>Aung Way – Poem

>

ဤနေရာတွင်၊ ကဗျာဆရာအောင်ဝေး၏ဖခင်၊ စစ်သားဟောင်းကြီး၊ လှဲလျောင်းသည်
အောင်ဝေး
ဇူလိုင် ၂၂၊ ၂၀၁၁

ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ့ကို ဂုဏ်ပြုမြှုပ်နှံပရစေ။
ညောင်လေးပင်မြို့က သုဿန်ကလေးရေ
ငါ့အဖေကို ငါမြှုပ်နှံပရစေ။
အခုတော့ အဖေက တပ်ကြပ်ကြီးအေးမောင်(ငြိမ်း) (ကွယ်လွန်)
အဖေ့သား ကျနော်က ကဗျာဆရာအောင်ဝေး (ပြည်ပြေး)။
သားနဲ့အဖေ တမြေစီ တရေစီ
အဖေနဲ့သား ဘ၀ခြားခဲ့ပြီ။
ရွှေဝါရောင်အလွန်မှာ ကျနော်က အဖေနဲ့ အမေကို ထားခဲ့တယ်
နာဂစ်မတိုင်မီကလေးမှာ အမေက အဖေ့ကိုထားရစ်တယ်
အခု အဖေက အားလုံးကိုထားသွားပြီ။
ကျနော်ပြန်လာတဲ့အထိ စောင့်ပါဦးလားအဖေရယ်
တနေ့ ကျနော်ပြန်လာမှာပေါ့။
အဖေ ကျနော့်ကိုမျှော်နေမယ်
အဖေ ကျနော့်အကြောင်းတွေးနေမယ်
ကျနော်သိတယ်။
ကျနော် အချိန်မီပြန်မလာနိုင်တာ
ခွင့်လွှတ်ပါအဖေ။
အခုတော့ ကျနော့်နှလုံသားထဲမှာ
အဖေ့ကိုမြှုပ်နှံလိုက်ရပြီ။
ညောင်လေးပင်မြို့က သုဿန်ကလေးရေ
ငါ့အဖေကို ငါမြှုပ်နှံပရစီ။
အမေရေ… အဖေ့ကိုဆီးကြိုပါတော့။
အဖေရေ … ကျနော့်ကိုခွင့်လွှတ်ပါတော့။
သားဟာ အဖေ့ကိုဆန့်ကျင်ခဲ့တယ်
သားကိုခွင့်လွှတ်ပါအဖေ။
စစ်တပ်ဟာ စစ်အာဏာရှင်စနစ်ကိုကာကွယ်ပေးထားတယ်
ကျနော် စစ်တပ်ကိုဆန့်ကျင်တယ်။
စစ်တပ်ကိုဆန့်ကျင်တဲ့ကျနော်
အဖေ့ကိုဆန့်ကျင်သလိုဖြစ်ခဲ့တယ်။
အခုတော့ အဖေ့ကို ကျနော်အားနာတယ်
အဖေက သားကိုဘယ်တုန်းကမှ မဆန့်ကျင်ဘူး။
အမေရေ… အဖေ့ကိုဆီးကြိုပါတော့
အဖေရေ… သားကိုခွင့်လွှတ်ပါတော့။
တရုတ်ဖြူတွေကိုတိုက်ခဲ့လို့ အဖေ့ရင်ဘတ်မှာ
ပြည်ပရန်နှိမ်တံဆိပ်ကလေး တိုင်းပြည်က ချိတ်ပေးဖူးတယ်။
ပြည်တွင်းစစ်ကြီးထဲက ညောင်လေးပင်မြို့ ရဲ့ 
စစ်တန်းလျားတခုမှာ ကျနော်မွေးဖွားခဲ့တယ်။
တော်လှန်ရေးကောင်စီခေတ်မှာ
အဖေက ဗကပတွေကိုတိုက်တဲ့ အစိုးရစစ်သား။
မဆလခေတ်ကိုရောက်တော့
ကျနော်က အစိုးရကိုတိုက်တဲ့ ဗကပ (မြေအောက်) ကျောင်းသား။
အဖေက တပ်မတော်ပါတီ ကော်မတီ
ကျနော်က ကျောင်းသားခေါင်းဆောင် ဘာမထီ။
ကျနော်ဝန်ခံပါတယ်
ကျနော့်နိုင်ငံရေးဟာ မဆလအစိုးရကို အလဲမထိုးနိုင်ခဲ့ဘူး။
ကျနော် ပထမအကြိမ် အကျဉ်းထောင်ထဲရောက်သွားတယ်
ဆိတ်ဖလူးရနံ့(၁၉၇၆)။
သံတိုင်ကြားက ကျောင်းသားခေါင်းဆောင်သားကို
သူ့ အဖေ တပ်မတော်ပါတီကေဒါက ထောင်ဝင်စာလာတွေ့ရှာတယ်။
ကျေးဇူးတင်ပါတယ်အဖေ
နရသိန်ထဲမှာ သားပျော်ပါတယ်အဖေ။
ကျနော့်ကြောင့် အဖေ့ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပေါ့
ကျနော် စိတ်မကောင်းပါဘူးအဖေ။
ကျနော့်ကြောင့် အမေနဲ့ ညီလေး-နှမလေးတွေဒုက္ခရောက်ခဲ့ပေါ့
ကျနော်စိတ်မကောင်းပါဘူးအဖေ။
ရာဇ၀င်တွေဖြတ်သန်းသွားတယ်
ကံကြမ္မာရထားကြီးပေါ်မှာ
အဖေ အငြိမ်းစားစစ်မှုထမ်းဟောင်းကြီးဖြစ်လာတယ်။
ကျနော်ထောင်ကလွတ်လာတယ်
ကျနော် မြစ်ဝကျွန်းပေါ်တည်ဆောက်ရင်း အိမ်ထောင်ကျတယ်။
ဟိုတုန်းက ကျောင်းသားသူပုန်တယောက်ရဲ့အဖေ
နောက်တော့ အဖေဟာ ကဗျာဆရာရဲ့အဖေဖြစ်လာခဲ့ပေါ့။
ကဗျာဆရာကမွေးတဲ့ ကလေးတွေရဲ့ ဘိုးအေဖြစ်လာခဲ့ပေါ့။
ရှစ်လေးလုံးအရေးတော်ပုံမှာ တိုက်ပွဲဝင်နေတဲ့
သူ့သားကဗျာဆရာရဲ့ ဓာတ်ပုံ
သတင်းစာထဲကဖြတ်ပြီး သူ့ အဖေစစ်သားဟောင်းကြီး သိမ်းပြန်သတဲ့။
ဟိုတုန်းကတပ်မတော်နေ့အခမ်းအနားမှာ
သူ့စစ်ဝတ်စုံဟောင်းကြီး ထုတ်ထုတ်ဝတ်တတ်တဲ့ မင်းတို့အဖေ
ရှစ်ဆယ့်ရှစ်နောက်ပိုင်း ထုတ်ဝတ်တာမတွေ့ တော့ဘူးလို့ 
အမေပြောပြဖူးတယ်။
ကျနော်ကလည်း ကျနော်
လူထုတော်လှန်ရေးထဲမှာ ပျော်တယ်။
ကျနော် ဒုတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် ဒုတိယအကြိမ်ထောင်ကပြန်ထွက်။
ကျနော် တတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် တတိယအကြိမ်ထောင်ကပြန်ထွက်။
ယဉ်ကျေးမှု ရှေ့တန်းစစ်မျက်နှာမှာ
ကျနော်ကအရေးတော်ပုံတပ်သားတယောက်ပေါ့ ။
ကျနော့်ကဗျာတွေကို အဖေဖတ်မှာပဲ
(အမေက အမြဲဖတ်တယ်)
ကျနော့်အနာဂတ်ကို အဖေကျေနပ်မှာပဲ
ကျနော့်အိမ်ထောင်ရေးကိုအဖေစိတ်ချမှာပဲ။
ကျနော့်သားတွေလည်း အင်ဂျင်နီယာ-ကွန်ပျူတာ ဘွဲ့ အသီးသီးရပြီ
ကျနော့်ဇနီးလည်း “ပါရမီဖက် ခင်မွန်’’ ဘွဲ့ ရပြီ။
မြေးတကောင်ရဲ့ ဘွဲ့ နှင်းသဘင်မှာ စည်တော်ယွန်းတဲ့အခါ
မျက်ရည်ကျတာ အဲဒီစစ်သားဟောင်းဘိုးအေကြီးပါ။
ညောင်လေးပင်မှာနေတဲ့အဖေဟာ လွမ်းတဲ့အခါ
ရန်ကုန်မှာနေတဲ့သားဆီကိုလာတယ်။
ဖအေနဲ့သား ရေဒီယိုတလုံးအလယ်ချ
ခေါင်းချင်းဆိုင်နားထောင်ကြ။
သားနဲ့ အဖေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ
ဓနုဖြူကနေ ဒီပဲယင်းအထိ
ထင်မြင်ချက်ချင်းညှိ။
ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့သည်
ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ … တဲ့
ဆရာမောင်သာရရေးခဲ့ဖူးတယ်။
“တချို့တွေ နေနိုင်လွန်းတယ်“
ခိုင်ထူးသီချင်းလိုပဲ။
ဒီနေ့ခေတ်မှာ သူရဲကောင်းလည်းများတယ်
သစ္စာဖောက်လည်းများတယ်။
ဒီနေ့ခေတ်မှာ ကိုယ်ကျိုးစွန့်သူလည်းရှိ
အချောင်သမားလည်းရှိ။
ကျနော်ဘာကောင်လဲ
ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေရတယ်။
ကျနော်ဘာလဲ ဘယ်လဲ
အဖေမမေးခင် ကျနော့်ကိုယ်ကျနော် အရင်မေးရတယ်။
အဖေနဲ့ နောက်ဆုံးတွေ့လိုက်ရတာ
ရွှေဝါရောင်အထွေထွေသပိတ်မတိုင်ခင်ကလေးပါ။
အဖေက ကျနော့်ကို ကျော်သူ့အကြောင်းမေးတယ်
အဖေက ကျနော့်ကို ဇာဂနာ့အကြောင်းမေးတယ်။
အဖေက ကျနော့်ကို ကျနော့်အကြောင်းမမေးဘူး
အဖေက ကျနော်ဘာလုပ်နေတယ်ဆိုတာသိတယ်။
ဒီလိုနဲ့ ရွှေတိဂုံသပိတ်စခန်းဖြိုခွဲခံရတယ်
ရွှေဝါရောင်အလွန်မှာ ကျနော်က အဖေနဲ့အမေ့ကိုထားခဲ့တယ်
နာဂစ်မတိုင်ခင်ကလေးမှာ အမေက အဖေ့ကိုထားရစ်တယ်
အခု အဖေက အားလုံးကိုထားသွားပြီ။
သားပြန်လာတဲ့အထိ စောင့်ပါဦးလားအဖေရယ်
သား တနေ့ ပြန်လာမှာပေါ့။
တနေ့ ပြည်တော်ဝင်ခန်းရောက်မှာပေါ့။
အခုတော့ ကျနော့်နှလုံးသားထဲမှာ အဖေ့ကိုမြှုပ်နှံလိုက်ရပြီ။
ဤနေရာတွင် ကဗျာဆရာအောင်ဝေး၏ဖခင် စစ်သားဟောင်းကြီး လှဲလျောင်းသည်။
အဖေ ကောင်းရာသုဂတိ ရောက်ပါစီ။ ။

(ဇူလိုင် ၂၀-၂၀၁၁၊ အဖေကွယ်လွန်တဲ့ည)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts