>Peace & Politics – Danger to the country – Tu Maung Nyo

>

ငြိမ်းချမ်းရေး နှင့် နိုင်ငံရေး သည် အန္တရာယ်လော
တူမောင်ညို
သြဂုတ် ၉၊ ၂၀၁၁
            ဦးကျော်ဆန်းနဲ့ ဦးအောင်ကြည်။ နှစ်ယောက်စလုံး စစ်တပ်ကလာသူတွေဖြစ်တယ်။
ဦးကျော်ဆန်းက (ဗိုလ်မှူးချုပ်)၊ ဦးအောင်ကြည်က (ဗိုလ်ချုပ်)။ လိုအပ်ချက်တွေရှိလာတဲ့အခါ ဦးကျော်ဆန်း (နအဖ) ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင်။ ဦးအောင်ကြည် က ဆက်ဆံရေးဝန်ကြီး(ဆက်သား) ဖြစ်လာတယ်။ဒါက (နအဖ) စစ် အစိုးရလက်ထက်မှာဖြစ်ပါတယ်။
          သမ္မတဦးသိန်းစိန်အစိုးရ မှာလည်း ၂ ယောက်စလုံးဟာ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ။ ဝန်ကြီးဌာန ၂ ခုစီကို တွဲကိုင် ထားကြရတာခြင်းလည်းတူပြန်တယ်။ ဦးအောင်ကြည်က “ဆက်သား” ဖြစ်မြဲဖြစ်ဆဲ။
သူတို့ချင်းမတူတာဘာလဲ။
          သူတို့ချင်း မတူတာကို ဦးကျော်ဆန်းပြောတဲ့အချက်တွေက ဖေါ်ပြနေတယ်။
          ဦးကျော်ဆန်းပြောသလို ၊ ဦးအောင်ကြည်ပြောခွင့်မရှိဘူး။
          ဦးကျော်ဆန်းပြောတဲ့ကိစ္စတွေက ပေါ်လစီဆိုင်ရာကိစ္စတွေဖြစ်တယ်။ သော့ချက်ကိစ္စတွေဖြစ်တယ်။
          “ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကိစ္စ၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ” တွေဖြစ်တယ်။ သူပြောသမျှက သမ္မတအကြံပေးတွေပြောသလို သိုးကာသီကာ၊ ဝေ့ကာဝိုက်ကာပြောနေတာမျိုးမဟုတ်ဘူး။ အခိုင်အမာပြောတာ။ အတိအကျပြောတာတွေဖြစ်တယ်။
          ဒီတော့ ဒီလိုတွေးလို့ရတယ်။ (နအဖ)၏ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ကို ဖျက်လိုက်ပေမယ့် ခေါင်းဆောင်ဦးကျော်ဆန်း ကတော့ ပြောရေးဆိုခွင့်ရှိနေဆဲဘဲ။
ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအန္တရာယ်
          ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အတူ သြဂုတ်လ (၆)ရက်၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက  ဒီလိုပြောပါတယ်။
 “ယနေ့နိုင်ငံတော်၌ သဘာဝဘေးအန္တရာယ်ရှိသကဲ့သို့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအန္တရာယ်များလည်း ရှိနေပါကြောင်း ”  တဲ့။
ဦးကျော်ဆန်းရဲ့ ဒီလိုပြောဆိုချက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ “ဇူလိုင် (၂၈) ရက်၊ သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့် ပေးစာ” နဲ့ သြဂုတ်လ (၃) ရက်နေ့ကထုတ်ပြန်တဲ့ “ညီနောင်တိုင်းရင်းသား၅ ပါတီ၊ သဘောထားကြေညာချက်အမှတ်(၄/၂၀၁၁) ” တို့ ထုတ်ပြန်ပြီးတဲ့ နောက်မှာ ပြောဆိုတာဖြစ်ပါတယ်။ ဒါတွေကို ရည်ရွယ်တုန့်ပြန်လေသလား။
 “ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး” က အန္တရာယ်လား။
          ငြိမ်းချမ်းရေးကိုယ်၌က အန္တရာယ်လား၊ ငြိမ်းချမ်းရေးတောင်းဆိုမှုက အန္တရာယ်လား၊ ငြိမ်းချမ်းရေးတောင်းဆိုတဲ့သူတွေက အန္တရာယ်လား။ ထိုနည်းတူပဲ နိုင်ငံရေးဆိုတာ အန္တရာယ်လား၊ နိုင်ငံရေးလှုပ်ရှားမှုက အန္တရာယ်လား၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွေက အန္တရာယ်လား။
ဒီကနေ့ ပြည်တွင်းပြည်ပကနေ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးတောင်းဆိုလှုပ်ရှားမှုတွေဟာ အန္တရာယ်လား။
သဘာဝဘေးအန္တရာယ်၊ ပြည်တွင်းပြည်ပအန္တရာယ်၊ မြေပေါ်မြေအောက်အန္တရာယ်၊ အန္တရာယ်တွေများလှပါ ပေါ့ကွယ်လို့ လက်ရှိအစိုးရအဖို့ ဆိုရတော့မယ်ထင်တယ်။  
လက်ရှိအစိုးရအတွက် “ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး”က အန္တရာယ်ဖြစ်နေသလား။ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ထောင် ကျော်ကို လွှတ်မပေးဝံ့တာလား။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် သြဂုတ်လ ၂၂ လွှတ်တော် အစည်းအဝေးတွေမှာ ဒီကိစ္စမေးစေချင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၄၀)
အဖွဲ့ကြီး (၁၇) ဖွဲ့လို့ပြောနေရာကနေ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၄၀)” လို့ပြောပြန်ပါတယ်။ ဒီလို အဖွဲ့ (၄၀) ဖြစ်လာတာ  (နဝတ-နအဖ) စစ်အစိုးရရဲ့ “နယ်စပ်ဒေသဖွံ့ဖြိုးရေးပေါ်လစီ” အောက်မှာဖြစ်လာတာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကွဲအက်မှုခွဲထွက်မှုတွေဟာ (နဝတ-နအဖ) စစ်အစိုးရ ခေတ်မှာအများဆုံး ဖြစ်ပွားခဲ့ရတာပါ။ ကွဲ အက်လာအောင်/ ခွဲထွက်လာအောင်လည်းနည်းမျိုးစုံသုံးခဲ့တယ်။ ခွဲထွက်လာသမျှကိုလည်း သီးခြားအဖွဲ့တစ်ခုအဖြစ် လက်ခံခဲ့တယ် မဟုတ်လား။
“ယာယီငြိမ်းချမ်းရေး”လို့တော့ဝန်ခံတယ်။ အဲဒီယာယီက နှစ် ၂၀ ကျော်ခဲ့ပြီ။ ယာယီငြိမ်းချမ်းရေးကနေ “ထာဝရ ငြိမ်းချမ်း ရေး” အထိ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့များ ရရှိခဲ့ပါသလဲ။ “ယာယီငြိမ်းချမ်းရေး မှ ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက် ရန်အတွက် သတ်မှတ်ချက်များ” ရှိတယ်လို့ဆိုပါတယ်။
“ထာဝရငြိမ်းချမ်းရေး”ဆိုတာ မူလအဖွဲ့အစည်းကိုဖျက်သိမ်းပြီး အကြွင်းမဲ့လက်နက်ချရတာ ကိုပြောတာလား။
(MTA) ဘိန်းဘုရင်ခွန်ဆာနဲ့ရခဲ့တာ ထာဝရငြိမ်းချမ်းရေးလား။
(BGF) နယ်ခြားစောင့်တပ်ဖွဲ့စည်းတာလက်ခံမှ ထာဝရငြိမ်ချမ်းရေးလား။
“မည်သည့် ခေတ်ကာလကမျှ မရရှိခဲ့သည့် တည်ငြိမ်အေးချမ်းမှု” ဆိုတာ ဘာကိုပြောတာလဲ။
          “အဖွဲ့ (၅) ဖွဲ့အနေဖြင့် လိုက်နာဆောင်ရွက်မှု မရှိခဲ့ပါကြောင်း”တဲ့ ဘယ်အဖွဲ့တွေကိုရည်ညွန်းတာလဲ။
အမှန်ကန်ဆုံးနှင့်အန္တရာယ်အကင်းဆုံးလမ်း    
          “ထို့အပြင်ပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား အမျိုးမျိုးဝေဖန်လျက် မမှန် မကန်စွပ်စွဲပြောဆိုလှုံ့ဆော်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားကြရမှာဖြစ်ပါကြောင်း ဤနည်းလမ်းသည်သာ နိုင်ငံတော် နှင့်ပြည်သူ များအတွက် အမှန်ကန်ဆုံးနှင့်အန္တရာယ်အကင်းဆုံးလမ်းဖြစ်ပါကြောင်း” တဲ့။
          ပြည်ပအဖွဲ့အစည်းတွေတော့ထားပါတော့။
ပြည်တွင်းကအဖွဲ့အစည်းတွေဆိုတာဘယ်အဖွဲ့အစည်းတွေကိုပြောတာပါလိမ့်။
(NLD)ကိုတော့လက်ရှိအစိုးရက “ဖျက်သိမ်းပြီး” လို့ဆိုနေလေတော့ ဒီရည်ညွန်းချက်ထဲ ပါ/မပါ မသိနိုင်ပါဘူး။
“အမှန်ကန်ဆုံးနှင့် အန္တရာယ်အကင်းဆုံးလမ်း” ဆိုတာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရေးနဲ့ နာခံရေးသာဖြစ်တယ်။
ကျနော့်အနေနဲ့ အသေအချာပြောနိုင်တာ တစ်ခုတော့ရှိပါတယ်။
 ဦးကျော်ဆန်း ဟာ ဦးအောင်ကြည်လို “ဆက်သား” မဟုတ်ဘူး။ တစ်စုံတစ်ရာ ပြောရေးဆိုခွင့်ရှိသူဖြစ်တယ်။  ဒါကြောင့် ဦးကျော်ဆန်းပြောတာတွေဟာ လက်ရှိအစိုးရရဲ့သဘောထားလား။ လက်ရှိအစိုးရရဲ့သဘောထားကို ဦးကျော်ဆန်းက ပြောရတာလား ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားပေးကြပါဦး၊ ဆန်းစစ်ပေးကြပါဦးခင်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts