည်ချီတက်ပွဲကြီးတခုကို ဆင်နွှဲနေကြတဲ့သူတွေ ဖြစ်တယ်။ ဇွဲမလျှော့တဲ့သူတွေ ဖြစ်တယ်။ ပန်းတိုင် မရောက်မချင်း သက်လုံ ကောင်းကောင်း၊ သစ္စာရှိရှိနဲ့ ခရီးပြင်း နှင်နေတဲ့သူတွေ ဖြစ်တယ်။

၂၃ နှစ် တိုင်တိုင် မယိုင်လဲနိုင် မပြိုပျက်နိုင်တဲ့ ဇွဲစိတ်ဓာတ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန် ဆန့်ကျင်နေတဲ့ တိုင်းပြည်ဟာ ကျနော်တို့ တိုင်းပြည်ပါပဲ။ ဒီလို တော်လှန်ရေးခရီးရှည်ကြီးထဲမှာ ကျဆုံးတဲ့သူတွေလည်း ကျဆုံးခဲ့ကြပြီ။ ကွယ်လွန်တဲ့သူတွေလည်း ကွယ်လွန်ခဲ့ကြပြီ။

အဲဒီလို ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားသူတွေ၊ လမ်းခုလတ်မှာ ကွယ်လွန်သွားသူတွေအတွက် ကျနော်တို့ ဘာတွေ လုပ်ပေးနိုင်ကြပြီလဲ။ သူတို့အတွက် ကျနော်တို့ ဘာတွေ အထိမ်းအမှတ်ပြု ပေးနိုင်ကြပါပြီလဲ။

၁၉၈၈ခုနှစ်၊ မတ်လ(၁၃)ရက် ကိုဖုန်းမော်ကျဆုံးစဉ်က မဆလစစ်အစိုးရက ကိုဖုန်းမော် အသုဘမှာ မဏ္ဍပ် မထိုးရ၊ စားမြိန်စာထုပ် မပို့ရ၊ မငိုကြွေးရ ဆိုပြီး ဖက်ဆစ်အဆန်ဆုံး အမိန့်ထုတ် ခြောက်လှန့် ဟန့်တားခဲ့တယ် မဟုတ်လား။

ဒီကနေ့ … ကိုဖုန်းမော်ကွယ်လွန်သွားတဲ့နေ့ ကို“မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့” ရယ်လို့ သတ်မှတ်နိုင်ရုံပဲ သူ့ ကို ဂုဏ်ပြုနိုင်ပါသေးတယ်။ ကိုဖုန်းမော်အတွက် ကျနော်တို့ ထိုက်ထိုက်တန်တန် အထိမ်းအမှတ် မပြုနိုင်သေးတာကို ၀န်ခံရမယ်။ အနိမ့်ဆုံးတော့ ကျနော်တို့ဟာ ဗိုလ်အောင်ကျော်ကျောက်တိုင် စိုက်သလို၊ ကိုဖုန်းမော်ကျောက်တိုင် စိုက်နိုင်ရပါမယ်။

အလားတူပါပဲ၊ ရှစ်လေးလုံးအရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ထိုက်တန်တဲ့ အထိမ်းအမှတ်ပြုမှုတွေ လုပ်ကြရမယ်။ လုပ်ရဲရမယ်။ ကျောက်တိုင်တွေ စိုက်ထူရမယ်။ ဗိမာန်တွေ ဆောက်လုပ်ရမယ်။ ဒါတွေ ဘာဖြစ်လို့ လိုအပ်သလဲ။ အဲဒီလို မေးလာရင် အဖြေက ရှင်းရှင်းလေးပါ။ တော်လှန်ရေးခရီး မပြီးသေးလို့ ဆိုတဲ့အဖြေပဲ။

ကျနော်တို့ ချီတက်နေတဲ့ ခရီးရှည်ကြီးမှာ၊ အဲဒီလို သူရဲကောင်းကျောက်တိုင်တွေ၊ ဂူဗိမာန်တွေကို မြင်တိုင်းမြင်တိုင်း၊ အဲဒီဂူဗိမာန်တွေ၊ ကျောက်တိုင်တွေကို ဖြတ်သန်းတိုင်း ဖြတ်သန်းတိုင်း၊ ကျနော်တို့ရင်ထဲ အသည်းထဲမှာ ခွပ်ဒေါင်းသွေး ခွပ်ဒေါင်းစိတ်ဓာတ်တွေ အမြဲရှင်သန်ပေါက်ဖွားနေမယ်။ ကျဆုံးသူတွေရဲ့  တော်လှန်ရေးကျေးဇူးကို ကျနော်တို့ အစဉ် အောက်မေ့ သတိရနေမယ်။ တော်လှန်ရေးအပေါ်မှာ ကျနော်တို့ ထာဝရ သစ္စာစောင့်သိ ရိုသေနေမယ်။ ဒီကျောက်တိုင်၊ ဒီဂူဗိမာန်တွေဟာ ရန်သူကိုရင်ဆိုင်ဖို့ ကျနော်တို့အတွက် ခွန်အားတွေဖြစ်တယ်။

ဒီခွန်အားသစ်တွေနဲ့ ကိုဖုန်းမော်အသုဘမှာ ရဲရဲ မငိုကြွေးခဲ့ရတဲ့ အဖြစ်တွေကို ကျနော်တို့ နိဂုံးချုပ်ပစ်နိုင်ရမယ်။ ရဲရဲ ငိုကြွေးနိုင်ရုံမက၊ ရင်ထဲက နာကြည်းချက်တွေ၊ ခံပြင်းမှုတွေကိုပါ ရဲရဲ ဟစ်ကြွေး ဖော်ထုတ်နိုင်တဲ့ အခြေအနေသစ်တွေ၊ အနေအထားသစ်တွေ ဖန်တီးနိုင်ရမယ်။

ဘာ့ကြောင့် သေသူကို ရှင်သူက တ ရတာလဲ ကိုဒေါင်းကြီး…။ ဆိုပါတော့ဗျာ၊ ကျနော်တို့လို စာပေလောကသားတွေ အတွက်၊ မန္တလေးက အမေ လူထုဒေါ်အမာ အထိမ်းအမှတ် စာကြည့်တိုက်ကြီးထဲ ရောက်သွားရင်၊ အမေ့ကိုတမ်းတတဲ့ အလွမ်းအားအင်တွေ ၀င်မလာပေဘူးလား။ ရန်ကုန်၊ ရွှေပေါက္ကံက ဆရာပါရဂူသျှန်တိ နိကေတန်စာကြည့်တိုက်ကြီးထဲ ၀င်လိုက်ရင်လည်း ဆရာပါ့ ကို သတိရတဲ့ အလွမ်းအားအင်တွေ ပေါ်မလာပေဘူးလား။

ခရီးသွားရင်း ဘုတလင်မြို့ ကိုရောက်လို့၊ ဘုတလင်သင်္ချိုင်းကလေးက၊ ဆရာဦးသိန်းဖေမြင့်ကျောက်တိုင် ဂူဗိမာန်ကို အလေးပြုရရင်၊ ကျနော်တို့ရင်ထဲ “အရှေ့ ကနေ၀န်းထွက်သည့်ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ ဆိုတဲ့ ယုံကြည်မျှော်လင့်ခြင်းတွေ၊ ဧရာဝတီမြစ်ရေလို တသွင်သွင် စီးဆင်းမလာပေဘူးလား။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်ထဲ ရောက်ရင် ဇာတိသွေး ဇာတိမာန်စိတ်နဲ့ ကြက်သီးတွေ ဖိန်းဖိန်းထသလိုပါပဲ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်၊ လူငယ်ဘ၀တုန်းက ကျနော်တို့၊ ထူးအိမ်သင်တို့၊ အားငယ်တဲ့အခါ ကြံတောသင်္ချိုင်းထဲက၊ ဆရာဗန်းမော်တင်အောင်အုတ်ဂူမှာ သွားသွားထိုင်ခဲ့ကြတာ၊ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်လည် တည်ဆောက်ဖို့၊ ခွန်အားတွေ မွေးခဲ့ကြတာပဲဆိုတာ ခုနေခါ ပြန်သတိရပြီး လွမ်းမိပါတယ်ဗျာ။

အားလုံးကိုလေးစားတန်ဖိုးထားလျက် …

အောင်ဝေး

သြဂုတ် ၁-၂၀၁၁။

မူရင်း လွတ်လပ်တဲ့အာရှအသံ – www.rfa.org/burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts