>Maung Maung One – 23 year ago 8888

>

ရင်ထဲက ရှစ်ဆယ့်ရှစ်
မောင်မောင်ဝမ်း
ဇူလိုင် ၂၃၊ ၂၀၁၁
သမိုင်းဆိုတာ အမြင်ကပ်ရုံသက်သက်နဲ့ ဖျောက်လို့မရနိုင်ကောင်းပါဘူး၊ လူသားတွေရဲ့အတ္တကို ငွေကြေး၊ အာဏာ၊ အကျိုးစီးပွားတွေနဲ့ သွန်းလောင်းပေးလို့ ယာယီမှေးမှိန်ကောင်း မှေးမှိန်နိုင်ပေမယ့် … အမှန်တရားဆိုတာ … တနေ့မှာတော့ ပေါ်ထွန်းလာစမြဲပါ … …။
ရှစ်ဆယ့်ရှစ်ဆိုတာ ဘာလဲ … … … …?
ရှစ်ဆယ့်ရှစ်ဆိုတာ … စစ်အာဏာရှင်များအဆက်ဆက် ပြောသွားခဲ့သလို … အရေးအခင်းလား … …
ရှစ်ဆယ့်ရှစ်ဆိုတာ … မင်းမဲ့စရိုက်တွေနဲ့ ပြည်သူလူထုကြီးရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ခြောက်လှန့်ခဲ့တဲ့ ပရမ်းပတာ … ရုန်းရင်းဆန်ခတ်မှုကြီးလား … …
ရှစ်ဆယ့်ရှစ်ဆိုတာ … အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲ အကောင်အထည်ဖော်ဖို့ကို လိုလားတဲ့ လူထုကြီးရဲ့ လူထုတော်လှန်ရေးကြီးလား … … …
ဒီနေ့မျိုးဆက်သစ်တွေအတွက်ကတော့ ဝေဝါးနေဆဲ ပုံပြင်တပုဒ်လိုပါပဲ။
—————————————————————————————

ကျနော် ၈၈ လူထု အရေးတော်ပုံအကြောင်းကို တင်ပြရာမှာ အကုန်လုံးကို ကျနော် မသိပါဘူး၊ အခု ကျနော်ရေးတဲ့ ဆောင်းပါးဟာ သမိုင်းပြုစုနေတာ မဟုတ်ဘူးဆိုတာတော့ ပြောပါရစေ … ကျနော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းတင်ပြလိုက်ခြင်းသာလျှင် ဖြစ်ပါတယ် … ဒီအထဲမှာ သင်ခန်းစာယူစရာတွေ ဆင်ခြင်စရာတွေကို ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံဆိုတာ ဘာမှန်းမသိတဲ့ … လူငယ်မျိုးဆက်သစ်တွေ … လေ့လာနိုင်ဖို့ကို အထူးရည်ရွယ်ပါတယ် … …။

ကျနော် ရန်ကုန်တက္ကသိုလ်ကို ၁၉၈၄ မှာ စရောက်တယ်၊ နေရတာက တက္ကသိုလ်စာကြည့်တိုက်ဘေးမှာရှိတဲ့ အင်းဝဆောင်မှာ … အဲဒီအခါက တဆောင်လုံး ဥပဒေကျောင်းသားတွေချည်းပဲ ထားတယ် … ကျနော် ကံကောင်းတယ်ပြောရမလား မသိဘူး။ တက္ကသိုလ် ပထမနှစ်ကို စတက်တက်ချင်းမှာပဲ … စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်လေ … အခု အင်္ဂလန်မှာရှိနေတဲ့ … နာမည်ကျော် ပန်းချီဆရာ (ပန်းချီထိန်လင်း) ၊ အောင်လင်း (ယခု ဂျပန်)၊ ဇော်လင်း (မြင်းခြံ) သူတို့နဲ့ တွဲဖြစ်ကြတယ် … ဒီအထဲမှာ ကျနော်နဲ့ ထိန်လင်း တူတာက စာဖတ် ဝါသနာပါတယ် … အနုပညာကို ခုံမင်တယ် … … တံငါနားနီး တံငါပြောရမလား မသိဘူး … ကျန်တဲ့သူငယ်ချင်းတွေပါ .. ကျနော်တို့ဝါသနာတွေ ကူးကုန်ကြတယ် … ကျနော်တို့အားလုံးဟာ … စာဖတ်ခြင်းအလေ့မှာတော့ တော်တော်လေးကို ထုံကြတယ် … ကမာရွတ် လှည်းတန်းမှာရှိတဲ့ စာအုပ်ဆိုင်တွေဆိုတာ … ကျနော်တို့မသိတဲ့ဆိုင် မရှိသလောက်ပဲ … … နောက်တခုက ကျနော်တို့က တက္ကသိုလ်အနုပညာအသင်း မှာလည်း ပါဝင်ပတ်သက်နေသူတွေဆိုတော့ … အင်းဝဆောင် အခန်းနံပါတ် ၉၃/၉၄ ဆိုတာ အနုပညာ အသင်းရုံးခန်းကြီးလိုပဲ … ကိုဇာဂနာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ စုတ်ဖွား၊ ဂေါ်ဇီလာတို့ကအစ တော်တော်များများက … ကျနော်တို့အဆောင်ကို ဝင်ထွက်သွားလာနေကြတာ … တခါတခါ ကိုသူရ ခေါ် ကိုဇာဂနာနဲ့ စာပေရေးရာ၊ အနုပညာ ကိစ္စတွေ၊ အငြိမ့်ကိစ္စတွေဆွေးနွေးရင်းက … သူ့ရင်ထဲက ပေါက်ကွဲထွက်လာတဲ့ … အဲဒီအချိန်က အစိုးရ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ)ကို မကျေနပ်တဲ့ … စကားလုံးတွေကိုလည်း ကြားရတတ်တယ် … တက္ကသိုလ်ကျောင်းသားဘဝဟာ … ကျနော့်ဘဝတလျှောက်လုံးမှာ အလွတ်လပ်ဆုံး အပျော်ဆုံးနဲ့ … အရသာအရှိဆုံးအချိန်တွေလို့ပဲ ပြောပါရစေ … ကံကောင်းထောက်မစွာ … လွတ်လပ်တဲ့ ကျောင်းသားဘဝမှာ … စာပေတွေကို လေ့လာခွင့်ရလိုက်တာကိုက နိုင်ငံရေးရဲ့ခြေလှမ်းအစလို့ပဲ ပြောလို့ရနိုင်မလားမသိဘူး …။
အဲဒီအချိန်ကာလက အုပ်စိုးခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ) ဆိုတာ … ၁၉၆၂ ခုနှစ် … မှာ ပါလီမန်ဒီမိုကရေစီကို ဖျက်သိမ်းပြီး … တပါတီအာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့တဲ့ အစိုးရပေါ့ … ပါတီ ဥက္ကဋ္ဌ ကြီးကတော့ … ဦးနေဝင်း (ဗိုလ်ချုပ်ကြီး နေဝင်း)… … တိုင်းပြည်ကို သူ အာဏာသိမ်းပြီးချိန်ကစလို့ … ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို အကုန် ပြည်သူပိုင်သိမ်း … ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ဆက်လက်ချီတက်မယ်ဆိုပြီး … တံခါး ပိတ် စီးပွားရေးဝါဒကို လက်ကိုင်ပြုပြီး … ခရီးဆက်လာလိုက်တာ … တိုင်းပြည်ဟာ … ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကို ရောက်ခဲ့တယ် … … လူထုတရပ်လုံးရဲ့ ဆင်းရဲမွဲတေမှုဟာ … ပြောစရာစကားလုံး ရှာမရလောက်အောင် အောက်ဆုံး အဆင့်ကို ရောက်သွားခဲ့တယ်လေ … တခါက အရှေ့တောင်အာရှမှာ ဂုဏ်တင့်ခဲ့တဲ့ မြန်မာနိုင်ငံဟာ … နောက် ၂၆ နှစ်အကြာမှာတော့ … မျက်နှာငယ်စရာ တိုင်းပြည်ဖြစ်သွားတယ် … … …။ နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်းကြီးဟာ ကျနော်တို့ ကျောင်းသားတွေကိုပါ ရိုက်ခပ်စေခဲ့တာပေါ့ …တကယ်တော့ ကျနော်တို့ပညာသင်ခဲ့ရတဲ့ … တက္ကသိုလ်ဆိုတာ … နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် … တော်တော်လေးကို နိမ့်ကျသွားပါတယ် … ဒါကလည်း … လွတ်လပ်တဲ့ ပညာရေးစနစ်ပုံစံတွေ ပျက်သုဉ်းပြီး … အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် … ပညာရေးပုံစံတွေကို အာဏာရှိသူများက စိတ်တိုင်းကျ ချယ်လှယ်ပြီး … စီမံခဲ့တာဆိုတော့ … အားလုံးဟာ … ကမောက်ကမ ချည်းပါပဲ … နောက်တခု အရေးကြီးဆုံးက … လူထုတရပ်လုံးရဲ့ အထွေထွေ အကြပ်အတည်းကြီးက သားသမီးတွေဖြစ်ကြတဲ့ ကျောင်းသားများကို လာရိုက်ခတ်စေခဲ့တာ အမှန်ပါ …။ ဒါ့ကြောင့် ၁၉၆၂ စစ်အာဏာရှင်များ အာဏာသိမ်းပြီးချိန်ကစလို့ ကျောင်းသားများဟာ အံတုတော်လှန်ခဲ့ကြတာ … … …
– ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှု
– ဦးသန့် အရေးအခင်း
– မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု စသဖြင့်ပေါ့လေ … … ဒါပေမယ့် စစ်အာဏာရှင်များရဲ့ လူမဆန်စွာ ရက်စက်ဖြိုခွင်းမှုတွေကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ အသက်ပေးခဲ့ရပါတယ်။
စစ်အာဏာရှင်များကို မကျေနပ်တဲ့ ကျောင်းသားလှုပ်ရှားမှုများဟာ ကြားထဲမှာလည်း ကြိုးကြား ကြိုးကြား ဆိုသလို ပေါ်ခဲ့ပါတယ် … ဒါပေမယ့် လူထုကြားထဲကို ပြန့်ပြန့်နှံ့နှံ့ မရောက်အောင် မဆလ အာဏာရှင်များဟာ နှိပ်ကွပ်ခဲ့ပါတယ် … ဒီလိုနဲ့ တနှစ်ပြီးတနှစ် ကုန်လွန်လာခဲ့ရာကအစ … …
၁၉၈၈
အဲဒီနှစ်ကတော့ အာဏာရှင်များအတွက် စကံဆိုးလာတဲ့နှစ်လို့ ပြောမယ်ဆိုရင်လည်း မမှားလောက်ပါဘူး … အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေ၊ အာဏာရူးသွပ်မှုတွေအတွက် ပေးဆပ်ရတဲ့နှစ်ပါ … ဒါမတိုင်မီမှာ … အဆိုးရွားဆုံးဖြစ်ရပ်တခုကတော့ ငွေစက္ကူတွေကို တရားမဝင်ကြေငြာလိုက်တဲ့အတွက် လူထုတရပ်လုံး အကြီးအကျယ် ထိခိုက်နစ်နာ သွားစေခဲ့တဲ့ကိစ္စပါ … … လူထုလက်ထဲမှာ လည်ပတ်နေတဲ့ ငွေတွေဟာ … အဓိပ္ပာယ်မဲ့ … သာမန်စက္ကူစုတ်လောက်တောင် တန်ကြေးမရှိ ဖြစ်ကုန်တယ် … မူလအစက … မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ) ကို ထောက်ခံနေတဲ့သူတွေတောင် ဒီတချီမှာတော့ … တော်တော့်ကို အထိနာကုန်ကြပါတယ် … ပြောမယ်ဆို … အသက်ဆုံးရှုံးသွားတဲ့သူတွေတောင် ရှိပါတယ် … လူထုတရပ်လုံးရဲ့ သည်းမခံနိုင်မှုဟာ … အထွတ်အထိပ်ကိုရောက်နေပြီ … သို့သော် အစပျိုးမယ့်လမ်းစကို ရှာမတွေ့သေးဘူး ဖြစ်နေကြတယ် … ကျွန်တော် မှတ်မိသေးတယ် … ပထမ တကြိမ် ငွေစက္ကူတွေသိမ်းတော့ … တ၀က်လောက် ပြန်လဲပေးသေးတယ် … နောက်တကြိမ် … ၇၅ ကျပ်တန်တွေကို တရားမဝင် ငွေစက္ကူအဖြစ် ကြေငြာလိုက်တော့ … လုံးလုံးကို လဲမပေးတော့ဘူး … ရန်ကုန်မှာ ဆူပူမှုတချို့ ဖြစ်တယ် … လှည်းတန်း ကမာရွတ်ဘက်မှာ … မကျေနပ်တဲ့ လူတွေက … အစိုးရပိုင် အဆောက်အဦကို ဖျက်ပစ်တယ် … မီးပွိုင့်တွေ ရိုက်ချိုကြတယ် … နောက် ကျောင်းတွေ ပိတ်ပစ်လိုက်တယ် … အိမ်ပြန်ဖို့ပိုက်ဆံမရှိတဲ့ အဆောင်နေ ကျောင်းသားတွေကို လမ်းစရိတ်တွေထုတ်ပေးပြီး … အပြန်ခိုင်းလိုက်တယ် … …။
ကျောင်းတွေပြန်ဖွင့်တဲ့အခါ … ကျောင်းသားတွေရဲ့ မကျေနပ်မှု အဆိုင်အခဲကြီးကတော့ ရှိနေဆဲ … ဒါပေမယ့် ဘယ်ကစရမလဲမသိ ဖြစ်နေကြတယ် … ဒီလိုနဲ့ နေလာရင်းက … ၁၉၈၈ မတ်လမှာတော့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ … အရပ်သားတွေ … လက်ဘက်ရည်ဆိုင်မှာ စကားများရာကအစ … ပြသနာတွေဖြစ်ကြတယ် … ရိုက်ပွဲတွေ ဖြစ်ကြတယ် … သက်ဆိုင်ရာ အာဏာပိုင်များရဲ့ အထိန်းအသိမ်း ညံ့ဖျင်းမှုတွေကြောင့် …. ပြသနာက အေးချမ်းမသွားဘဲ … ပိုကြီးထွားလာတယ် … ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား … ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ လုံထိန်းတွေ ပစ်လိုက်တဲ့သေနတ်နဲ့ သေဆုံးခဲ့ကြတယ် … အဲဒီ့ ဂယက်က ရန်ကုန်တက္ကသိုလ်အထိပါ ကူးစက်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှု အကြီးအကျယ် ဖြစ်ခဲ့တယ် …။ တခါ … တန်းစီချီတက်လာတဲ့ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်အနီး … အင်းလျားကန်စောင်းမှာရှိတဲ့ … တံတားဖြူမှာ … အကြမ်းဖက် နှိမ်နင်းခြင်း ပြင်းပြင်းထံထံ ခံလိုက်ရတယ် … ကျောင်းသားပေါင်းများစွာကိုလည်း … အင်းစိန်အကျဉ်းထောင်ထဲ … ဖမ်းထည့်ထားလိုက်တယ် … ဒါကိုတော့ … ၁၉၈၈ မတ်လကျောင်းသားလှုပ်ရှားမှုလို့ … နောင် ကာလများမှာ သမိုင်းတွင် စေခဲ့ပါတယ် … … ဒီလှုပ်ရှားမှုမှာ ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ထဲကတော့ မင်းဇေယျ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်) နဲ့ ကိုဌေးကြွယ်၊ လှမျိုးနောင်တို့ ပါဝင်ခဲ့ပါတယ် … …။
၁၉၈၈ မတ်လ ကျောင်းသားလှုပ်ရှားမှုဖြစ်တော့ ကျနော် ကျောင်းမှာမရှိပါဘူး … နေမကောင်းတာနဲ့ ဇာတိမြို့ကို ပြန်ရောက်နေတော့ … အဲဒီ့အကြောင်းလည်း ကောင်းကောင်း မသိပါဘူး … နားရည်ဝအောင် ကြားဖူးတဲ့အဆင့်ပဲ ရှိပါတယ် … ဒါပေမယ့် နယ်ကနေ သတင်းတွေကြားနေရတော့ … ရင်ထဲမတော့ တော်တော်ခံစားခဲ့ရတာ အမှန်ပါ … ကျောင်းတွေကို … ဇွန်လမှာ ပြန်ဖွင့်ပေးပါတယ် … ကျောင်းတွေပြန်ဖွင့်တော့ … ကျနော့်သူငယ်ချင်း … ထိန်လင်း၊ အောင်လင်း၊ ဇော်လင်း အပါအဝင် အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေက ကျောင်းသားလှုပ်ရှားမှုထဲမှာပါလို့ ဆိုပြီး ကျောင်းထုတ်ခံလိုက်ရပြီ … သူတို့က ကျောင်းထုတ်ခံလိုက်ရတယ်ဆိုတာကို … မိဘတွေကို အသိမပေးဘူး … ဟန်မပျက် ကျောင်းလာတက်ကြတယ် … နေစရာအဆောင်က မရှိတော့ ကျနော့်အခန်းမှာပဲ စုနေကြတယ် … (အဲဒီအချိန်မှာ ကျနော်တို့က စတုတ္ထနှစ် ရောက်နေပြီဆိုတော့ တယောက်ခန်းတွေ ရတယ်) … နောက်တော့ … အဆောင်မှူးက ကျနော့်ကို ခေါ်သတိပေးတယ် … ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေကို လက်ခံမထားဖို့ပေါ့ … ကျနော် ထင်ပါတယ် … အဆောင်မှူးကလည်း တာဝန်အရသာ ပြောတာပါ … လက်တွေ့ … သူငယ်ချင်းတွေ အသာလေးဝင်နေတာကို သိပေမယ့်လည်း … မသိချင်ဟန်ဆောင်နေရှာပါတယ် …။
ကျနော်တို့က ကျောင်းကိုသာလာကြတာပါ … ကျောင်းတက် စာသင်မယ်ဆိုတဲ့ စိတ်ကူး … တယောက်မှ မရှိတော့ဘူး … လှုပ်ရှားမှုတွေလုပ်ဖို့ကို စတင် စိုင်းပြင်းဖို့ကိုပဲ … အားသန်နေကြတယ် … ဘာလို့လဲဆိုတော့ မကြာသေးခင်ကမှ ပူပူနွေးနွေးကာလကမှ … ကျနော်တို့ကျောင်းသားတွေ သွေးမြေကျခဲ့ရပြီ … ကျောင်းသားပေါင်း ရာနဲ့ချီ အင်းစိန်အကျဉ်းထောင်ထဲမှာလည်း ရှိနေဆဲဆိုတော့ … တော်တော်များများက … စာသင်ကြားရေးကို စိတ်မဝင်စားတော့ဘူး … ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာဆို ပိုသိသာတယ် … ကျောင်းသားတွေ တော်တော်များများက စာသင်ခန်းတွေထဲမှာ မရှိကြဘဲ … စာသင်ခန်းပြင်ပက … နေရာတွေဖြစ်တဲ့ … စားသောက်ဆိုင်တန်းတို့ … အာရ်စီ … စာကြည့်တိုက်ရှေ့ … ဘွဲ့နှင်းသဘင်ခန်းမရှေ့ … အဲသလိုနေရာတွေမှာ ဝိုင်းဖွဲ့ပြီး ထိုင်နေကြတယ် … တူရာတူရာ အစုလေးတွေဖွဲ့ … တီးတိုးကိုယ်စီနဲ့ … တယောက်မျက်နှာတယောက်ကြည့်ရင်း … သူနဲ့ကိုယ် မသိတောင်မှ … အကြည့်ချင်းဆုံမိသွားရင် … လက်မထောင်ပြတာမျိုး … …။
အပေါင်းအသင်းများတဲ့ ကျနော်တို့ ဒီတခါတော့ တော်တော်ကောင်းတယ် ပြောရမယ် … ကျနော် ကိုဇာဂနာနဲ့တွေ့တော့ ကျနော်တို့ လှုပ်ရှားနေတဲ့အကြောင်း သူ့ကို တီးတိုးဖွင့်ပြောပြတယ် … ဖြစ်ချင်တော့ … သူကလည်း … သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေတာကိုး … ကျနော်တို့ကို အကူညီပေးတယ် … ကျနော်က မြို့က တယောက်ဆီကနေ ကဗျာစာအုပ်တအုပ် ယူလာတယ် … ဗားတော့ဘရက် ကဗျာတွေ … အဲဒီထဲက … ကဗျာတွေကို … လက်ရေးတွေနဲ့ ကူးရေးတာကူး … နောက် ဖရောင်းစက္ကူပေါ်မှာ … ကညစ်တံနဲ့ ရေး … မှင်သုတ် … မီးချောင်းနဲ့လှိမ့်ပြီး … ကော်ပီတွေ ပွား … ညဘက်လူခြေတိတ်ချိန်ဆို … အုပ်စုလိုက်ခွဲပြီး … တက္ကသိုလ်ဝန်းနေရာအနှံ့မှာ စာတွေလိုက်ကပ်ကြတယ် … ကျနော်တို့လိုပဲ … အခြားသော အုပ်စုတွေကလည်း … သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြတာ … ဒါပေမယ့် … တအုပ်စုနဲ့ တအုပ်စု မပေါင်းဆုံမိကြသေးဘူး … … … အာရ်စီထဲမှာ … အစိုးရဆန့်ကျင်ရေးစာတွေ ကပ်တော့ … ကျနော်တို့က သုံးဖွဲ့ ခွဲထားတယ် … တဖွဲ့က ကပ် … တဖွဲ့က ကင်းစောင့် … အဲဒီ ကင်းစောင့်တဲ့အဖွဲ့နဲ့ ကျန်တဖွဲ့ကပေါင်းပြီး … အဲဒီ့စာကို ဝိုင်းအုံ ဖတ်ပေးရတယ် … နောက်တော့ … ကျောင်းသားအုပ်က တဖြည်းဖြည်းနဲ့များလာ … စာထဲမှာပါတဲ့ အချက်တွေကို ကျနော်တို့က အသံကျယ်ကျယ်နဲ့ ထောက်ခံ ဆွေးနွေးပေါ့ … တချို့ကျောင်းသူ ကျောင်းသားတွေဆို မှတ်စုနဲ့ လိုက်ကူးတာတောင် ရှိတယ် … (သူတို့ကလည်း ဆက်ဖြန့်ဖို့ များပါတယ်) ကော်ပီဆိုင်တွေလည်း သွားမကူးရဲဘူးလေ … ဒီလိုနဲ့ … မကြာလှတဲ့ တနေ့မှာတော့ … ကျနော်တို့ အင်းဝဆောင်ပေါ်မှာရှိနေခိုက် … ကျောင်းသားတွေရဲ့ အော်ဟစ်သံတွေ … ဆူညံထွက်လာတယ် … အာရ်စီရှေ့မှာ ကျောင်းသားတွေ … ဆန္ဒ စပြပြီ … ကျောင်းဝန်းအတွင်းမှာရှိနေကြတဲ့ ကျောင်းသားတွေ … အဲဒီနေရာဆီကို စုပြုံရောက်လာကြတယ် …။
၁၉၈၈ ရဲ့ ဇွန်လ ကျောင်းသားလှုပ်ရှားမှု စတင်ခဲ့ကြတယ် … …။
ကျောင်းဝန်းအတွင်းမှာ စီတန်းလှည့်လည် ဆန္ဒပြကြတယ် … … အာရ်စီရှေ့မှာ ဟောပြောပွဲ လုပ်တယ် … ကျောင်းသားတွေ တယောက်ပြီးတယောက် ဟောပြောကြပေါ့ … ဇွန်လ ကျောင်းသား လှုပ်ရှားမှုမှာ … ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ကတော့ …. မောင်မောင်ကျော် (ယခု အမေရိကန်နိုင်ငံ) ပါ။ နောက် မိုးသီးဇွန် … ကိုကိုလတ် အစရှိသူတွေပေါ့ … ဇွန်လကျောင်းသား လှုပ်ရှားမှုမှာ ထူးခြားတာက … ကျောင်းသားအရေး လှုပ်ရှားမှုတင်မကတော့ဘဲ … ဒီထက်တဆင့်မြင့်တဲ့ … နိုင်ငံရေးဆီ လှမ်းတက်ခဲ့ကြတယ် … … ဒီမိုကရေစီ သဘောတရားဟာ … ဇွန်ကျောင်းသားလှုပ်ရှားမှုမှာ စတင် အမြစ်တွယ်ခဲ့ပြီ … … ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ကို တောင်းဆိုခဲ့ကြတယ် … … ဇွန်ကျောင်းသားလှုပ်ရှားမှုမှာ … အရေးကြီးတဲ့မူတခုကို ချနိုင်ခဲ့တယ် … ဒါကတော့ … …
“ကျောင်းသားသပိတ်မှသည် … အထွေထွေသပိတ်ကြီးဆီသို့” ဆိုတာပါပဲ …။
နောက် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ မဆလအစိုးရဟာ သုံးနေကျ ဗျူဟာအတိုင်း … ကျောင်းသားလှုတ်ရှားမှု ဖြစ်လာတဲ့အခါတိုင်းမှာ … ကျောင်းပိတ်တဲ့စနစ်ကို အမြဲလုပ်တယ် … ကျောင်းတွေကို ပိတ်လိုက်ပြီ …။ ကျနော်တို့ ကျောင်းသားအစုတွေ ကွဲပြားသွားအောင် လုပ်လိုက်တာပေါ့ … ဆန္ဒပြကျောင်းသားအများစုကြီးက … ကျောင်းဝန်းအတွင်းကနေ ပြင်ပကို ထွက်လာခဲ့ကြတယ် … … ပြည်သူတွေနဲ့ ပူးပေါင်းမယ် … ရန်ကုန်ပြည်လမ်းမကြီးတလျှောက် ချီတက်ခဲ့ကြတယ် … ဒီချီတက်ဆန္ဒပြပွဲမှာ … အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားလေးတွေ ပါပါဝင်လာခဲ့ကြတယ် … စမ်းချောင်း မြေနီကုန်းအရောက်မှာ လုံထိန်းကားတွေနဲ့ … ဝင်တိုက်လို့ သေကျေခဲ့ရတဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ် … … ဒါကို မခံနိုင်တဲ့ … လူအုပ်ကြီးက … လုံထိန်းတွေ မောင်းလာတဲ့ကားကို အတင်းဝင်တက်ပြီး … ကားပေါ်မှာပါလာတဲ့ … လုံထိန်းရဲတွေကို သတ်ဖြတ်ပစ်လိုက်ကြတယ် … ကျနော် မှတ်မိသလောက် ရန်ကုန်ဆေးရုံကြီးရှေ့အရောက်မှာ … တခါ လုံထိန်းအလောင်းတွေကို တင်လာတဲ့ကားကိုပါ … လူအုပ်ကြီးက … မီးနဲ့ရှို့ပစ်လိုက်တယ် … မဆလ အစိုးရက ရန်ကုန်မြို့ကိုပါ အရေးပေါ်အခြေနေ (ပုဒ်မ ၁၄၄) ထုတ်လိုက်တယ်လေ …။
ဇွန်လကျောင်းသားလှုပ်ရှားမှုမှာ လူထုနဲ့ ကျောင်းသား အတိုင်းအတာတခုအထိ ပူးပေါင်းမိသွားပြီ … အကြမ်းဖက် သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပြီ … … လူထုရဲ့ မခံနိုင်မှုတွေဟာ အထွတ်အထိတ်ကို ရောက်နေပြီ … တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုဟာ … အောက်ဆုံးကို ရောက်နေပြီ …။
ဒါပေမယ့် … ဒီတချီလည်း … အာဏာရှင်များဘက်က … အသာရနေဆဲပါ … … ကျောင်းသားလှုပ်ရှားမှုကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပါတယ် … … … အာဏာရှင်တို့ မချေမှုန်းနိုင်လိုက်တဲ့ အရာကတော့ … နယ်အရပ်ရပ်ကို ပြန်သွားကြမယ့် … ကျောင်းသားများရဲ့ အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်များကိုတော့ သူတို့ … မချေမှုန်းနိုင်ခဲ့ပါဘူး … …။
ဒါဟာ … ၁၉၈၈ လူထု အရေးတော်ပုံကြီးဖြစ်ဖို့ … အစပျိုးမှုတခုဖြစ်သွားပြီဆိုတာ … မဆလ တပါတီ အာဏာရှင် အစိုးရဟာ … သိပ်အလေးနက်မထားခဲ့ပါဘူး … သူတို့ရဲ့လုပ်ရပ်က … ဖြစ်ပေါ်လာသော … အစိုးရဆန့်ကျင်ရေးလူပ်ရှားမှုတိုင်းကို အကြမ်းဖက် ချေမူန်းဖို့ကိုသာ … အလေးနက်ထားနေကြတာပါ … …။
နယ်အသီးသီးကို ပြန်သွားကြတဲ့ ကျောင်းသားတွေဟာ … ၁၉၈၈ လူထုအရေးတော်ပုံကြီးရဲ့ အမာခံရဲဘော်တွေဖြစ်ကုန်ကြတယ်ဆိုရင် … ဘယ်သူငြင်းချင်ပါသလဲ … … …။
အပိုင်း ၂ ဆက်ပါဦးမည် … …
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
ရှစ်လေးလုံး ၂၃ နှစ်ပြည့် နှစ်ပတ်လည်အတွက် စာမူများပေးပို့ကြဖို့ မိုးမခ က လေးစားစွာ ဖိတ်ခေါ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts