>Maung Maung One – 23 year ago 8888 (Part 3)

>

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း ( ၃ )
မောင်မောင်ဝမ်း 
သြဂုတ် ၉၊ ၂၀၁၁
“၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ .. ရှစ်လေးလုံး အရေးတော်ပုံဆိုတာ … တပါတီ အာဏာရှင်စနစ်ကနေ .. ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်ဖို့ .. တောင်းဆိုခဲ့ကြတဲ့ .. လူထုတော်လှန်ရေးကြီး ဖြစ်တယ် .. မင်းမဲ့စရိုက်တွေနဲ့ ပရမ်းပတာဖြစ်ပျက်ခဲ့တဲ့ .. ဆူပူအရေးအခင်း မဟုတ်”
————————————————————

ခေါင်းလောင်းသံ မဆုံးခင်မှာဘဲ ကျနော်တို့ သုံးယောက်သား ကျောင်းထဲကို အပြေးဝင်သွားတယ်။ လုံခြုံရေး ဆရာတယောက်က တံခါးပိတ်မလို့ထအလာ … ဆရာက ကျနော်တို့ကိုကြည့်ပြီး ကြောင်သွားတယ် … ကျန်တဲ့ဆရာနှစ်ယောက်က ထလာပြီး ကျနော်တို့ကို လိုက်တားတယ် …

“ဟာ … ဟာ … ဘာလုပ်ကြမလို့လဲ ကလေးတို့ … ဘာလုပ်ကြမလို့လဲ…” ဆရာ့အော်သံကို ကျနော်တို့ နားစွန့်မနေနိုင်ဘူး … ကျနော်တို့ သုံးယောက်လုံး ကျောင်းအပေါ် ထပ်ပြေးတက်သွားခဲ့တယ် … ကျောင်းအုပ်ဆရာကြီးရုံး ခန်းနားရောက်တော့ … ကျောင်းအုပ်ကြီးနဲ့ ရုံးစာရေးတယောက်က မတ်တပ်ရပ်လို့် … ရုတ်တရက်ဆိုတော့ သူတို့လည်း ကြောင်သွားပုံရတယ် … ကျနော်က …

“တယ်လီဖုန်း ဘယ်မှာလဲဗျ” ဆိုတော့ … ရုံးစာရေးလုပ်တဲ့သူက လက်ညှိုး လှမ်းထိုးပြလိုက်တယ် … ကျနော် အပြေးအလွှားသွားပြီး ပါလာတဲ့ ဓားမြှောင်နဲ့ ဖုန်းကြိုးကို ဖြတ်ပစ်လိုက်တယ် … … မြို့နယ် ပညာရေးမှူးရုံးကလည်း ကျောင်းအပေါ်ထပ်မှာ … ကျနော် ပညာရေးမှူး ရုံးခန်းဆီကို တခါ အပြေးဝင်သွားတယ် … ကျနော်ဝင်သွားတော့ .. ရုံးခန်းက ဝန်ထမ်းတွေက … မတ်တပ်လေးတွေရပ်ပြီး .. ဘာလုပ်ရမှန်း မသိဘူး .. သူတို့စိတ်ထဲ .. ဘာတွေဖြစ်နေတာလဲကို မသိတာ … စောစောကလိုပဲ ဖုန်းကိုလိုက်ရှာပြီး ကြိုးကိုဖြတ်ပစ်လိုက်တယ် … အဲဒီအချိန်မှာ .. သက်နိုင်နဲ့ ကျော်ဆန်းဦးက ကျောင်းဆောင်အပေါ်ထပ် ဆရာ၊ ဆရာမများ နားနေရာအခန်းမှာ .. တရားတွေဟောလို့ …

“ဆရာ၊ ဆရာမတို့ခင်ဗျား … အခုချိန်ကစလို့ .. ကျနော်တို့ လူထုတော်လှန်ရေးကြီး စပါပြီ … ဆရာတို့ ဆရာမတို့ဟာ ကျနော်တို့ ဆရာတွေပါ .. အားတော့နာပါတယ် … ဒါပေမယ့် … ဆင်းရဲတွင်းနက်နေတဲ့ … ပြည်သူလူထုကြီးအတွက် လုပ်သင့်လုပ်ထိုက်တာဖြစ်လို့ .. ကျနော်တို့ကို နားလည်ပေးပါ….” ကျော်ဆန်းဦးက လက်သီးလက်မောင်းတန်းပြီး တရားဟောနေတော့ … ဆရာ ဆရာမတွေလည်း ဘာမှပြန်မပြောကြဘူး .. ငုတ်တုတ်လေးတွေထိုင်ပြီး .. ကျနော်တို့ကို ကြောင်စီစီလေးတွေ ကြည့်နေကြတယ် … ကျနော်က ကျောင်းအောက်ကို တချက်လှမ်းကြည့်လိုက်တော့ ကျောင်းရှေ့ကွင်းပြင်လယ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုကံတင်နဲ့ ကျော်စွာတို့အုပ်စုက ခွပ်ဒေါင်းအလံကို လွင့်ပြီးကြွေးကြော်သံတွေတိုင်လို့ …
တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး … တို့အရေး … တို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး … တို့အရေး … တို့အရေး
ဒီမိုကရေစီရရှိရေး … တို့အရေး … တို့အရေး
အရေးတော်ပုံ … အောင်ရမည် … အောင်ရမည်
ဒါပေမယ့် ကျောင်းသား အင်အားက ဘာမှမရှိဘူး … ကွင်းပြင်လည်မှာ အယောက်နှစ်ဆယ် လောက် ငုတ်စုစုလေး အော်နေကြတာ … ကျနော် တော်တော် အားငယ်သွားတယ် … ဒါနဲ့ ကျနော်တို့ ကျောင်းအောင်ထပ်ကို ပြန်ဆင်းလာကြပြီး … စာသင်ခန်းထဲကိုဝင်တယ် … ကျောင်းသားတွေ ကိုဝင်ပြီး တရားဟောတယ် … တခြားအဆောင်တွေမှာလည်း … ကျနော်တို့ ရဲဘော်တွေက .. စာသင်ခန်းတွေထဲဝင် .. ကျောင်းသားတွေကို ကွင်းလည်ထွက်ခဲ့ဖို့ ပြောတယ် … ဒါပေမယ့် ကျောင်းသားတွေက ကြောက်နေကြပြီး ဘယ်သူမှထွက်မလာဘူး … ကျောင်းရှေ့ကိုလှမ်းကြည့်လိုက်တော့ … ကျော်လင်းတို့ အုပ်စုက တံခါးမကြီးကို သူတို့ယူလာတဲ့ သံကြိုးတွေနဲ့ချည်ပြီး ပိတ်ထားလိုက်တယ် … တံခါးမကြီးရဲ့ တဖက် ကျောင်းဝန်းအပြင်ဘက်မတော့ … အစုလိုက်အပြုံ လိုက်လူထုကြီး … နောက်မှသိရတာက … ကျနော်တို့သတ်မှတ်ထားတဲ့ အချိန်ကိုက်နာရီကို ရောက်တာနဲ့တပြိုင်နက်ထဲ … မြို့ထဲမှာ တာဝန်ယူထားတဲ့သူတွေက … သတင်းစကားတွေကို လိုက်ဖြန့်ကြတယ် … ဖြစ်ချင်တော့ … ကျနော်တို့ထဲကတယောက်ဖြစ်တဲ့ မြင့်ငွေ (ယခု NDF ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) က လမ်းတလျှောက် အော်ပြေးတယ်လေ …
“အထက ၁ မှာ သူပုန်တွေ ဝင်စီးလို့ဗျို့ … အထက ၁ မှာ သူပုန်တွေ ဝင်စီးနေပြီ” ဆိုတော့ … မြို့နေလူထုက ထိတ်လန့်သွားပြီး .. သူတို့သားသမီးတွေရှိရာ ကျောင်းဆီကို တဟုန်ထိုး ရောက်လာကြတယ် … ကျောင်းဝန်းပြင်ပမှာသာ လူထုကြီးက ရောက်နေတာ … ကျောင်းဝန်းအတွင်းမှာက ဘာမှမရှိသလောက်နီးပါး … ကျနော်တို့ စိတ်ဓာတ် တော်တော်ကျသွားကြတယ် … ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး … ပြာယာခတ်နေကြပြီ … သက်နိုင်က ကျနော့်ကိုကြည့်ပြီး .. မျက်နှာ အမူအရာနဲ့ … ဘာဆက်လုပ်ကြမလဲပေါ့ … … ကျနော့်ခေါင်းထဲ အကြံတခုဝင်လာတယ် … ဘာမှ ပြောမနေတော့ဘူး … ကျောင်းအပေါ်ထပ်ကို ပြေးတက်သွားပြီး .. ခေါင်းလောင်းရှိရာကို သွားတယ် … ပြီးတော့ .. ခေါင်းလောင်းကို အဆက်မပြတ်တီးတော့ … ကျောင်းအုပ်ဆရာကြီးက ကြောင်ပြီး ကြည့်နေတယ် … စာသင်ခန်းတွေဆီက ကျောင်းသားတွေက .. တကယ် ကျောင်းဆင်းတယ်ထင်ပြီး အကုန်ထွက်လာကြတယ် … အဲဒီအခါကြမှ ကျောင်းသားတွေက ကွင်းလယ်ကို စုရုံးရောက်ရှိလာပြီး .. ကျနော်တို့ လူတွေနဲ့ပေါင်း စည်းမိသွားတော့တယ် … ခွပ်ဒေါင်းအလံတော်ကို ရှေ့က ငွားငွားစွင့်စွင့် ကိုင်သူကကိုင်နဲ့ စနစ်တကျ တန်းဆီထွက်ဖို့ လိုက်ပြောအပြီးမှတော့ ငါးရောက်တွဲ တန်းစီပြီး ကျောင်းထဲက နေထွက်လာတော့တယ် … ကျောင်းဝန်းအပြင်က စောင့်ကြည့်နေကြတဲ့လူထုကြီးက အဲဒီအခါကြမှ သဘောပေါက်တယ်ထင်ပါရဲ့ .. လက်ခုပ်သံတွေ .. မိုးထိယံနေအောင်တီးလို့ အားပေးကြရင်း သူတို့ပါ စီတန်းဆန္ဒပြတဲ့ထဲမှာ ပါလာကြတယ်လေ။ … ဘေးမှာရှိတဲ့ ကျောင်းသားတယောက်က ကျနော့်ကို လက်ကိုင်ပုဝါတထည် လှမ်းကမ်းတယ် … သူကိုယ်တိုင်လည်း မျက်နှာမှာစည်းထားတော့ … စိတ်ထဲမှာ .. သူ့များ ဒီလိုလုပ်ရမယ်လို့ ဘယ်သူကများ ပြောထားပါလိမ့်ပေါ့ … ဒီလိုနဲ့ နေရာတနေရာအရောက်မှာ ပထမဆုံး လူထုနိုင်ငံရေးတရားပွဲ စကျင်းပတယ် … လူတွေက စားပွဲခုံတလုံးထုတ်ပေးတော့ .. ကျနော်က အဲဒီအပေါ်တက် .. ဦးထုတ်အမဲတလုံးကိုလည်း ခေါင်းမှာဆောင်း … လက်ကိုင်ပုဝါကိုလည်း .. မျက်နှာမှာ စည်းထားရင်း (ရုပ်ဖျက်တာ) နိုင်ငံရေးတရားတွေကို အားနဲ့မာန်နဲ့ ဟောတာပေါ့။
“ပြည်သူလူထုကြီးခင်ဗျား … ကျနော်တို့ဟာ တက္ကသိုလ်ကျောင်းသားတွေပါ … အခုဒီနေ့ကစလို့ ကျနော်တို့တတွေ ဦးဆောင်မှုနဲ့ … တပါတီအာဏာရှင် မဆလအစိုးရ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ) ကို လူထုအုံကြွမှုနဲ့ တော်လှန်လိုက်ပါပြီ … …”
“ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း …” လူထုကြီးရဲ့လက်ခုပ်သံတွေ ထွက်ပေါ်လာတယ် …
“ဘာလို့တော်လှန်ရသလဲဆိုရင် ပြည်သူလူထုကြီးသိတဲ့အတိုင်းပဲ .. ကျနော်တို့နိုင်ငံဟာ ဆင်းရဲတွင်း နက်သထက်နက်လို့ နေပါပြီ … ဒါ ဘယ်သူ့ကြောင့် ဒီလိုဖြစ်နေတယ်လို့ ထင်ပါသလဲ … …
“ခွေးသူတောင်းစား အစိုးရကြောင့် … … ဒီ ပါတီ၊ ကောင်စီတွေကြောင့် …”
“ဟုတ်တယ် … လက်ရှိအစိုးရကြောင့်၊ ဒါ့ကြောင့် ဒီအစိုးရကို ကျနော်တို့အားလုံး ဖြုတ်ချပစ်ရမယ် … ဒီမိုကရေစီစနစ်ကို ထူထောင်ရမယ် … … အားလုံး သဘောတူပါသလား ခင်ဗျား …”
“တူပါတယ် … တူပါတယ် … တူပါတယ်..”
“ကျနော်ပြောချင်တာ ဒီလောက်ပါပဲ … ကျနော်တို့လူထုကြီး ဆက်လက်ပြီး စီတန်းလှည့်လည်ရင်း ဆန္ဒတွေကို ထုတ်ဖော်ကြမယ် .. ကျနော်တို့နဲ့အတူ လိုက်ခဲ့ကြပါ ..”
“လိုက်မယ် … လိုက်မယ် … ဖြောင်း … ဖြောင်း … ဖြောင်း … ဟေ့ ဒါမှ … တို့ရွာသစ်သား … မောင်မောင်ဝမ်းကွ .. ရွာသစ်သားကွ …”
ဟာ သွားပြီ .. ကျနော် တော်တော်ရီချင်သွားတယ် … ရွာသစ်ဆိုတာ ကျနော်နေတဲ့ရပ်ကွက် ကျနော်က မသိအောင် ရုပ်ဖျက်ထားကာမှ .. ကျနော့်နာမည်ကို ထုတ်အော်နေကြတော့ .. မထူးတော့ပါဘူး .. မျက်နှာမှာစည်းထားတဲ့ လက်ကိုင်ပုဝါရော၊ ဦးထုတ်ရော ဆွဲချွတ်ပစ်လိုက်တယ် … လူအုပ်ကြီးက များသထက် များလာပြီ … ကျောင်းသားတယောက်က ကြွေးကြော်သံရှေ့ကတိုင် ပေးတယ် … …
“တပါတီအာဏာရှင် မဆလအစိုးရ ဖြုတ်ချရေး … တို့အရေး … တို့အရေး”
“ဒီမိုကရေစီရရှိရေး … တို့အရေး … တို့အရေး”
“ကျောင်းသား ကုလသမဂ္ဂဖွဲ့စည်းရေး … တို့အရေး … တို့အရေး”
“အရေးတော်ပုံ … အောင်ရမည် … အောင်ရမည်”
ဟာ သွားပြီ … ကျနော် အပြေးအလွှား လှမ်းပြောလိုက်ပေမယ့် မမီလိုက်တော့ … ဘယ်နဲ့ .. ကျောင်းသား ကုလသမဂ္ဂရမှာလည်း ကျောင်းသားသမဂ္ဂ … ကျောင်းသားသမဂ္ဂ … ကျနော်က သူ့ကို ရှင်းပြလိုက်တော့မှ …
“ဟုတ်လား အကို … ကျနော်က ကျောင်းသား ကုလသမဂ္ဂထင်နေတာ … ကျနော် ပြန်ပြင်အော်ပါ့မယ် …”
လမ်းဘေးတလျှောက်မှာလည်း အားပေးနေကြတဲ့ လူထုပရိတ်ဿတ်ကြီးက အားရစရာ … ရေတိုက်သူက တိုက် .. မုန့်တွေပေးသူက ပေး … လက်ခုပ်တီးသူက တီး … ဒီလိုနဲ့ မြို့ထဲတနေရာရောက်တော့ …
“ကုလားဗလီ မီးရှို့ကြမယ်ဟေ့ … ကုလားတွေ လိုက်ရိုက် … ကုလားဆိုင်တွေ ဖျက်ကြ …” ဆိုတဲ့အသံတွေက စူးထွက်လာတယ်။ လူတွေအားလုံး စနစ်တကျ စီတန်းလှည့်လည်လာရာက ဝရုန်းသုံးကားတွေ ဖြစ်ကုန်ကြတယ် … ဒါနဲ့ ကျနော်က ကျောင်းသားတွေအားလုံးကို အပြေးအလွှား လိုက်ခေါ်ပြီး မွတ်စလင်ဗလီ သွားရာလမ်းသွယ်ထိပ်ကနေ တယောက်ကိုတယောက် လက်ခြင်းယှက် ပိတ်ထားလိုက်တယ် … စားပွဲခုံတလုံးကို အမြန်ယူခိုင်းပြီး ခုံပေါ်တက် စကားပြောရပြန်တော့တယ် … …
“ပြည်သူလူထုကြီး ခင်ဗျား … ကျနော်တို့တတွေဟာ .. ဘာသာရေးဆန့်ကျင်မှုအတွက် အခုလို ဆန္ဒပြပွဲကိုဖော်ဆောင်နေတာ မဟုတ်ပါဘူး … ကျနော်တို့ဟာ .. လက်ရှိ တပါတီအာဏာရှင် မဆလ အစိုးရကို ဆန့်ကျင်တော်လှန်နေတာပါ … ဒါ့ကြောင့် အခုလို … မွတ်စလင် ဗလီများကို ဖျက်စီးဖို့ဆိုတဲ့ ကိစ္စကိုမပြုလုပ်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ် … အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ ကိစ္စတွေ အာရုံအလှည့်အပြောင်း ဖြစ်သွားအောင် … လူမျိုးရေး အဓိကရုဏ်းတွေကို ဖန်တီးလေ့ရှိပါတယ် … တကယ်လို့ ကျနော်တို့အားလုံးက ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်း ကို ပြုလုပ်လိုက်မယ်ဆို … အစိုးရကြိုက်ဖြစ်သွားပါလိမ့်မယ် … အစိုးရအကြိုက် အဖြစ်ခံတော့မှာလား”
“အဖြစ်မခံနိုင်ဘူး … ဒီခွေးသားတွေ အကြိုက်အဖြစ်မခံနိုင်ဘူး … ဆက်ချီတက်ကြမယ်”
လက်ခုပ်တွေကို တဖြောင်းဖြောင်းတီးရင်း ဆက်ချီတက်ခဲ့ကြတယ် … … မြို့မြောက်ဖျားဘက် ရောက်သည့်တိုင်အောင် လူထုဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ကြတယ် .. တခါမြို့ထဲဘက်ကို ပြန်လှည့်လာခဲ့တယ် … ကျနော်တို့အားလုံးက သပိတ်စခန်း အမာခံထိုင်မဲ့ နေရာကို လျှို့ဝှက်ထားတယ် … တကယ်လို့ ဒီလိုမလုပ်ဘဲ ကြိုတင်ကြေငြာလိုက်မယ်ဆို .. အာဏာပိုင်တွေက လက်နက်ကိုင်တွေနဲ့ စီးစောင့်နေမှာကို ကာကွယ်ထားတဲ့သဘောပါ။
 

သပိတ်စခန်း အမာခံထိုင်မယ့်နေရာက မြို့လယ်နားမှာရှိတဲ့ .. လည်ပေါ် (လယ်ပေါ်) သာသနာ့ဗိမ္ဗာန် … ဒီနေရာက သမိုင်းရှိခဲ့တဲ့နေရာ … တို့ဗမာအစည်းအရုံးကြီး ပြည်လုံးကျွတ် ညီလာခံ ကျင်းပခဲ့တဲ့နေရာ … ဗိမ္ဗာန်ကြီးကလည်း တော်တော်ကြီးတယ် … ဘေးပတ်လည်ကလည်း ရပ်ကွက်တွေ အိမ်တွေဝန်းရံထားတော့ … လက်နက်ကိုင်တွေ တော်ရုံဝင်ဖို့မလွယ်ဘူး။

လည်ပေါ် သာသနာ့ဗိမ္ဗာန်ကို ဝင်မယ့်လမ်းသွယ်ထိပ်ကို ဆန္ဒပြလူအုပ်ကြီး ရောက်တယ်ဆိုရင်ပဲ … ကျောင်းသားတွေအားလုံးက လမ်းကြောင်းပေးလိုက်ကြတယ် … အဲဒီ့နေရာမှာ အမာခံသပိတ်စခန်း ထိုင်မယ်ဆိုတဲ့ သတင်းကိုလည်း အားလုံးသိအောင် ဖြန့်ဝေလိုက်တယ် … … သာသနာ့ဗိမ္ဗာန်ထဲကို လူထုကြီးရောက်တော့ … တော်တော် မောနေကြပြီ … မြို့တပတ်ဆိုတာ နည်းတဲ့အကွာဝေးမှ မဟုတ်တာ … ရပ်ကွက်ထဲမှာရှိတဲ့သူတွေက သောက်ဖို့ .. ရေတွေကို ပလပ်စတစ်ပုံးတွေ .. ရေအိုးတွေနဲ့ အဆက်မပြတ် သယ်လာရင်း … လာတိုက်ကြတယ်… ခဏနေတော့ လူထုထဲကပဲ သူတို့ဖာသာသူတို့ မိုက်ကရိုဖုန်းတွေ၊ လော်စပီကာတွေ သယ်လာကြတယ် … မမောနိုင် မပမ်းနိုင် အသံချဲ့ စက်တွေဆင် .. နေရာတွေချပေါ့ … လူစုမခွဲဖို့ ကျောင်းသားတွေက မေတ္တာရပ်ခံထားတော့ … လူအုပ်ကြီးက ကွဲမသွားဘူး … ဒီလိုနဲ့ … နေ့လည်(၁)နာရီလောက်ကနေ .. သာသနာ့ဗိမ္ဗာန်ထဲမှာ .. အထိုင်သပိတ်စခန်း … နိုင်ငံရေး တရားပွဲကို ကျင်းပကြတော့ … တယောက်ပြီးတယောက် စင်ပေါ်တက် ပြောတော့တာပဲ … လူထုရဲ့ ရင်ဖွင့်သံ အသီးသီးကို ကြားနေရပြီ …
“ကျမမှာ သားသမီး ၅ ယောက် ရှိပါတယ် … ယောက်ျားဆုံးသွားတာ … ၁၂ နှစ်လောက်ရှိပါပြီ .. ကျမ က အကြော်ရောင်းပြီး သားသမီးတွေကိုဘ စောင့်ရှောက်လာခဲ့တာ .. ကျမမှာ ဝင်ငွေနဲ့ … ထွက်ငွေ မလောက်ပါဘူးရှင် … မနှစ်က သမီးအငယ်ဆုံးလေး ဖျားလို့ ဆေးရုံသွားပို့တာ … ကျမတို့မှာ .. ဆေးကုစရာ ပိုက်ဆံကလည်း မရှိ .. ဘယ်သူကို အားကိုးရမှန်းလည်း မသိ … သောကတွေ ဝေခဲ့ရပါတယ် … ဒါပေမယ့် .. ကျမ သမီးလေး အသက်မရှင်ရှာပါဘူး … ဒီဘဝမှာ ကျမတို့မိသားစု ဘယ်သူ့ကို အားကိုးရတော့မှာလဲ … ဟီး … ဟီး” ချုံးပွဲချငိုကြွေးရင်း ရင်ဖွင့်သွားတဲ့ အမျိုးသမီးတဦးရဲ့ခံစားမှု
“အလုပ်လုပ်တိုင်းသာ ချမ်းသာရစတမ်းဆို … ကျုပ်ချမ်းသာတာကြာပြီဗျ … ကျုပ်က ဆိုက်ကား နင်းတယ် … အားတဲ့အချိန်ဝါသနာပါတဲ့…စာလေးပေလေးဖတ်တယ်…..ကျုပ်ရဲ့အလုပ်လုပ်ချိန်ဟာတနေ့ကို၁၀နာရီလောက်ရှိတယ်….တနေ့တနေ့စားဘို့ကိုမနည်းရုန်းကန်နေရတယ်…ဒါတောင် မတ်တပ်စာပဲရှိသေးတယ်နော် …တုန်းလုံးစာ… (နေထိုင်မကောင်းလို့ဆေးကုသရမဲ့စရိတ်)တပြားမှမရှိဘူး…နေမကောင်းလို့ဆေးရုံသွားမယ်…ဘယ်မှာလည်း ဆေး…အလုပ်မလုပ်နိုင်လို့..စားစရာမရှိရင်..ဘယ်သူကလာကြွေးမှာလည်း…ဒီစနစ်ဆိုးကြီးကိုကျုပ်မကြိုက်ဘူး ဗျာ…အားလုံးတော်လှန်ပစ်ကြမယ်….
ဒီလိုနဲ့ညနေနည်းနည်းစောင်းသွားတော့….စီတန်းလှည့်လည်ဆန္ဒပြပွဲကိုဆက်လို့ဖို့..ဆုံးဖြတ်လိုက်တယ်…ကျနော်ကတချို့လူတွေကိုမေတ္တာရပ်ခံပြီးသပိတ်စခမ်းမှာစောင့်ကျန်ရစ်ခဲ့တယ်…ဘာလို့လည်းဆိုတော့… လူတွေအားလုံးထွက်ခွာသွားတဲ့အခါ….အာဏာပိုင်တွေက…သပိတ်စခမ်းကိုဝင်သိမ်းသွားမှာကိုလည်းစိုးရိမ်ရ သေးတယ်….ကျန်တဲ့ကျောင်းသားတွေခေါင်းဆောင်ပြီး…လူထုဆန္ဒပြပွဲကိုဆက်လက်လုပ်ဆောင်ခဲ့တယ်…..ညနေ၆နာရီလောက်လည်းရောက်ရော…သတင်းဆိုးတခုက၀င်လာတယ်…ဆန္ဒပြပွဲကိုအာဏာပိုင်တွေကဖြိုခွင်းနေ ပြီ….အခုဆန္ဒပြသမားတွေ..ပိတ်မိနေပြီ…သေနပ်နဲ့လည်းပစ်တာ…တယောက်သေသွားတယ်လို့ကြားတယ်….ကျနော်တော်တော်စိုးရိမ်သွားတယ်…စိတ်တွေလည်းအရမ်းလှုတ်ရှားနေပြီ…မတတ်နိုင်ဘူး…ကျန်ရစ်ခဲ့တဲ့သူတွေကိုဦးဆောင်ပြီးနောက်ကနေလိုက်သွားခဲ့တယ်…မြို့ထဲတလျှောက်မှာလည်း..လူထုကိုလှုံ့ဆော်ရင်း…ပိတ်မိနေတဲ့နေရာဆီချီတက်လာတော့…တနေရာအရောက်မှာ…လူတွေက၀ိုင်းတားတယ်…ရှေ့ဆက်မသွားနဲ့ပစ်လိမ့်မယ်…အကြောင်းမဲ့အသေမခံကြပါနဲ့…သပိတ်စခမ်းမကျအောင်သာကာကွယ်ကြအောင်ပါ…ဆိုတော့ ကျနော်တို့နောက်ကြောင်းပြန်လှည့်လာခဲ့ကြတယ်…ရွှေဘုံသာရပ်ကွက်နေ..ဖိုးချိုဆိုတဲ့သူသေနပ်နဲ့အပစ်ခံရတာ ပွဲချင်းပြီးသေသွားတယ်…သုံးဦးလောက်ဒဏ်ရာရတယ်…လူထုကြီးက..အာဏာပိုင်တွေစီးလာတဲ့ကားကို အတင်းလုယူပြီးမီးရှို့ပစ်လိုက်ကြတယ်…လူအုပ်ကြီးကယူကြုံးမရဖြစ်နေပြီ်…ဒေါသတွေပေါက်ကွဲနေပြီ…ဒါပေမဲ့အမာခံသပိတ်စခမ်းကိုတော့မကျရအောင်ပြန်လှည့်ကာကွယ်ဘို့ပြန်လာရာကနေ..ရဲစခမ်းတခုရှေ့လည်းရောက်ရော…လူအုပ်ကြီးကရဲစခမ်းဝန်းထဲက..အဆောက်တဦတခုကိုမီးရှို့ပစ်လိုက်တယ်လေ…လူအုပ်ကြီးကိုကျနော်တို့မထိန်းနိုင်တော့ဘူး…..ဘာတတ်နိုင်မှာလည်း…ကျနော်တို့ဘယ်လိုမှမတားဆီးနိုင်တော့ဘူး….
ညဘက်၈နာရီသတင်းမှာတော့…ဆူပူအကြမ်းဖက်ဆန္ဒပြသူလူတစုကကားကိုမီးနဲ့ရှို့လို့သေနပ်နဲ့ပြန် လည်ပစ်ခတ်တာလူတဦးသေဆုံးသွားတယ်ဆိုတာပါလာတယ်…ကျနော်တို့တတွေဒေါသထွက်လိုက်တာမပြောပါနဲ့..တကယ်က..သေနပ်နဲ့ပစ်တာ..လူတဦးသေလို့…လူထုကကားကိုမီးနဲ့ရှို့လိုက်တာ…ပြောင်းပြန်ကျေငြာသွားတယ်…အစိုးရရဲ့မသမာမှု့နဲ့လိမ်ညာမှု့ကိုအားလုံးကသဘောပေါက်သွားကြပြီ…..အဲဒီနေ့ကလူတွေတော်တော် များများဒေါသတွေထွက်ကြတယ်…ကျေကွဲကြတယ်…ဘာပဲဖြစ်ဖြစ်သပိတ်စခမ်းကိုအာဏာပိုင်တွေဝင်မစီးနင်း နိုင်အောင်တော့ကာကွယ်ရမယ်….သပိတ်စခမ်းတည်ရှိရာ..ဆုံတိုက်ရပ်ကွက်သူရပ်ကွက်သားတွေအပါဝင် လူတွေက နိုးနိုးကြားကြားနဲ့ဝိုင်းဝန်းကာကွယ်ကြတယ်လေ…
အပိုင်း ( ၄ ) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts