>Mar Mar Aye – 387

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၈၇

ရှစ်လေးလုံးကာလ ဂီတလောက
မာမာအေး

သြဂုတ် ၇၊ ၂၀၁၁



“… ချစ်ကြခင်ကြ ပေါင်းလို့ရတဲ့သူတွေ စုပြီး ယာယီ ဂီတရေးရာ ဆောင်ရွက်တဲ့ အဖွဲ့လေး တဖွဲ့ ဖွဲ့ခဲ့ကြပါတယ်။ အဆိုတော် စိုင်းထီးဆိုင်ကို ဥက္ကဋ္ဌ တင်ကြပါတယ် …”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပတ်က ‘မြန်မာနိုင်ငံဂီတပညာရှင်များ အဖွဲ့ချုပ်’ ရဲ့ အလုပ်အမှုဆောင် (၃)ဦး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့တွေ့တော့ ဘာတွေ ဆွေးနွေး တင်ပြခဲ့တာလဲ ဆိုတာကို ဒီနေ့ ပြောမယ်လို့ ချိန်းထားတဲ့အတိုင်း ဆက်ကြတာပေါ့။

ချစ်စွာသော မာအေးရဲ့ တေးဂီတချစ်သူ ပရိသဒ်အပေါင်းကို တခုတော့ တောင်းဆိုထားဦးမှရှင့်။ တခြားတော့ မဟုတ်ပါဘူး၊ မာအေး ပြောပြနေတဲ့အခါ ကိုယ်ရောက်နေရတဲ့ ခေတ်ရဲ့ ပြင်ပလောကမှာ သုံးနှုန်းပြောဆိုနေကြတဲ့အတိုင်း သိစေချင်တာမို့ တချို့ ဗန်းစကားတွေ ပြောချင် ပြောမိနေမှာလေ၊ တချို့ ပြောပြီးတာတွေလဲ နည်းနည်း ပြန်ဆက်ပြေးပါမှ ပိုပြီး မှတ်မိ သတိရဖြစ်မှာတွေလဲ ရှိနိုင်လို့ ကြိုပြီး ပန်ကြားထားနှင့်တဲ့သဘောပါ။ မွေးကတည်းက ‘ဂီတကင်ဆာ-ရင်တွင်းပါ’လာလို့ အသက်ကလေး သုံးလေးနှစ်သမီးတင် စင်ပေါ်ရောက်၊ ဒိုးယိုပေါက်တဲ့လမ်းအချောမှာလဲ ဒေါက်ရှောက် ဆိုတော့ ပြောစရာတွေက ပေါသည်ပေါ့လေ။ ‘မပြောလျှင်မပြီး – မတီးလျှင် မမြည်’ တဲ့ရှင့်။ ပြီးခဲ့တဲ့ကိစ္စတွေပေလဲ သမိုင်းထောက်ကွက် မပျောက်ပျက်ရအောင် ဖွင့်ခဲ့မှ ပြောခဲ့မှ တော်မယ်မို့လားရှင်။

အခုလက်ရှိ ဂီတအဖွဲ့အစည်း ‘မြန်မာနိုင်ငံဂီတအစည်းအရုံး’ လို့ ခေါ်တဲ့ အဖွဲ့ကြီး မပေါ်ပေါက်မီ နောက်ဆုံး ဂီတအဖွဲ့အစည်းဟာ ‘မြန်မာနိုင်ငံဂီတပညာရှင်များ အဖွဲ့ချုပ်’ အင်္ဂလိပ်ဘာသာနဲ့ နေရှင်နယ် လိ(ဂ) ဖေါ် မြူဇစ်ရှင်၊ အတိုကောက် NLM ပေါ့ရှင်။ မမေ့ကောင်းစရာ ပြည်မြန်မာက ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ – ဆန္ဒပြပွဲကြီး ပေါက်ကွဲအပြီး တပ်ကြီးရဲ့လက်အောက် အာဏာတွေရောက်တဲ့အချိန်မှာ နိုင်ငံတော်က တရားဝင် မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ခွင့်ပြုခဲ့တဲ့ ဂီတသမားများရဲ့ ကိုယ်ထူကိုယ်ထ ဂီတ ပရဟိတအဖွဲ့ လို့သာ မှတ်ယူစေ့ချင်ပါတယ်ရှင်။

ဒိအရင်က ပေါ်ပေါက်ခဲ့တဲ့ ‘မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတကောင်စီ’ ကတော့ (၁၉၆၃) ခုနှစ်မှာ တော်လှန်ရေးကောင်စီက ဦးဆောင် ဖွဲ့စည်းပေးခဲ့တာပါ။ အဲဒီရှေ့က ၀ါဂီနစ်အဖွဲ့တို့ ဂီတအဖွဲ့ချုပ်တို့ကိုတော့ မမီလိုက်ပါဘူး။ ဂီတပညာရှင်များအဖွဲ့ချုပ်ကတော့ မာအေးကိုယ်တိုင် ပါဝင် ထူထောင်ခဲ့ရတာမို့ အားလုံးဟာ ဂီတသမားများ အိတ်စိုက် ဖြစ်ကြောင်း ကောင်းကောင်းသိလို့ ကိုယ်ထူကိုယ်ထပါ လို့ ပြောရဲတာပေါ့ရှင်။ ပြီးတော့လဲ ဒီအဖွဲ့ဟာ ဖွဲ့သင့်လို့ ဖွဲ့ဖြစ်ခဲ့တဲ့ အဖွဲ့အစည်းပါလို့လဲ ပြောပြချင်ပါသေးတယ်။

ပြန်ကောက်ရရင် – ၈၈ အရေးအခင်းကြီးဆီကိုဘဲ ရောက်ရဦးမှာ ဆိုတော့ သည်းခံကြပေတော့ပေါ့။ ဂီတပညာရှင်တွေဟာ ခေတ်ပေါ်တေးဂီတကောင်စီ အလံတော်အောက်မှာ စုရပ်တုန်းကလဲ ပြည်သူ့အတွက် မေတ္တာပေးခဲ့ကြပါတယ်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့သူတိုင်းဟာ သူ့နိုင်ငံ သူ့အစိုးရရဲ့ ဥပဒေနဲ့အညီ နေထိုင်သွားကြရသလို ဂီတသမားလို့ အခေါ်ခံနေကြရတဲ့ ပြည်သူ့ရင်သွေး မာအေးတို့လို လူသားကလေးတွေကလဲ နေခဲ့ကြရတာပါဘဲ၊ အစိုးရကချမှတ်ပေးတဲ့ လမ်းညွှန်မှုတွေကို ရေးပေးကြရ၊ ဆိုပေးကြရ၊ သရုပ်ဆောင်ပေးကြရတာဟာ ဘာဆန်းသလဲ ရှင်တို့ရယ်၊ သူ့လက်အောက် နေကြရတာ အားလုံး အတူတူပါဘဲ၊ စံစရာရှိတာတော့ မစံရတာ သေချာပါတယ်၊ ခံစရာရှိတာတော့ ခံနေကြရဆဲပါဘဲ။ ဒီအထဲကနေ ပြည်သူတွေ အုံကြွ ဆန္ဒပြပွဲကြီး ဟီးထလာချိန်မှာတော့ အပြစ်မရှိတဲ့ ပြည်သူ့ဖက်က ရပ်တည်ပေးခဲ့ကြတယ် မဟုတ်လားရှင်။ ဘယ်လောကမှာမဆို စုန်းပြူးတို့ အနားပြာတို့ကတော့ ရှိစမြဲဘဲဟာ – ဒါတွေ ထားလိုက်ပါတော့။

အဲဒီလို လောကကြီးက မငြိမ်မသက်၊ ဘာဥပဒေ ဥပဒက်တွေလဲ မရှိ၊ ကိုယ့်အသိနဲ့ကိုယ် ဒီမိုကရေစီအရေး ပြည်သူနဲ့ ပူးပေါင်းတောင်းဆိုပေးနေကြချိန်မှာ ပါတီ ကောင်စီတွေ ခန္ဓာကြွေကြတော့ကာ အကိုင်းအခက်ပမာ ‘ဂီတကောင်စီ’ ခမျာလဲ မြေခ ပျက်ပြယ် ပြည်သူကပယ်လိုက်တဲ့အထဲ ပါသွားခဲ့ပါတယ်ရှင်။

ဂီတသမားတွေဟာ ဆန္ဒပြရက်ရှည်လာသည်နှင့်အမျှ တအုတ်တမ မက ဖြစ်လာတော့ စည်းကမ်းတကျ ဆန္ဒပြဘို့၊ နှုတ်ကျွံလက်လွန် မဖြစ်ဖို့ ထိန်းသိမ်းဘို့ရာ လိုနေမှာမို့ မြန်မာဂီတဖက်၊ ခေတ်ဆန်းခေတ်လွန် ဂီတဖက် ရှိတဲ့ နှစ်ဖက်ကြားမှာ ချစ်ကြခင်ကြ ပေါင်းလို့ရတဲ့သူတွေ စုပြီး ယာယီ ဂီတရေးရာ ဆောင်ရွက်တဲ့ အဖွဲ့လေး တဖွဲ့ ဖွဲ့ခဲ့ကြပါတယ်။

အဆိုတော် စိုင်းထီးဆိုင်ကို ဥက္ကဋ္ဌ တင်ကြပါတယ်။ ပန်းဆိုးတန်းလမ်းပေါ်က အစိုးရကျောင်းတကျောင်းမှာ ဖွဲ့ခဲ့ကြတာပါ။ ဒီနေရာမှာ ဂီတအလုပ် နှစ်ပိုင်းခွဲလုပ်ကြပါတယ်။ တပိုင်းက နိုင်ငံရေးပါ တွဲလုပ်လို့ရတဲ့ ဂီတသမားနဲ့ တပိုင်းက ဂီတမှာပဲ ရှိနေမယ်၊ ပြဿနာရှိရင် စုပေါင်းရှင်းကြမယ် ဆိုတဲ့ ဂီတသမား ဆိုကြပါစို့။ အများစု သဘောတူညီချက်အရ ခရီးဆက်ခဲ့ကြပါတယ်။ စိတ်ဝမ်းကွဲလို့ ခွဲခြားခွဲခြား လုပ်တာမျိုး လုံးဝ မဟုတ်ပါဘူး။ ဖွဲ့စည်းပြီးတာနဲ့ ရှစ်လေးလုံး ယာယီဂီတအဖွဲ့ဟာ ဘွဲ့ရကျောင်းသားများ အစာငတ်ခံဆန္ဒပြနေတဲ့ဆီ တောင်ဥက္ကလာပမြို့က ဂီတသမားတွေ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ဆီကို သွားရောက် ဟောပြော အားပေးခဲ့ကြတယ်။ ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးလှုပ်ရှားမှု ဖြစ်သွားပါတယ်ရှင်။ ဘာကြောင့်လဲ ဆိုတော့ နောက်တနေ့ မနက် သတင်းစာထွက်တော့ “စစ်တပ်က အာဏာသိမ်းတဲ့သတင်း” ဟာ မည်းမည်းထင်းထင်းကြီး ပါလာလို့ပါဘဲ။ ဒီ ဂီတအဖွဲ့လေးဟာ (၂၄)နာရီတောင် ခံလိုက်ပါရဲ့လား … မကြားချင်တော့ပါဘူးလေ … ။

ဒီအခြေအနေတွေက လွန်မြောက်လို့ တရားဝင် မှတ်ပုံတင်ခွင့်ပြုချက်အရ ဂီတသမားများ တည်ထောင်ခဲ့တဲ့ “မြန်မာနိုင်ငံ ဂီတပညာရှင်များအဖွဲ့ချုပ်” မှာ ဥက္ကဋ္ဌ စန္ဒရားလှထွတ် ဖြစ်လာရတာဟာလဲ ဂီတအစဉ်အလာရှိ ဂီတလုင် မောင်ကိုကို,ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးဘို့ ပန်ကြားတဲ့အခါမှာ၊ တစည အဖွဲ့နဲ့ တတွဲတည်း ဖွဲ့ကြမယ့် ဂီတကောင်စီ အမှုဆောင်ဟောင်းတွေ လျှောက်ထားတဲ့ ဂီတအဖွဲ့မှာ ရပ်တည်ပေးမယ်လို့ သဘောတူထားတာ ရှိနေလို့ လူကြီးတယောက် အနေနဲ့ စကား မပြောင်းသင့်ဘူး၊ မင်းတို့တွေဘဲ ဆက်လုပ်ကြပါလို့ ငြင်းပယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ရုံးခန်းနေရာဟာလဲ လျှောက်ထားစဉ်က စန္ဒရားနီနီရဲ့ လိပ်စာနဲ့ဖြစ်ပါတယ်။ နောက်မှ အဆင်မပြေပြန်ဘူး ဆိုတာနဲ့ ဆူးလေဘုရားနားက အကော်ဒီယံ အုန်းကျော် ရထားတဲ့ တိုက်ခန်းကို ပြောင်းပြီး ရုံးခန်း ဖွင့်ခဲ့ရခြင်း ဖြစ်ပါတယ်။

မာအေးတို့ တွေ့ခွင့်ရခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေထဲမှာတော့ အတွင်းရေးမှူး(၁) နဲ့ ပုံအပြောကောင်းတဲ့ရန်ကုန်တိုင်းမှူးကြီးက အဓိကဖြစ်ပါတယ်။ သူတို့ဖက်က သိချင်တာတွေ မေးတယ်၊ ကိုယ့်ဖက်က အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြရပါတယ်။ ပြောကြ ဆိုကြရင်းနဲ့ နားလည်မှု ရင်းနှီးမှု ပြလာတဲ့အချိန်မှာ မာအေးက ဂီတဥပဒေ ပြဋ္ဌာန်းပေးဘို့အကြောင်းကို ကိုယ်တွေ့ ဥပဒေအတွင်းက တရားစွဲဆိုခဲ့ပုံများနဲ့ မအောင်မြင်ခဲ့ရတဲ့ ဂီတစီရင်ထုံးတိုက်ပွဲကို သက်သေပြုပြီး တင်ပြခဲ့ပါတယ်။ “အခုလဲ နာမည်ကြီးတေးသံရှင်တချို့ကို ဖျော်ဖြေခွင့်၊ ထုတ်ဝေခွင့်တွေ ဆိုင်းငံ့ထားတဲ့ အကြောင်း ကြားနေရပါတယ်။ ခွင့်လွှတ်ပေးပါလို့ဘဲ တောင်းဆိုပါရစေရှင်။ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ဆိုရင်တော့ ကျမတို့အပါအ၀င် တပြည်လုံး သံကြိုးခတ်လိုက်ဖို့ရှိတာဘဲ၊ ဘာဥပဒေမှ မရှိတဲ့ ကာလဖြစ်တာမို့ အပြစ်မရှိဘူးလို့ ယူဆပါတယ်။ လူကြီးမင်းတို့ အခု လက်ရှိ အခြေအနေမှာ ထပ်ပြီး ပြုလုပ်ကြတာ ဆိုရင်တော့ ဥပဒေအတိုင်းပေါ့ရှင်။ ကျမတို့ အလုပ်မျိုး ဆိုတာကလဲ နာမည်ရှိတုန်းသာ အလုပ်ဖြစ်တဲ့အကြောင်း သိပြီး ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့်မို့ ပွဲမိန့်တွေလဲ ပြန်လည် ထုတ်ပေးစေချင်ပါတယ်” လို့ တောင်းဆိုပေးခဲ့ပါတယ်ရှင်။

BBC www.bbc.co.uk/burmese ၏ အသံလွှင့်ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts