>Tu Maung Nyo – On 25th July Meeting with the Regime

>

“ဇူလိုင်၂၅ တွေ့ဆုံမှု”ကို လေ့လာခြင်း
တူမောင်ညို
ဇူလိုင် ၂၇၊ ၂၀၁၁
 ဇူလိုင်၂၅တွေ့ဆုံမှု”ကို လေ့လာကြည့်ပါတယ်။ ယခင်တွေ့ဆုံမှု(၉)ကြိမ်နဲ့လည်း နှိုင်းယှဉ်ကြည့်ပါတယ်။ ယနေ့ဖြစ်ပေါ်နေ တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့လည်း ချိန်ထိုးကြည့်ပါတယ်။
ယခုတွေ့ဆုံမှုက “ပြည်ထောင်စုဝန်ကြီး” နဲ့  “လွတ်လပ်သောအရပ်သား” တွေ့ဆုံမှုလို့ပြောရင် ရမယ်ထင်ပါတယ်။
ယခင် (၉) ကြိမ်တွေ့ဆုံမှုက “ဆက်ဆံရေးဝန်ကြီး”နဲ့ “အိမ်ချုပ်ကျခံနေရသူ” တွေ့ဆုံမှုဖြစ်ပါတယ်။
စိတ်ဝင်စားစရာကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကို “နှစ်ဦးသဘောတူ သတင်းထုတ်ပြန်ချက်” ထုတ်ခွင့် တပါတည်း ပေးလိုက်တာနဲ့ သတင်းစာရှင်းလင်းခွင့်ပေးလိုက်တဲ့ အချက်ဖြစ်ပါတယ်။
“ဒီတွေ့ဆုံမှု”ဟာ  “ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်” တွေမှာ တိုက်ပွဲတွေ ပြင်းပြန်းထန်ထန်  ကြီးကြီးမားမား ဖြစ်ပွားလာနေချိန်မှာ ရုတ်တရက်ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတဲ့ အချက်ကလည်း သတိပြုစရာပါ။
သတင်းကိုဘယ်လိုဖေါ်ပြသလဲ
ခါတိုင်းလိုပဲ သတင်းစာနောက်ကျောဖုံးမှာသတင်းဓါတ်ပုံနဲ့အတူဖေါ်ပြတယ်။
“ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ” လို့ဖေါ်ပြထားတယ်။
သတင်းခေါင်းတပ်ရာမှာ “တွေ့ဆုံ”  လို့ပဲဖေါ်ပြထားတယ်။ “ဆွေးနွေး”ဆိုတာ ထည့်မထားဘူး။
သတင်းစာမှာဖေါ်ပြတဲ့ သတင်းရေးသားမှုကိုကြည့်ရင်ပဲ၊ ဝန်ကြီးနဲ့လာရောက်တွေ့ဆုံသူကို ဖေါ်ပြရာမှာ အသားပေးပုံ က မတူဘူး။ နာမည်နှစ်ခုကိုယှဉ်တွဲဖေါ်ပြမထားဘူး။  စာလုံးပွိုင့်မတူဘူး။ ပြီးတော့ပြည်ထောင်စုဝန်ကြီးနာမည်က အပေါ်က ဖြစ်တယ်။  ဒေါ်အောင်ဆန်းစုကြည်နာမည်က အောက်မှာ။
ယခင်က ဒီလိုတွေ့ဆုံမှုသတင်းဖေါ်ပြရာမှာ ပါရှိမြဲဖြစ်တဲ့ “ ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထားသူ” ဆိုတဲ့စကားပိုဒ်ပါမလာဘူး။ ဒါကြောင့် “ဆက်ဆံရေးဝန်ကြီး” ဆို တာကို ဖျက်လိုက်ပြီလို့မပြောနိုင်ဘူး။
ဇွန်၁၉ ရက် ( Eleven Media Group ) သတင်း မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၁ ဖြင့် နိုင်ငံတော်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဖွဲ့စည်းပေးထားသော အဖွဲ့အစည်း ၂၉ ခုကို ဖျက်သိမ်းကြောင်း သတင်းကိုဖတ်ရပါတယ်။
အဲဒီဖျက်သိမ်းကြောင်းသတင်းဖတ်ရတော့ “ဆက်ဆံရေးဝန်ကြီးတာဝန်” ဖျက်သိမ်းတဲ့အထဲ ပါသလားလို့ ရှာဖွေကြည့်မိပါ သေးတယ်။ မတွေ့ပါဘူး။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ခေါင်းဆောင်တဲ့ (နအဖ) ၏ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ ကတော့ အဲဒီလို ဖျက်သိမ်းလိုက်တဲ့ အဖွဲ့အစည်း ၂၉ ဖွဲ့ထဲမှာပါဝင်ပါတယ်။ (နအဖ) ကို ဖျက်သိမ်းမှတော့ (နအဖ) ပြောရေး ဆိုခွင့် အာဏာပိုင် အဖွဲ့လည်းဖျက်သိမ်းရတာပေါ့။ ဘာမျှမဆန်းပါဘူး။
ဒါတွေထည့်ပြောနေတာက “မဖျက်သိမ်းသမျှအတည်ဖြစ်တယ်” ဆိုတဲ့ (၂၀၀၈)  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ (၄၄၆၊ ၄၄၇၊ ၄၄၈) တွေကိုရည်ညွန်းပြီးပြောရတာပါ။
ပြည်ပသတင်းဌာန၂ ခု (အေပီနဲ့ရိုက်တာ) နဲ့ ပြည်တွင်းမဂ္ဂဇင်းနဲ့ဂျာနယ် (မြန်မာ့ဓနနဲ့ Open News ) တစ်ခုက သတင်း ထောက်တွေမေးတဲ့ မေးခွန်း ၃ ခုရဲ့ အမေးနဲ့အဖြေကိုသတင်းစာမှာ ဖေါ်ပြထားတယ်။
တွေ့ဆုံမှုသတင်းကို သတင်းစာမှာသာ ဖေါ်ပြပေမယ့် ရေဒီယိုနဲ့ရုပ်သံသတင်းတွေမှာတော့ မဖေါ်ပြဘူး။
ဘယ်လိုတွေ့ဆုံမှုမျိုးလဲ
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ရဲ့ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား လာရောက်တွေ့ဆုံရတဲ့ တွေ့ဆုံမှုမျိုးဖြစ်ပါတယ်။
“သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားတယ်” လို့ဆိုထားလေတော့ တနည်းအားဖြင့် ယခုလိုပြောနိုင်မယ် ထင်ပါ တယ်။
အစိုးရအဖွဲ့ကဖိတ်ကြားခြင်းခံရတဲ့ အရပ်သားတစ်ဦးက ပြည်ထောင်စုဝန်ကြီးကို လာရောက်တွေ့ဆုံမှုဖြစ်တယ်လို့ ပြော နိုင်ပါလိမ့်မယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်းတွေ့ဆုံခဲ့တဲ့ (၉) ကြိမ် တွေ့ဆုံမှုကတော့ “ဆက်ဆံရေးဝန်ကြီး”နဲ့  “အိမ်ချုပ်ကျခံ နေရသူ” တွေ့ဆုံမှုမျိုးသာဖြစ်ပါတယ်။
ဒါကြောင့် ဇူလိုင် ၂၅ ရက်နေ့တွေ့ဆုံမှုကို “ပြည်ထောင်စုဝန်ကြီး”နဲ့ “လွတ်လပ်သောအရပ်သား” တွေ့ဆုံမှုလို့ပြောရင် ရ မယ်ထင်ပါတယ်။
 
တွေ့ဆုံကြသူနှစ်ဦးရဲ့ကိုယ်စားပြုမှုကိုဘယ်လိုဖေါ်ပြထားသလဲ
ဦးအောင်ကြည်ကို အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလို့ဖေါ်ပြထားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို “သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားတယ်” လို့ ဆိုထားလေတော့ ဒေါ်အောင်ဆန်း စုကြည် လို့ ရိုးရိုးပဲဖေါ်ပြပုံရပါတယ်။ တခြားဝိသေသပါဘာမှမပါဘူး။
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့၂၈ ဇွန် ပေးစာမှာလည်း “ဒေါ်အောင်ဆန်းစုကြည်” ဆိုပြီး လိပ်မူ ထား တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၉ ဇွန် ပြန်ကြားစာမှာတော့ ၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ကိုယ်စားပြုမှုပါတယ်။ အဲဒီလိုကိုယ်စားပြုမှုနဲ့တုန့်ပြန်ခဲ့တာကို  ဦးဝင်းတင်က မီဒီယာတစ်ခုမှာ ထင်ရှားအောင်ထုတ်ဖေါ်ပြောတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် တွေ့ဆုံတဲ့နေရာမှာ နိုင်ငံရေးအရကိုယ်စားပြုမှုက သိပ်အရေးကြီးပါတယ်။
၂၀၀၇ ခုနှစ်မှာ (၃) ကြိမ်၊ ၂၀၀၈ ခုနှစ်မှာ (၂) ကြိမ်၊ ၂၀၀၉ ခုနှစ်မှာ (၃) ကြိမ်၊ ၂၀၁၀ မှာ (၁)ကြိမ် တွေ့တယ်ဆိုတဲ့ ယခင် (၉)ကြိမ် တွေ့ခဲ့တယ်ဆိုတာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ခံထားရသူဘဝနဲ့ တွေ့ရတာ မဟုတ်လား။
“ဆက်ဆံရေးဝန်ကြီးနဲ့အိပ်ချုပ်ကျခံနေရသူ”တွေ့ဆုံမှု။
 ဘယ်မှာလဲ၊ ဘယ်ဟာလဲ အကောင်အထည်ရှိတဲ့တွေ့ဆုံမှုရလဒ်။
တွေ့ဆုံမှုဟာတန်းတူရှိဖို့လိုသလို၊ ကိုယ်စားပြုမှုကလည်းရှင်းလင်းတိကျဖို့လိုတယ်။ ထင်ရှားတဲ့ရလဒ်ရှိဖို့လည်း လိုတယ်။
NLD ကအမြဲပြောနေတာရှိပါတယ်။ “အဆုံးဖြတ်ပေးနိုင်သူချင်း တွေ့ဆုံမှု” မျိုးဖြစ်ဖို့သိပ်လိုတယ်။
အခုမှပထမအကြိမ်စတွေ့ဆုံတာပဲ၊ ဆန္ဒမစောပါနဲ့လို့ မပြောပါနဲ့။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုတဲ့ စကား ရှိ တယ်လေ။
နှစ်ဦးသဘောတူ သတင်းထုတ်ပြန်ချက် ထုတ်ပြန်
“နှစ်ဦးသဘောတူ သတင်းထုတ်ပြန်ချက်” လို့ပဲ သတင်းစာမှာရေးပါတယ်။
 သိပ်ရှင်းတာပဲ။ နှစ်ဦးပဲသဘောတူထားတဲ့ သတင်းထုတ်ပြန်ချက်ပဲ။ ဘယ်လိုကိုယ်စားပြုမှုမှမပါရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ဖြစ် ပါတယ်။
 “နှစ်ဦးသဘောတူ သတင်းထုတ်ပြန်ချက်”မှာ 
       မိနစ် ၇၀ လောက်ဆွေးနွေးကြတယ်။
       ဆွေးနွေးမှုကို နှစ်ဖက်ကျေနပ်အားရမှုရှိတယ်။
       ဆွေးနွေးရာတွင်  တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူအကျိုးဖြစ်ထွန်းစေမှု ကိစ္စတွေပါဝင်တယ်။
       သင့်လျော်သောရက်မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူတယ်။
သတင်းဌာနအချို့က “ပူးတွဲကြေညာချက်”လို့ ဆန္ဒစွဲနဲ့ပြောတာကြားရပါတယ်။
“သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်လိုက်ပြီ” ဆိုတဲ့ ထောက်လှမ်းရေးတွေ မိုးကောင်းစဉ်က တွေ့ဆုံမှုကို သတိရမိပါသေးတယ်။ အဲဒီ “စာမျက်နှာသစ်” ဆိုတာကလည်း ဘာမျှမပါတဲ့ နတ္ထိဗလာပါပဲ။ ကလိန်စေ့ငြိမ်းဆင်တဲ့ ငြိမ်ပိလမ်းစဉ်လုပ်ရပ်ပါပဲ။
ထင်ရှားတဲ့ရလဒ်ပေါ်ထွက်မလာခဲ့ဘူး။
တွေ့ဆုံပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များ
မေးခွန်း (၃)ခု မေးခွင့်ပြုတာပါ။
မေးခွန်း (၂) ခုကို ပြည်ထောင်စုဝန်ကြီးကဖြေပါတယ်။ ကျန်တဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ဖြေပါတယ်။
ပြည်ထောင်စုဝန်ကြီးဖြေ –  “အခုတွေ့ဆုံမှုက အဲဒီရလဒ်များ (၉ ကြိမ်တွေ့ဆုံမှုရလဒ်) ထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်ဖြစ် လိမ့်မယ် လို့ ကျနော်အနေနဲ့မျှော်လင့်ပါတယ်” တဲ့။
ယခင်ရလဒ်ကဘာတွေလဲ။ ပြည်သူတွေသိဖို့ထုတ်ပြန်ပေးဖို့လိုတယ်။
“ရှေ့လျှောက်လုပ်သွားစရာကိစ္စတွေအများကြီး ရဲ့အစခြေလှမ်းတစ်ခုလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်” တဲ့။ အစခြေ လှမ်းတစ်ခုဆိုပါလား။
 “သမိုင်းစာမျက်နှာသစ်” ပြီးတဲ့နောက် “အစခြေလှမ်းတစ်ခု” ပေါ့။ 
ဒေါ်အောင်ဆန်းစုကြည်ဖြေ – “ ကျွန်မတို့ကတော့ တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေပဲ မျှော်လင့်ပါတယ်၊ ဘာပဲလုပ်လုပ်ပေါ့နော်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွဲတွဲ၊ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံနှင့်တိုင်းပြည်အတွက် ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုပဲမျှော်လင့်ပါတယ်” တဲ့ ။
ဟုတ်ပါတယ်။ နိုင်ငံနှင့်တိုင်းပြည်အတွက် ပြည်သူပြည်သားများကို အကျိုးပြုဖို့ လက်တွဲကြရမှာပါ။ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွဲတွဲ ဒါပေမယ့် “မူမမဲ့ဖို့” ပါပဲ။
တုန့်ပြန်မှုများ
 “တွေ့ဆုံဆွေးနွေးမှု” ဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီလိုလားသူတိုင်းရဲ့ နှလုံးသားကို အဆွတ်ချုနိုင်ဆုံး စကားလုံးဖြစ်နေ ရော့သလားမသိပါဘူး။
ဒီစကားလုံးနဲ့ အရူးလုပ်ခဲ့ပေါင်း များလှပါပြီ။
 ပြည်တွင်းပြည်ပ တုန့်ပြန်မှုတိုင်းမှာ သံသယနဲ့ မယုံကြည်မှုတွေပါဝင်နေတာကို အထင်အရှားတွေ့ရတော့ ဖြေသာပါတယ်။
“ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်” တွေမှာ တခြိမ်းခြိမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း တွေ့ဆုံမှု အာဂျင်ဒါ ထဲတိတိကျကျထည့်သွင်းကြရမှာပါ။
တိုင်းပြည်နဲ့ လူထုအထိခိုက်ဆုံးကိစ္စတွေကိုအာဂျင်ဒါထဲမှာ ထိပ်ဆုံးကထားပြီး ပထမဆုံးကိုင်တွယ်ရမှာပေါ့။
 တိုက်ပွဲတွေ အသည်းအသန်ဖြစ်နေချိန်မှာ “ဒီတွေ့ဆုံမှု” ရုတ်တရက်ပေါ်ပေါက်လာတာကိုလည်း အားလုံးကအလေး အနက်သတိပြုမိပါတယ်။
စစ်အစိုးရပဲဖြစ်ဖြစ်၊ စစ်အစိုးရကိုဆက်ခံတဲ့အစိုးရပဲဖြစ်ဖြစ် မြို့ပြလူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတာကိုတော့ အသည်းခိုက်အောင်ကြောက်ပါတယ်။
 အထူးသဖြင့် အဲဒီ တိုက်ပွဲသဏ္ဍာန်၂ ခု အပြန်အလှန်ပေါင်းစပ်သွားမှာကိုလည်း သူတို့ အကြောက်ကြီး ကြောက်ပါတယ်။
နိုင်ငံတကာဖိအား ဘာညာဆိုတာတွေကို  သူတို့လုံးဝမကြောက်ပါဘူး။ 
ဇူလိုင် ၂၅ တွေ့ဆုံမှုနဲ့စပ်လျဉ်းပြီး NLD ကထုတ်ပြန်မယ့် ကြေညာချက်ကိုလည်း ယခုလို ဆက်လက် လေ့လာ ကြည့်ကြ တာပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts