>Burma’s Martyrs Day according to Regime

>

သတင်းစာ ၃ စောင်ပေါ်က ၆၄ နှစ်မြောက်အာဇာနည်နေ့အခမ်းအနား
တူမောင်ညို
ဇူလိုင် ၂၂၊ ၂၀၁၁
ကျနော်သည် ယခုနှစ်တွင်ကျင်းပသည့် “ ၆၄ နှစ်မြောက်အာဇာနည်နေ့အခမ်းအနား” ကျင်းပပုံကို ယခင့်ယခင်နှစ် များ နှင့်မတူဘဲ ထူး၍ စိတ်ဝင်စားနေမိပါသည်။
 ဗိုလ်ချုပ်အကြောင်းစာအုပ်တွေကိုလည်း အမြောက်အများ ပြန်လည်ထုတ်ဝေရေးသားနေပြီး၊ ရေးသားထုတ်ဝေသမျှကို စိတ်ဝင်တစား၊ အားတက်သရော ဝယ်ယူဖတ်ရှုနေကြသည်ကလည်း ထူးခြားမှုတစ်ခုဖြစ်ပါသည်။ မောင်စိမ်းနီ စုစည်းထုတ်ဝေသည့် “စာရေးဆရာကိုအောင်ဆန်း (၁၉၁၅- ၁၉၄၇)” စာအုပ်မှာပင် ပါဝင်ရေးသားသူ ၁၈၃ ဦးရှိသည်။ ထိုစာအုပ်သည် စာအုပ်ဆိုင်များ တွင်ဝယ်၍မရတော့ကုန်နေသည်ဟုသိရသည်။
ဗိုလ်ချုပ်အကြောင်းစိတ်ဝင်စားမှုသည် ပြည်သူများ လူငယ်များအကြားတွင် ဒီရေအလား တိုးများနေသည်။
သို့ဖြင့် “ ၆၄ နှစ်မြောက်အာဇာနည်နေ့အခမ်းအနား” ကို ဘယ်သူတွေတက်ရောက်၍ ဘယ်လိုပုံစံကျင်းပမှာလဲ။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပထမအကြိမ်ကျင်းပမည့်အခမ်းအနားဖြစ်ခြင်းနှင့် ၉ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဆိုသည့် စသည့်၊ စသည့် အချက်များသည် ကျနော့် စိတ်ဝင်စားမှု ၏ အရင်းခံ အကြောင်းအချက်များပင်ဖြစ်တော့သည်။
ရုပ်မြင်သံကြားကျနော့်တွင်မရှိ၍ အခမ်းအနားကျင်းပပုံကို မကြည့်လိုက်ရပါ။
သို့အတွက် ရေဒီယိုနှင့် သတင်းစာများက လွှင့်ထုတ်သော သတင်းကြေညာချက်နှင့်သတင်းထုတ်ပြန်ချက် (ဓါတ်ပုံ) များ ကိုသာကြည့်ရပါသည်။
သို့ပါ၍ အစိုးရ၏ တရားဝင် သတင်းစာ(၃) စောင် တွင် ဖေါ်ပြသော “၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား” ကျင်းပပုံနှင့် ပတ်သက်၍ သတင်းစာတစ်စောင်နှင့် တစ်စောင်၏ ဖေါ်ပြချက်ကို နှိုင်းယှဉ် ဖေါ်ပြလိုက်ပါသည်။
မြန်မာ့အလင်းသတင်းစာ(အင်္ဂလိပ်ဘာသာ) ၊မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများတွင် ရှေ့မျက်နှာဖုံးသတင်း အဖြစ်ပေါ်ပြထားပါသည်။
 သတင်းဓါတ်ပုံအဖြစ်အလည်း ရှေ့မျက်နှာဖုံးတွင် ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဌာနဝန်ကြီး ဦးလှမြင့် လွမ်းသူ့ပန်းခွေချနေသည့်ပုံတစ်ခုတည်း ကိုသာ သတင်းစာ ၃ စောင်စလုံးက တစ်ထပ်တည်းပင် ဖေါ်ပြထား ပါသည်။ သတင်းစာသားလည်း အားလုံးအတူတူပင်ဖြစ်သည်။ မြန်မာ့အလင်းနှင့်ကြေးမုံတွင် “၏ ၊သည်” မလွဲအတူတူပင်။ 

      မြန်မာ့အလင်းသတင်းစာ(အင်္ဂလိပ်ဘာသာ)တွင် ဖေါ်ပြထားသည့် သတင်းဓါတ်ပုံများမှာ စာမျက်နှာ (၈) တွင် သတင်းဓါတ်ပုံ (၄) ပုံ ဖေါ်ပြထားပါသည်။ အစဉ်အလိုက်အားဖြင့်
– အာဇာနည် ဦးဘဝင်း မိသားစုများနှင့် အာဇာနည် ဦးရာဇတ် မိသားစုဝင်များက လွမ်းသူ့ပန်းခွေချနေပုံ
– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ လွမ်းသူ့ပန်းခွေချနေပုံ
– မြန်မာနိုင်ငံဂီတအစည်းအရုံး လွမ်းသူ့ပန်းခွေနေချပုံ
မြန်မာ့အလင်းသတင်းစာတွင်ဖေါ်ပြထားသည့် သတင်းဓါတ်ပုံများမှာ စာမျက်နှာ (၃ ကော်လံ ၅ ) တွင် သတင်းဓါတ်ပုံ (၄) ပုံ ဖေါ်ပြ ထားပါသည်။ အစဉ်အလိုက်အားဖြင့်
– သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ ပန်းခြင်းချနေပုံ
– သခင်မြ မိသားစုများ လွမ်းသူ့ပန်းခွေချနေပုံ
– မြန်မာနိုင်ငံ ဂီတအစည်းအရုံး လွမ်းသူ့ပန်းခွေချနေပုံ
– မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် လွမ်းသူ့ပန်းခွေချနေပုံ
ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည့် သတင်းဓါတ်ပုံများမှာ စာမျက်နှာ (၃ ကော်လံ ၁ ) တွင် သတင်းဓါတ်ပုံ (၄) ပုံ ဖေါ်ပြ ထားပါသည်။ အစဉ်အလိုက်အားဖြင့်
– သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့်ဒေါ်လဲ့လဲ့နွယ်သိန်း လွမ်းသူ့ပန်းခွေချနေပုံ
– မိုင်းပွန်စော်ဘွားမိသားစုများ လွမ်းသူပန်းခွေချနေပုံ
– မြန်မာနိုင်ငံကြက်ခြေနီအသင်း လွမ်းသူ့ပန်းခွေချနေပုံ
– မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ လွမ်းသူ့ပန်းခွေချနေပုံ 
  အာဇာနည်ကြီးများ၏မိသားစုများက အာဇာနည်နေ့တွင် အာဇာနည်ကြီးများကို ကန်တော့ကြသည်၊ အလေးပြုကြသည်၊ မေတ္တာပို့၊ အမျှဝေခြင်းများသည် ပြုမြဲအစဉ်အလာဖြစ်သည်။
       အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ၊တပ်မတော်ဖခင်ကြီးအတွက်လက်ရှိသမ္မတကြီးအနေဖြင့်လည်း  လွမ်းသူ့ ပန်းခွေ သို့မဟုတ် လွမ်းသူ့ပန်းခြင်းပေးပို့၍ ဂါရဝပြုသင့်သည်မဟုတ်ပါလော။
      အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ဖခင်ကြီး အတွက် လက်ရှိ တပ်မတော် ကာကွယ်ဦးစီးချုပ် သည် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့ဝင်များကိုယ်စား လွမ်းသူ့ပန်းခွေ/ပန်းခြင်းပေးပို့ ဂါရဝပြုခြင်းမရှိသည်ကို ကြီးမားသောလစ်ဟာချက် တစ်ခုအဖြစ်တွေ့ရှိရပါသည်။ စစ်မှုထမ်းဟောင်းများ က ပန်းခွေချအလေးပြုသော်လည်း လက်ရှိစစ်မှုထမ်းများ (စစ်မှုထမ်းသစ်များ) က ဘာကြောင့် ပန်းခွေချအလေးပြုခြင်းမရှိပါ။
          ဘာအကြောင်းများကြောင့်ပါလဲ။
      မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကလည်း တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့များကိုယ်စားတက်ရောက်အလေးပြုသည် လွမ်းသူ့ပန်းခွေ/ ပန်းခြင်းပေးပို့ ဂါရဝပြုခြင်းမရှိပါ။ ဘာကြောင့်ပါလဲ။
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အခြားသောနိုင်ငံရေးပါတီများက အာဇာနည်ဗိမာန်သို့သွားရောက် ဂါရဝ ပြုကြသည့်သတင်း လွမ်းသူ့ပန်းခွေ/ ပန်းခြင်းပေးပို့သည့်သတင်း ဖေါ်ပြမထား၍မပါရှိလေသလား၊ သို့တည်းမဟုတ် သွားရောက် ဂါရဝ ပြုခြင်း/ပေးပို့ခြင်းမရှိသည့်အတွက် သတင်းမဖေါ်ပြလေသလားကျနော်မပြောတတ်ပါ။ ပုဂ္ဂလိကဂျာနယ်များစောင့်ဖတ်ပြီးမှသာ သိရ ပေတော့မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်တွင် အခမ်းအနားကျင်းပသည့်သတင်းကိုတော့ မီဒီယာများတွင် ကြား ရပါသည်။
        စကာလုံး၊ စကားသံ၊ အပြုအမူ၊ အပြောအဆိုနှင့်ပြုမူလှုပ်ရှားဖေါ်ပြချက်များသည် မည်သို့သဘောထားသည် ဟူသော  ပင်ကိုယ်သဘောထားကို ကြေးမုံပြင်သဖွယ်ဟပ်မြဲပင် မဟုတ်ပါလော။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts