>From Child Aid Myanmar Towards Metta Nanda Foundation

>

 ချိုင်းအိဒ်မြန်မာ မှသည် မေတ္တာနန္ဒဖောင်ဒေးရှင်း ပရဟိတကျောင်းဆီသို့
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၂၊ ၂၀၁၁
ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ မေတ္တာနန္ဒကျောင်းတိုက်ဆရာတော် အရှင်ဓမ္မပီယသည် ၂၀၁၀ ခုနှစ် ၀ါဆိုမှသည် ယခု၂၀၁၁ ၀ါဝင်သည်အထိ မြန်မာပြည်၊ ရန်ကုန်မြို့တွင် ၀ါဆိုခဲ့ပြီး မင်္ဂလာဒုံမြို့အနီး၊ နွယ်ခွေအရပ်တွင် ပရဟိတစာသင်ကျောင်းနှင့် မိဘမဲ့ကလေးသူငယ်များ ဂေဟာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။
၂၀၀၇ ခုနှစ် နာဂစ်မုန်တိုင်းသင့်စဉ်က မိဘများဆုံးရှုံးခဲ့သော ကလေးသူငယ်များကို ထောက်ပံ့သည့် အစီအစဉ် Child Aid Myanmar အလှူဒါနလုပ်ငန်းကို ဆောင်ရွက်ခဲ့သော ဆရာတော်သည် ၂၀၁၀ ခုနှစ် အထိ နာဂစ်သင့်ဒေသအရောက်သွားပြီး အဆိုပါ ကလေးသူငယ်များ၏ ပညာရေးထောက်ပံ့မှိုကု ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ မှ စတင်၍ ပညာရေးနှင့် လူမှုစောင့်ရှောက်မှု ဂေဟာတခုအဖြစ် မင်္ဂလာဒုံ၊ နွယ်ခွေတွင် မေတ္တာနန္ဒ ပရိဟိတကျောင်းနှင့် ဂေဟာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာငွေ သိန်း ထောင်ပေါင်းများစွာ အကုန်ကျခံပြီး အလှူရှင်များ၊ စေတနာရှင်များနှင့် လုပ်အားပေးများ၊ ရဟန်း သံဃာများ၏ ၀ိုင်းဝန်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။ ယခုလက်ရှိ ရွာနီးချူပ်စပ်မှာ ပညာသင်ကြားလိုသော ကလေးသူငယ် ၃၀၀ နီးပါး လက်ခံထားပြီး မူလတန်းပညာ ကို သင်ကြားပေးနေသည်ဟု ဆိုသည်။ မူလတန်းလွန်ပညာရေးလုပ်ငန်းများ၊ စာကြည့်တိုက်အလုပ်နှင့် ပရဟိတလုပ်ငန်းများ စွမ်းသလောက်လုပ်မည်ဟု သိရသည်။

မူလ ချိုင်းအိဒ်မြန်မာလုပ်ငန်းကို တိုးချဲ့ပြီး မေတ္တာနန္ဒဖောင်ဒေးရှင်းအဖြစ် ဆက်လက်ဆောင်ရွက်မည်ဟု ဆရာတော်က မိန့်ကြားသည်။ မူလကတည်းက သာသနပြုလုပ်ငန်းအဖြစ် ဆောင်ရွက်နေသော နိဂြောဒသာမဏေ စီမံကိန်း၊ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ ဇီဝိတဒါနဆေးကုသမှုများ နှင့် စေတနာဝန်ထမ်း အလွတ်ပညာသင်တန်းများကို ရန်ကုန်မြို့ ငါးကျမ်းပြန်ကျောင်းတိုက်တွင်အခြေပြုပြီး ဆောင်ရွက်နေသည်များကိုလည်း ဆက်လက်စီစဉ်သွားမည်ဖြစ်ကြောင်း၊ အပြန်အလှန် အမှီပြုပြီး ပညာဒါနလုပ်ငန်းများကိုလည်း အကူအညီရရှိကြောင်း ဆရာတော်က ရှင်းပြသည်။

ဓာတ်ပုံများမှာ မေတ္တာနန္ဒ ပရိဟိတကျောင်း ဖွင့်လှစ်စဉ်က မြင်ကွင်းများဖြစ်သည်။ ဆရာတော်၏ www.childaidmyanmar.org ၀က်ဆိုက်တွင် ဆက်လက် အသိပေးပြန်ကြားသွားမည် ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts