>Kyaw Thu – FFSS Yangon Activity (24th July 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇူလိုင် ၂၅၊ ၂၀၁၁ 
အဘမှိုင်းပြတိုက်
၁၉. ၇. ၂၀၁၁ အင်္ဂါနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀,၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။

 
ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုဟ်ပြီး ဆရာကြီး၏ ဂုဏ်သိက္ခာနှင့်လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် ၄ ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီး ခပ်နှိပ်ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် –
 
(၁) စာပေယဉ်ကျေးမှု တော်လှန်ရေးကြီးဆင်နွှဲခဲ့လို့ တံဆိပ်မှာ စာအုပ်က တကန့်။
(၂) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့လို့ ဒေါင်းက တကန့်။
(၃) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရးကိုဆောင်ရွက်ခဲ့လို့ ချိုးငှက်က တကန့်။
(၄) အဖိအနှိပ်ခံ ပြည်သူတွေဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတွင်းနက်မှုက လွတ်မြောက်စေလိုတဲ့ အထိမ်းအမှတ်အဖြစ် တူ တံစဉ်က တကန့် တံဆိပ်ခပ်နှိပ်ထားရှိသည်။
 
ဂူတွင်းသို့ ဝင်ရောက်လိုက်သည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တပိုင်း ကြေးသွန်း ရုပ်ပုံအား ပန်းပုဆရာကြီး ဦးဟန်တင်၏လက်ရာကို မြင်တွေ့ရမှာဖြစ်ပြီး ဗိမာန်အနောက်ဘက် နံရံတွင် “တပြည်သား နယ်ချဲ့ အစွန်းရန်ကို တကယ် တကယ့် တွန်းလှန်ဖို့ အရေးကလည်း မဝေးတော့ပြီမို့၊ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့” (၁၃၁၄ ခု) (၁၉၅၂) ဆိုသည့် ဆရာကြီး၏ လေးချိုးကြီးတပုဒ်ကို ကောက်နှုတ်ချက် ရေးထားပါသည်။ တောင်ဘက်နံရံဘက်တွင် “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” (၁၂၈၁ ခု) ၁၉၂၀) လို့ ရေးသားထားပါသည်။ မြောက်ဘက် နံရံတွင်လည်း “ဆရာ မသေခင် တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၃၁၈ – ၁၃၂၆) (၁၉၅၇) (၁၉၆၄) ဟု ဆရာကြီးရေးခဲ့ ပြောခဲ့သည့် စကားလုံးများကို ထွင်းထားပါသည်။ 
 
၁၂၃၇ ခုနှစ်၊ တပေါင်းလတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့အပိုင် ဝါးလည်ရွာတွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်အမည်မှာ မောင်လွန်းဖြစ်ပြီး ၉ နှစ်သားအရွယ်တွင် မန္တလေးရှိ ဦးလေးဘုန်းကြီးများနှင့် လိုက်ပါပြီး မြတောင်တိုက်တွင် စာပေပညာသင်ယူခဲ့သည်။ ကလေး အရွယ်ဘဝ၌ အရှင် ၂ ပါး ပါတော်မူတာကို မျက်မြင်တွေ့ခဲ့ရသူတဦးလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူစဉ် ၁၁ နှစ်သားအရွယ်သို့ ရောက်ရှိနေသည်။ ရန်ကုန်သို့ အလုပ်လုပ်ရန်သွားရောက်ခဲ့ပြီး ဇဗ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်သမားဘ၀မှ အယ်ဒီတာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ပြဇာတ် ၈၀ ခန့်ကိုရေးသားပြီး ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း သတင်းစာတွင် မြန်မာအယ်ဒီတာအဖြစ်၎င်း၊ မော်လမြိုင်မြို့ရှိ မြန်မာတိုင်းသတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ မောင်သမာဓိ အမည်ဖြင့်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။ ဇင်းကျိုက်တောင်တွင်လည်း အချိန်အတော်ကြာ အဂ္ဂိရတ်ထိုးခဲ့ပြီးနောက် ရန်ကုန်သို့ ပြန်သွားပြီး သူရိယ သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ပြန်ခဲ့သည်။
 
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်ဆုံးစကားဖြစ်သည့် “အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ တကယ့် လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ” လို့ တလုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောကြားခဲ့ပြီး ၂၂ ရက်အကြာ ၂၂. ၇. ၁၉၆၄ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဆရာကြီး အဘသခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဟူ၍ မပေါ်ပေါက်ခင် တနှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းအား သူ့အမြင်၊ သူ့မေတ္တာ၊ သူ့စေတနာနှင့် သူ့ဘာသာ ဦးဆောင်မှုယူပြီး ဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်သည်။ စတာလင်ငြိမ်းချမ်းဆုကြီးအားလည်း ပထမဦးဆုံး ချီးမြှင့်ခံခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည်။ 
 
ရှင်ဘုရင်ခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ် လူ့ဘောင်သစ် တည်ဆောက်မည့် ခေတ်ကြီးသုံးခေတ်အတွင်းတွင် မဖောက်မပြန် တော်လှန်သည့်ပြည်သူများနှင့် လက်တွဲမဖြုတ် လုပ်ဆောင်သွားရှာသည့် ပြည်သူ့ဖခင် ဆရာကြီးကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ကန်တော့ရင်း ဆရာကြီး တသက်လုံး ကြိုးပမ်းသွားရှာတဲ့ . . . 
(၁) အမျိုးသား လွတ်လပ်ရေး၊
(၂) လွတ်လပ်တဲ့ အမျိုးသားတွေ ဆင်းရဲတွင်းက ထွက်နိုင်ရေး၊
(၃) တမျိုးသားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားဖို့ အဓိဋ္ဌာန်ပြုကြရမှာ ဖြစ်ပါတော့သည်။
ထို့အပြင် အဘ သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေး၏ မွန်မြတ်သော ဆန္ဒဖြစ်သည့် အဘ သခင်ကိုယ်တော်မှိုင်းပြတိုက် ဖြစ်မြောက်ရေးကိုလည်း သမိုင်းပညာရှင်များ၊ အဖိုးတန် သမိုင်းအတ္ထုပ္ပတ္တိကို ဖော်ထုတ်လိုသော အလှူရှင်များ၊ ပြည်သူပြည်သားများနှင့် မျိုးဆက်သစ် လူငယ်/ရွယ်များက တာဝန်သိစွာ၊ တာဝန်ရှိစွာဖြင့် ဝိုင်းဝန်းအကောင်အထည် ဖော်အပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အမေ လူထုဒေါ်အမာ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)
ထပ်ဆင့် ဝမ်းနည်းကြေကွဲခြင်း
၁၁. ၇. ၂၀၁၁ (တနင်္လာ)နေ့တွင် တနင်္သာရီကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် တူးဖော်ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ပင်လယ်ပြင်အတွင်းသို့ ပျက်ကျသွားခဲ့ရာတွင် မြန်မာနိုင်ငံသား ဒုတိယ ဗိုလ်မှူးကြီး အုန်းသိမ်း(ငြိမ်း) တပ်မတော်(လေ)၊ D.S.A (17) ရဟတ်ယာဉ်မှူး Myanmar Helicopters Int’l အသက် (၅၈) နှစ်သည် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
 
ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး အုန်းသိမ်း(ငြိမ်း)သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန် အပိုင်း(၃)၊ ပန်းခရေလမ်း၊ Row House၊ အမှတ် (၁၃/c)၊ နေ (ဦးမင်းလွင်) – ဒေါ်ခင်အုန်းတို့၏ ဒုတိယသား၊ (ဗိုလ်မှူးကျော်ဝင်း – ဒေါ်စန်းစန်းမြင့်)တို့၏ သားသမက်၊ ဒေါ်တင်ဆန်းဝင်း၏ခင်ပွန်း၊ ဦးဝင်းသိန်း – ဒေါ်ခင်သန်းကြွယ်တို့၏ ညီ/မောင်၊ ဦးအေးသိန်း – ဒေါ်ခင်မြင့်ကျော်၊ ဒေါ်မာလာသိန်း – ဦးစောကျော်စိုး၊ ဒေါ်စန္ဒာသိန်း – ဦးစိုးမိုးအောင်တို့၏အကို၊ မောင်အောင်မျိုးကျော် – မဇင်မင်းသန်း၊ မောင်သန့်ဇော်ထိုက် – မဝင်းနန္ဒာစိုး၊ မသိမ့်၊ မစိမ့်တို့၏ဖခင်၊ မောင်ခန့်ဇော်၊ မောင်ဇွဲသုတတို့၏ အဘိုး ဖြစ်သည်။
 
ကိုအောင်မျိုးကျော် (ခ) Danny သည် စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်နေသူတဦး ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဦးဆောင်လုပ်ကိုင်နေသူ ဦးကျော်သူ၏ လူမှုရေး လုပ်ဆောင်ချက်များအား အများပြည်သူအပေါင်းတို့ အားကျအတုယူစေလိုသော ဆန္ဒ၊ ဦးကျော်သူအား ခင်မင်လေးစားသော ဆန္ဒ၊ မြန်မာပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ ပေါ်ပေါက်စေလိုသော စေတနာ စသည့် ရည်ရွယ်ချက်တို့ဖြင့် UK နိုင်ငံနေ သူငယ်ချင်းဖြစ်သူ ကိုမျိုးဇေယျာဦးနှင့် ပူးပေါင်းတိုင်ပင်ကာ Kyaw Thu’s Fan – Facebook စာမျက်နှာအား စတင်အကောင်အထည် ဖော်ပေးခဲ့သူတဦးလည်း ဖြစ်သည်။ 
 
ကိုအောင်မျိုးကျော်နှင့် ဦးကျော်သူတို့ ယခင်က တကြိမ်တခါမှ တွေ့ဖူးဆုံဖူးခြင်းလည်း မရှိ။ ၂၀၁၁ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် ရန်ကုန်သို့ ခေတ္တရောက်ရှိလာစဉ်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် တကြိမ်သာ တွေ့ဖူးဆုံဖူးသူဖြစ်သည်။ ရန်ကုန်သို့ ရောက်တုန်းရောက်ခိုက် ဦးကျော်သူနှင့်အတူ စာရေးဆရာကြီး နတ်နွယ်၏ ဈာပနအခမ်းအနားအား ကိုယ်တိုင်ကိုယ်ကျ ဆရာနတ်နွယ်၏ ရုပ်အလောင်းအား သယ်ပိုးကာ ရေဝေးသုဿန် အအေးခန်းသို့ ကုသိုလ်ယူပို့ဆောင်မှုကိုလည်း ပြုလုပ်ခွင့် ကြုံကြိုက်ခဲ့သေးသည်။ 
 
ကိုအောင်မျိုးကျော် (စင်ကာပူ)နှင့် ကိုမျိုးဇေယျာဦး (UK)တို့ သူငယ်ချင်းနှစ်ဦး ထူထောင်ပေးခဲ့သော Kyaw Thu’s Fan – Facebook စာမျက်နှာ၏ အရှိန်အဝါသည် ကြီးမားလှသည်။ ယင်းစာမျက်နှာပေါ်တွင် ဖော်ပြချက်များသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကူညီမှုများ၊ ဆေးဝါးကုသပေးမှုများ၊ ပညာဒါန ပြုလုပ်ပေးမှုများ စသည့်လက်တွေ့ လုပ်ကိုင်ပေးဆပ်နေသော သတင်းပုံရိပ်များသည် ပြည်တွင်းပြည်ပ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားစိတ်ဆန္ဒတို့ကို နှိုးဆွပေးနိုင်ခဲ့သည်။ 
 
ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများ၊ ပေးဆပ်မှုပုံရိပ်များသည် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူလူထုထံသို့ ထင်ဟပ်စေကာ အများပြည်သူတို့ကို ကူညီဖေးမပေးရန်အတွက် လိုအပ်သော အလှူငွေများ တိုးပွားစေခဲ့သည်။ ထို့ကြောင့် ကိုအောင်မျိုးကျော် နှင့် ကိုမျိုးဇေယျာဦးတို့ သူငယ်ချင်းနှစ်ယောက်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့၏ (တနည်းအားဖြင့်) ကျေးဇူးရှင်များလည်း ဖြစ်ပေသည်။
ထိုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အား တဖက်တလမ်းမှ ကူညီပေးဆပ်ခဲ့သော ကျေးဇူးရှင် တဦး၏ဖခင်ကြီး ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားသည့်အတွက် ကိုအောင်မျိုးကျော်တို့ မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါကြောင်း၊ ယင်းဈာပန အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစမှအဆုံး ကူညီခွင့် မရခဲ့သည်ကိုလည်း ထပ်ဆင့် ဝမ်းနည်းမိပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts