သတင်းပဒေသာ

ပါရမီပျိုးခင်း သွေးလှူအသင်း၏ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲ

မိုးမခမိတ်ဆွေ (မန္တလေး)
အောက်တိုဘာ ၁၀၊ ၂၀၁၂ 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုး ရိမ်) တည်ထောင်သော ပါရမီပျိုးခင်း သွေးလှူအသင်း၏ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲကို ယနေ့ ၄ – ၁၀ – ၂၀၁၂ ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့လှေတန်းဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) နှင့် သံ ဃာတော်များ၊ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနမှ ဆရာဝန်ကြီး ဒေါ်ခင်စိန်နှင့် ဆရာဝန်များ၊ သူနာပြုများ၊ သွေးလှူရှင်များ၊ ဆေးဝါး အလှူရှင်များ၊ ပြည်လုံးအံ့ဓမ္မာရုံ ဓမ္မစကြာဝတ်အသင်းသူများ၊ မာလကာခြံရပ်ကွက်မှ ရပ်ကွက်သူ/သားများ၊ စာနယ်ဇင်းသမားများ၊ ရုပ်သံ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

သွေးလှူရန်စာရင်းပေးသူပေါင်း (၁၀၀) ကျော်ရှိပြီး သွေးအိတ်ပေါင်း (၉၇) အိတ် ရရှိခဲ့ပါသည်။ သွေးလှူရှင်များအား ဆရာတော်ဦးဝီရသူက အားဆေးတစ်ဗူး၊ VeVe ဖျော်ရည်တစ်ဗူး၊ ရေသန့်တစ်ဗူး၊ ဘောလ်ပင်တစ်ချောင်း၊ စစ်မနိုင်မြို့တော်တရား DVD နှင့် ပြည်သူ့မျက်ရည်နှင့် ခြေဆေးလိုသူတရား DVD နှစ်ချပ်လှူဒါန်းကာ ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်ဌာနမှ ဆရာဝန်ကြီးဒေါ်ခင်စိန်တို့ကလည်း အအေးဗူးအပါ အဝင် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပါသည်။ Ferovit ကုမ္ပဏီမှ Ferovit အားဆေးတစ်ကဒ်စီ လှူဒါန်းပါသည်။

ဆရာတော် ဦးဝီရသူ ထောင်မှလွတ်လာပြီးနောက် သွေးလှူပွဲကျင်းပသည်မှာ သုံးကြိမ်ရှိပြီး ၁၃.၂.၂၀၁၂ ခု ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် ကံတက်ကုန်း၊ မစိုးရိမ်တိုက်သစ်မှာ တစ်ကြိမ်၊ ၂၆.၆.၂၀၁၂ ရက်နေ့ ဆရာတော်ဦးဝီရသူ၏ (၄၄) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာတစ်ကြိမ်၊ ယခုတစ်ကြိမ်တို့ဖြစ်ပါသည်။

ပါရမီပျိုးခင်းသွေးလှူအသင်းကို ၂၀၀၃ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး၊ မန္တလေးမြို့မှာသာ မဟုတ်ဘဲ၊နယ်မြို့တောရွာများမှာပါ သွေးလှူဒါန်းပွဲ ကျင်းပရာ ၂၀၀၃ ခုနှစ် တစ်နှစ်ထဲမှာပင် သွေးအိတ်ပေါင်း (၅၀၀) ကျော်ရရှိခဲ့ကြောင်း၊ အဆိုပါ သွေးလှူအသင်းသည် ၂၀၀၄ ခုနှစ်တွင် လုံးဝရပ်နားသွားခဲ့ရပြီး ယခုနှစ်မှ ပြန်လည်လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း သိရပါသည်။

သွေးလှူဒါန်းပွဲအပြီးတွင် ဆရာတော်ဦးဝီရသူက သွေးအလှူရှင်များ၏ သွေးအလှူ (ဒါနဥပပါရမီ) ကုသိုလ်ကောင်းမှုအစုစုတွက် ရေစက်ချ အနုမောဒနာတရားချီးမြှင့်ရာ အောက်ပါသံပေါက်လေးကို ထည့်သွင်းဟောကြားသွားခဲ့ပါသည်။

မေတ္တာဖွေးလက် သွေးတစ်စက်
ပေးအပ်ခဲ့လေသော်။
ဘုရားအလောင်းဂုဏ်ရည် ပါရမီ
ရွှေပြည်နိဗ္ဗာန်ရောက်စေသော် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts