>Daw Suu to make ‘political’ trip

>

ဒေါ်စု၏ ပဲခူးနေ့ချင်းပြန်ခရီး NLD ကြေညာပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၇၊ ၂၀၁၁

ရန်ကုန်မြို့ NLD ရုံးရှေ့တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (getty images ဓာတ်ပုံ)


အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဦးဆုံး ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်သည် လာမည့် တနင်္ဂနွေနေ့ (သြဂုတ် ၁၄ ရက်နေ့) တွင် ဖြစ်မည်ဟု NLD က ပြောဆိုလိုက်သည်။

နေ့ချင်းပြန်ခရီးဖြစ်သည်ဟု ဆိုသည်။

ခရီးစဉ် လုံခြုံရေးအတွက် အာဏာပိုင်တို့နှင့် ညှိနှိုင်းပြီးဖြစ်သည်ဟု NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက အာအက်ဖ်အေ အသံလွှင့်ဌာနကို အောက်ပါအတိုင်း ပြောသည်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့ အကြံဉာဏ် ပေးတာရော၊ ကျနော်တို့ဘက်က ရှိနေတာရော ပေါင်းပြီးတော့ လုပ်မှာပါ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ NLD ကပဲ အဓိက ဦးဆောင် ဆောင်ရွက်မယ်။ သို့သော် အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လအတွင်းကလည်း ကိုယ်ရေးကိုယ်တာ ခရီးစဉ်အဖြစ် ပုဂံသို့ ရက်အတန်ကြာ သွားရောက်ခဲ့သေးသည်။

ပုဂံညောင်ဦး ဒေသခံများက သူ့ကို ၀မ်းသာအားရ ကြိုဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုင်ငံရေး၊ စည်းရုံးရေး ခရီးစဉ်ကို ၂၀၀၃ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့သည်။

ထိုစဉ်က ဒီပဲယင်းမြို့နယ်သို့ရောက်ရှိစဉ် ကြိုတင်စောင့်ဆိုင်းနေသော လက်နက်မျိုးစုံကိုင် လူ ၅၀၀၀ ခန့်က သူ၏ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။ ယာဉ်တန်းတွင် ပါဝင်သူ အများအပြား သေဆုံး၊ ဒဏ်ရာရ၊ အကျဉ်းချခံရသည်။

ဒေါ်အောင်ဆန်းစုကြည်လည်း ထိုအချိန်မှစပြီး ၇ နှစ်ကြာ အကျဉ်းချခံရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသည်။

ထိုခိုက်မှုကို မည်သည့်အဖွဲ့က စီစဉ်ခဲ့ကြောင်း အာဏာပိုင်တို့က ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts