ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – 8888, The success or the failure?


>

၈ လေးလုံး ဆိုတာ အောင်ပွဲလား၊ မကြေပွဲလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၉ ၊ ၂၀၁၁
သြဂုတ်လ ၆ ရက်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ အခွင့်ရခိုက် စကားပြောဖြစ်ပါတယ်။ အဓိကအားဖြင့် ၈လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ကာလမှာ ဘယ်လိုမျိုး ရှုမြင်သုံးသပ်မည်လဲ ဆိုတာကို မေးဖြစ်ပါတယ်။ ဆရာက …
ဒီနှစ်မှာ ၈လေးလုံးနှစ်လည်အခမ်းအနားကို ကြည့်မြင်တိုင်က သာဓုကျောင်းမှာ အနှောက်အယှက်မရှိ ကျင်းပဖြစ်မယ်လို့ သိရတဲ့အတွက် ထူးခြားတယ်လို့ ပြောနိုင်တာပေါ့ကွာ။ အဲသည်တော့ ကျနော်တို့ဖက်ကလည်း ၈လေးလုံးကာလတုန်းက သတ်တာဖြတ်တာတွေကို ပြောနေတာတင်မဟုတ်တော့ဘဲနဲ့ ၈လေးလုံးအရေးတော်ပုံက ကျော်ဖြတ် ဆောင်ရွက်နိုင်မှုတွေ၊ အပြုသဘော ဖြတ်သန်းနိုင်ခဲ့မှုတွေကိုပါ ထုတ်ဖော်ပြောဆိုကြရမယ်လို့ ယူဆပါတယ်။ ၈လေးလုံးရဲ့ အောင်ပွဲတွေကို ထုတ်ဖော်ပြောဆိုမယ်၊ အပြုသဘောရှုမြင်မယ်ဆိုရင် ကျနော်တို့တတွေ ရယူဖော်ဆောင်လိုတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မယ် ဖြစ်တယ်လို့ ပြောချင်တယ်။
၈လေးလုံးအရေးတော်ပုံရဲ့ အပြုသဘောထူးခြားချက်တွေက ဘာတွေလို့ ပြောမှာလဲ ဆရာ။
အဲသည်ကာလမှာတုန်းက ကျနော်တို့က ဒီမိုကရေစီကို တောင်းဆိုတယ်။ ဒီမိုကရေစီအခြေအနေတွေကို တောင်းဆိုတယ်။ ရတာတွေရှိတယ်။ မရတာတွေ ရှိတယ်။ အနည်းဆုံးအနေနဲ့ ပါတီစုံစနစ်ကို ဦးတည်လာတယ်။ အဲသည်ကနေ ၁၉၉၀ ရွေးကောက်ပွဲ ပေါ်ထွက်လာတယ်။ ၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမခံရသော်လည်း ဒီမိုကရေစီရေးတောင်းဆိုချက်တွေရဲ့ အုတ်မြစ်တခုကို ချနိုင်ခဲ့တယ်။ မှတ်ကျောက်တခုကို တင်နိုင်ခဲ့တယ်လို့ ပြောချင်တယ်။ စစ်အာဏာရှင်အစိုးရတွေဟာ ဘယ်လိုပဲ ငြင်းဆန်ခဲ့ ငြင်းဆန်ခဲ့ ဘယ်လိုပဲလုပ်ဆောင်ချက်တွေ လုပ်နေလုပ်နေ ဒီအချိန်မှာ ဘီလူးခေါင်းကို အမြဲဆောင်းနေလို့မရတော့ဘူး။ မင်းသားခေါင်းကို ပြောင်းဆောင်းရတော့မယ် အခြေအနေကို ရောက်လာတယ်လို့ ပြောချင်တယ်။
ဒါတွေက အခု ၂၃ နှစ်ကာလမှာ ရရှိခဲ့တဲ့ အပြုသဘောရှုမြင်တာတွေပေါ့။ ဟုတ်လားဆရာ။
စစ်အာဏာရှင်တွေဟာ ၈လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်မှုတွေကို စွန့်လွှတ်စွန့်စားဆောင်ရွက်မှုတွေကို ဘီလူးခေါင်းဆောင်ပြီး အမြဲတုန့်ပြန်နေရာကနေ အခုအချိန်မှာ မင်းသားခေါင်းကို ပြောင်းဆောင်းလာရတယ်။ ဒါကို အကောင်းဖက်က ရှုမြင်တယ်။ အခုအချိန်မှာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလိုလို အရပ်သားအစိုးရလိုလို ပြောလာရတယ်။ ကြေညာလာရတယ်။ ဒါတွေဟာ ဘာပဲပြောပြော ၈လေးလုံးအရေးတော်ပုံရဲ့ အောင်မြင်မှုတွေပဲ ရလဒ်တွေပဲလို့ ကျနော်တို့က သဘောထားတယ်။  စစ်အစိုးရတပိုင်း အရပ်သားအစိုးရတပိုင်းဟာ တနေ့သောအခါမှာ ကောင်းသောအမြင်နဲ့ ပြောင်းလဲမှုတွေလုပ်လာရမယ်။ အရပ်သားအစိုးရလိုမျိုး တကယ်ကို ဆောင်ရွက်လာရမယ်။ ဒါတွေဟာ ၈လေးလုံး အရေးတော်ပုံရဲ့ အောင်မြင်မှုတွေအဖြစ် ကျနော်တို့က ရှုမြင်တယ်။
လောလောဆယ်မှာ ၈လေးလုံး အခမ်းအနားကို စစ်အာဏာပိုင်တွေရဲ့ အနှောက်အယှက် အတားအဆီးမရှိဘဲ ဆောင်ရွက်နိုင်တာကိုလည်း ကောင်းတဲ့ဖက်က မြင်တာပဲပေါ့ ဆရာ။
ဟုတ်ပါတယ်။ ၈လေးလုံးအရေးတော်ပုံကစခဲ့တဲ့ ကာလတလျောက်လုံးမှာ အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စတွေ၊ ပျက်စီးဆုံးရှုံးခဲ့တာတွေထက် ဒီမိုကရေစီစနစ်ကို ဦးတည်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ကျနော်တို့က ထင်ရှားအောင် ပြောချင်တာ။
ဥပမာတခုပြောရရင် ဂျပန်ပြည်မှာ သြဂုတ်လ ၆ ရက်နေ့မှာ အနုမြူဗုံးကျဲပြီး ဖျက်ဆီးချေမှုန်းခံခဲ့ရတယ်။ အဲသည်မှာ သူတို့က အထိမ်းအမှတ်ဗိမာန်လေးတခု ဆောက်ထားတယ်။ ရှေးဟောင်းအဆောက်အအုံ တဲလေးတခု ဆောက်ထားတယ်။ အဲသည်မှာ ကဗျာတပုဒ်ရေးထိုးထားတယ်။ ကဗျာက မြန်မာလို ဘယ်လိုလဲ ဆိုတော့ “အေးဆေးငြိမ်သက် လျောင်း၍စက်တော့၊ နောက်ဆက်အမှား ဒို့များတဖန် မကျူးလွန်တော့ …” လို့ ရေးထိုးထားတယ။်
ပြောချင်တာက အနုမြူဗုံးနဲ့ ငါတို့ကို ကြဲချလိုက်တယ်ဆိုတာ အမှားပဲ။ သို့သော် ဒီအမှားမျိုးကို ငါတို့က ပြန်တုန့်ပြန်ပြီးတော့ နောက်ဆက် အမှားတွေ ထပ်ပြီး ငါတို့က မကျူးလွန်တော့ဘူး၊ ငါတို့တိုင်းပြည် ကောင်းအောင်ထူထောင်ရေးတွေမှာ ဆက်ပြီးသာ လုပ်ကြတော့မယ်လို့ ပြောတဲ့သဘောပဲလို့ အဓိပ္ဗါယ်ဖွင့်ကြတယ်။
အမှားဆိုတာဟာ အမေရိကန်အမှားလား၊ ဂျပန်တွေရဲ့ အမှားလားဆိုပြီး အငြင်းပွားတာတွေ အစတုန်းက ဖြစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့အမှားပဲဖြစ်ဖြစ် ငါတို့ကတော့ ဒီအမှားမျိုး နောက်ထပ်မကျူးလွန်တော့ဘူးလို့ ပြောတာဖြစ်တယ်လို့ တွေးဆကြတယ်။
အခုလိုမျိုး အထိမ်းအမှတ်နေ့မှာ ကျနော်တို့ကတော့ ၈လေးလုံးအရေးတော်ပုံကြီးကနေ ကောင်းတာတွေကိုပဲ ယူဆောင် တည်ဆောက်သွားကြမယ်။ ၈လေးလုံးအရေးတော်ပုံမှာ သတ်ဖြတ် နှိပ်စက်တာတွေကို ကျနော်တို့က ပြန်လည် လက်တုန့်ပြန်တာတွေ ဒို့များတဖန် မကျူးလွန်တော့ဘူး။ နောက်ဆက်အမှားတွေလည်း မကျူးလွန်တော့ဘူးလို့ ကျနော်တို့ဖက်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ရည်ရွယ်ဦးတည်ပြီးတော့ သဘောထားမျိုးကို ပေးချင်တယ်ပေါ့ကွာ။ ကျနော်က အဲသည်လို ပြောချင်ပါတယ်။
ဟုတ်ပါပြီ။ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ၀ါဆိုသင်္ကန်းကပ်တဲ့ ဆွမ်းကျွေးမှာ ဆရာတို့က ဘယ်လိုတက်ရောက်ဆင်နွှဲကြမှာလဲ ဆရာ။
ကျနော်တို့အင်န်အယ်ဒီပါတီဝင်တွေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လူငယ်တွေအပါအ၀င် အခု ၈၈မျိုးဆက်ကျောင်းသားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ မျိုးဆက်ဟောင်း၊ မျူိးဆက်သစ်တွေ ကျင်းပကြတဲ့ သာဓုဘုန်းတော်ကြီးကျောင်းက ၀ါဆိုသင်္ကန်းကပ်နဲ့ ဆွမ်းကျွေးကို တက်ရောက်ကြမယ်။ ကျနော်တို့ဖက်ကလည်း အကောင်းဖက်က အပြုသဘောရှုမြင်ပြီးတော့ သဘောထားတွေ ထုတ်ဖော်ပြောဆိုကြမယ်လို့ ပြင်ဆင်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြောမယ်။ ကျနော်တို့ကိုလည်း ပြောပါလို့ တိုက်တွန်းထားပါတယ်။
ဟုတ်ပါပြီ။ အဲသည်မှာ လက်ရှိအခြေအနေမှာ နိုင်ငံရေးအကျဉ်းသားတွေကလည်း လွတ်မြောက်လာခြင်း မရှိသေးဘူး။ တိုင်းရင်းသားနယ်မြေတွေမှာလည်း စစ်မီးတွေ တောက်လောင်နေတယ်။ လူ့အခွင့်အရေးအာမခံချက်တွေ မရဘူး။ စတဲ့ အခြေအနေတွေကလည်း ဆက်လက်ပြီး ရှိနေသေးတယ်။ ဒါတွေကနေပြီးတော့ ကျနော်တို့တတွေက ဘယ်လိုမျိုး အကောင်းမြင်မလဲဆရာ။ အဲသည်အခြေအနေတွေဖက်က ဆရာတို့က ဘယ်လိုပြောမလဲ။
ဒီအချိန်မှာ ကျနော်အနေနဲ့ ပြောနိုင်တာကတော့ ကျနော်တို့တွေမှာ နည်းလမ်းပေါင်းမျိုးစုံနဲ့ ပြညိသူလူထုတွေ၊ တိုင်းရင်းသားတွေ အားလုံးက စွန့်လွှန့်စွန့်စားပြီးတော့၊ အနစ်နာခံပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီအုတ်မြစ်တွေ ချနေတယ်၊ တည်ဆောက်နေတယ်။ အာဏာရှင်စနစ် အမြစ်တွယ်နေမှုတွေကို ဖယ်ရှားပြီးတော့ တည်ဆောက်နေကြတာဖြစ်ပါတယ်။ တဖက်က ၈လေးလုံးအရေးတော်ပုံကြီးက ပေါ်ထွန်းလာတဲ့ အပြုသဘောတည်ဆောက် အခြေချနိုင်မှုတွေကို ပြောဆိုနေချိန်မှာလည်း အခက်အခဲတွေ ရှိနေတာကိုလည်း ကျနော်တို့တတွေက ထုတ်ဖော်ပြောဆိုလျက်ရှိတယ်။ ကျောခိုင်းသွားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ကျနော်တို့က ဒီအခြေအနေတွေကို ပစ်ပယ်ခြင်းမရှိဘဲ ကျနော်တို့တွေဆီမှာ ညီညွတ်တဲ့ သဘောထားပြည့်ဝတဲ့ အင်အားတွေကို ဆက်လက်တည်ဆောက်ပြီးတော့ တိုးချဲ့ပြီးတော့ ဆက်ပြီး သွားကြရမှာပဲ ဆိုတာကိုလည်း သဘောပေါက်ကြစေချင်ပါတယ်။ အမြဲတမ်း အဆိုးတွေမြင်ပြီးတော့ အင်အားတွေ လျော့လျော့သွားတာမျိုး နောက်ဆုတ်သွားတာမျိုး မဟုတ်ဘူး၊ ရှေ့ကို တိုးလာကြဖို့ အပြုသဘောဆန်မှုတွေကို ထုတ်ဖော်တာ ဖြစ်ပါတယ်။
ဟုတ်ပါပြီဆရာ။ သြဂုတ်လ ၈ ရက်နေ့ ၀ါဆိုသင်္ကန်းကပ်နဲ့ ဆွမ်းကျွေးမှာ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်၊ ကျောင်းသားလူငယ်တွေ၊ ၈၈ မျိုးဆက်တွေ၊ အင်န်အယ်ဒီပါတီဝင်တွေ ခေါင်းဆောင်တွေ စုစည်းညီညွတ်တဲ့ လှုပ်ရှားမှုအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဆရာ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးတွေ ဖော်ဆောင်နိုင်ဖို့၊ ဒီမိုကရေစီလူ့ဘောင်ကို ဖော်ဆောင်ဖို့ အပြုသဘောရှုမြင်မှုတွေကနေ လက်တွေ့အကောင်အထည် တကယ်ပေါ်ထွန်းလာဖို့ ကျနော်တို့လည်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts