>Q & A for MoeMaKa Charity Drive for Burma

>

မိုးမခက အများပြည်သူရဲ့ အလှူငွေကိစ္စ၊ မေးခွန်းနဲ့ အဖြေများ
မိုးမခ၊ ဇူလိုင် ၂၁၊ ၂၀၁၁
ဒီလမှာတော့ အောက်ပါ အများပြည်သူထံက မေးမြန်းနေကျ အမေးများကို အားလုံးသိရှိစေဖို့ ဖြေကြားလိုက်ပါတယ်။
ရန်ပုံငွေကိစ္စ မေးခွန်းနဲ့ အဖြေများ
၁။ ပိုက်ဆံတွေ ဘယ်လိုလွှဲတာလဲ။
အမေရိကန်နဲ့ ပြည်ပရောက်နေတဲ့ မြန်မာများက ပြည်တွင်းရှိ ကိုယ့်မိသားစု၊ မိတ်ဆွေများထံ ငွေကြေး အကူအညီ အလှူဒါနလုပ်နေကျတဲ့ပုံစံအတိုင်းပဲ ကျနော်တို့ ငွေလွှဲတာ ဖြစ်ပါတယ်။
၂။ ပိုက်ဆံတွေကို ဘယ်သူတွေဆီ ပေးတာလဲ။
အလှူခံစဉ်က ပြောထားတဲ့အတိုင်း အလှူလက်ခံတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထံ သွားရောက်ပေးအပ်တာ ဖြစ်ပါတယ်။
၃။ သူတို့ဆီက လက်ခံဖြတ်ပိုင်းတွေ ရှိသလား။
ရှိပါတယ်။ တချို့အလှူတွေကတော့ ယုံကြည်မှုနဲ့ ပေးအပ်တာဖြစ်လို့ လက်ခံဖြတ်ပိုင်းမယူတာလည်း ရှိပါတယ်။ ဥပမာ အကျဉ်းကျနေတဲ့ မိသားစု၊ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအလှူ စတာတွေမှာ သက်ဆိုင်ရာလက်ထဲကို ပေးအပ်တာမျိုးရှိသော်လည်း လက်ခံကို မတောင်းတဲ့အကြိမ်တွေ ရှိပါတယ်။
၎။ ခင်ဗျားတို့ ဘယ်ကလှူနေတယ်ဆိုတာ သူတို့သိသလား။
သိတဲ့သူတွေလည်း ရှိပါတယ်။ မသိတဲ့အလှူတွေလည်း ရှိပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုတွေအတွက် အလှူတွေကို ကျနော်တို့က “စေတနာရှင်များ” လို့ပဲ ပြောပါတယ်။ ကိုယ်တိုင်ကနေပြီးတော့ မိုးမခ ကလို့တောင် မပြောပါဘူး။ လက်ခံသူတွေကတော့ မိုးမခကလို့ သိသော်လည်း စေတနာရှင်များရဲ့ အလှူအဖြစ် လက်ခံပါတယ်။ 
၅။ ခင်ဗျားတို့က အလှူလက်ခံသူတွေကို ဘယ်ကလှူနေတယ်လို့ မပြောတော့ သည်ဘက်က အလှူရှင်တွေကို ဘယ်လိုရှင်းပြမှာလဲ။
အလှူရှင်တွေကို ဘယ်အတွက် လှူမယ်ဆိုတာကို ရှင်းပြပြီး အလှူခံတာဖြစ်ပါတယ်။ ပြီးတော့ မိုးမခက အလှူခံရရှိကြောင်း လက်ခံကို ထုတ်ပေးပါတယ်။ အဲသည်မှာ ဘယ်ကိုလှူမယ်ဆိုတာကို ထည့်သွင်း ရေးထားပါတယ်။ ပြီးတော့မှ မြန်မာပြည်က အလှူလက်ခံတွေထံကို သင့်တော်သောနည်းနဲ့ အလှူငွေ ပေးအပ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ အထက်ပါအတိုင်း ရှင်းပြတာဖြစ်ပါတယ်။
၆။ နိုင်ငံရေးအကျဉ်းသားစာရင်းနဲ့ အလှူခံတယ်ဆိုတော့ ခင်ဗျားတို့က ဘယ်လိုမျိုး စီစဉ်ပေးတာလဲ။
အဲသည်မှာတော့ လစဉ်အလှူငွေ ပေးအပ်တဲ့ဆီမှာ အကျဉ်းသားစာရင်းနဲ့ အလှူရှင်မိတ်ဆွေစာရင်းကို တွဲပြီးတော့ ပေးတာဖြစ်ပါတယ်။ အပြောင်းအလဲရှိတာတွေကို လစဉ် အကြောင်းကြားပါတယ်။
၇။ အကျဉ်းသားစာရင်း၊ အလှူရှင်မိတ်ဆွေစာရင်း အပြောင်းအလဲ ရှိသလား။
ရှိပါတယ်။ တလောက သိန်းစိန်ရဲ့ တနှစ် သက်သာတဲ့လွတ်ငြိမ်းခွင့်မှာ လွတ်မြောက်လာသူတွေနေရာမှာ အခြားအကူအညီလိုသူတွေနဲ့ ပြန်ပြီး ဖြည့်စွက်တာတွေ ရှိပါတယ်။
၈။ ခင်ဗျားတို့ကကော စိုက်ပြီး မလှူဘူးလား။
မိုးမခက စိုက်ပြီး လှူပါတယ်။ ငွေဈေးကို တွက်တုန်းက တဒေါ်လာကို ကျပ် ၁ ထောင်ပါ။ အခုတော့ ၇၈၀ ကျပ် ပေါက်ပါတယ်။ အဲသည်အတွက် ငွေလွှဲမှာ လိုသွားတဲ့ ငွေကြေးဟူသမျှဟာ မိုးမခဝိုင်းတော်သားများအားလုံးရဲ့ အလှူပဲ ဖြစ်ပါတယ်။ လစဉ် မိုးမခကလည်း ဒေါ်လာ ၁၀၀ ကျော်ကို ထည့်ဝင် လှူဒါန်းပါတယ်။ ဒါက နိုင်ငံရေးအကျဉ်းသားတွေအတွက် အလှူကဏ္ဍကို ပြောတာပါ။
၉။ ခင်ဗျားတို့က ဘာကြောင့် လှူနိုင်ရတာလဲ။
မိုးမခက ဝိုင်းတော်သားတွေအတွက် လုပ်ငန်းစာရိတ်အတွက် အလှူခံရတဲ့ ရန်ပုံငွေ ရှိပါတယ်။ အဲသည်ငွေကို ပြည်ပက မိုးမခဝိုင်းတော်သားတွေ၊ စာမူရှင်တွေ ခံစားခွင့် မရှိပါဘူး။ သို့သော် ပြည်တွင်း အလှူမှန်သမျှဟာ အဲသည် ရန်ပုံငွေကို ကျနော်တို့ ယူမသုံးတဲ့အတွက် လှူနိုင်တဲ့ အလှူအဖြစ် သတ်မှတ်ပါတယ်။
၁၀။ နိုင်ငံရေးအကျဉ်းသားတွေကို တလ ငွေ ၁ သောင်းလှူတာ နည်းသလား၊ များသလား။
ဘဝတွေ အသက်တွေ စွန့်လွှတ်နေသူတွေအတွက် ငွေကြေးနဲ့ မတိုင်းတာသင့်ပါဘူး။ သို့သော် မိတ်ဆွေအလှူရှင်တွေအနေနဲ့လည်း သူတို့တတ်နိုင်တဲ့ ကူညီအားပေးမှုကို ပြသကြတာဖြစ်လို့ အမွန်အမြတ်အလှူ ဖြစ်ပါတယ်။
၁၁။ အဲသည်လို လှူတော့ ဘာအကျိုးရှိမှာမို့လဲ။
လှူတယ်ဆိုတာက စွန့်လွှတ်တာ တခုပါပဲ။ တချို့က ကိုယ့်အကျိုးအတွက် ရည်ရွယ်ပြီး လှူတာပါ။ တချို့ကတော့ သူများအကျိုးအတွက် လှူတာ။ အခု မိုးမခက အလှူခံနေတာတွေက ကိုယ့်အကျိုးအတွက် အလှူခံတာမဟုတ်ဘဲ သူများအကျိုးအတွက် အလှူခံတာ ဖြစ်ပါတယ်။ သူများတွေ လိုအပ်နေတဲ့နေရာကို ရည်ရွယ်ပြီး လှူတဲ့အလှူဖြစ်တော့ ကိုယ့်အတွက် အကျိုးမဖြစ်ဘူးဆိုတာကတော့ သေချာပါတယ်။ ဥပမာ မိုးမခအတွက် အဲသည်အလှူငွေတွေက အကျိုးမဖြစ်ပါဘူး။ သူတို့မှ မသုံးရတာကိုး။
၁၂။ ခင်ဗျားတို့ အကျိုးအတွက် မသုံးဘူးလို့ ဘယ်လိုမျိုး အာမခံနိုင်လို့လဲ။
မိုးမခကို အမေရိကန်မှာ အများအကျိုးဆောင်လုပ်ငန်း (501(c)3) မှတ်ပုံတင်ထားတယ်။ နှစ်စဉ် အစိုးရကို စာရင်းတွေ တင်ပြရပါတယ်။ အဲသည်မှာလည်း မှတ်ပုံတင်ထားတဲ့ အမှုဆောင်တွေဟာ ငွေကြေးခံစားခွင့် မရှိဘူး လို့ တရားဝင်ရေးထားပါတယ်။
ပြီးတော့ အခု မိုးမခကို အားစိုက် ခွန်စိုက်လုပ်နေသူတွေကို မေးကြည့်ပါ။ မောင်ရစ်ကို မမေးချင်နေ၊ ကိုဇာနည်ဝင်းတို့၊ ကိုဦးတို့ကို မေးပါ။ သူတို့တွေကို မိုးမခက ဘာမှလုပ်မပေးလို့ သူတို့ဖာသာ သူတို့ မိသားစုစားဝတ်နေရေး ကိုယ့်ဖာသာကိုယ် ဖြေရှင်းနေရပါတယ်။ သူတို့နဲ့အတူတွဲလုပ်လာတာ ၂၀၀၅၊ ၂၀၀၆ ကတည်းကဆိုတော့ သူတို့တွေ မယုံကြည်ရင် မိုးမခ ကနေ ထွက်ကုန်တာ ကြာပြီပေါ့။ တခြား စာရေးသူတွေကိုလည်း မေးကြည့်ပါ။ မိုးမခက ဘာများ ပေးကမ်းဖူးသလဲလို့။ မြန်မာပြည်ပက မိုးမခ က လူတွေ မိုးမခ ကနေ ငွေကြေးအကျိုးအတွက် ဘာမှရဖူးတယ် မရှိဘူး။
၁၃။ ခင်ဗျားတို့ကူညီနေသူတွေ အားပေးနေသူတွေထဲမှာ အထင်ကရတွေ ပါသလား။
ပါပါတယ်။ ထောင်ကျနေသူတွေထဲမှာ ၆၅ နှစ် ကျသူတွေ ပါတယ်လို့ ပြောနိုင်ပါတယ်။ တိုင်းရင်းသားတွေ ပါပါတယ်။ အကျဉ်းကျ သံဃာတွေ ပါပါတယ်။ ဒါကတော့ စာရင်းထဲမှာ လက်ခံရရှိသလောက်ကို ကြည့်ပြီးတော့ ပြောတာဖြစ်ပါတယ်။
၁၄။ အကျဉ်းထောင်ထဲကလူတွေက ခင်ဗျားတို့ကူနေတာကို လက်ခံရရှိတယ်လို့ ခင်ဗျားတို့က ဘယ်လိုလုပ် သိသလဲ။
သိတဲ့သူလည်း ရှိမယ်။ မသိတဲ့သူကလည်း မသိပါဘူး။ အဲဒါကတော့ မြန်မာပြည်တွင်းက လက်ခံဆောင်ရွက်နေသူတွေရဲ့ ကဏ္ဍဖြစ်သွားပါပြီ။ လှူကတည်းက မိုးမခ ကလို့ ပြောချင်မှတောင် ပြောတာပါ။ မြန်မာပြည် စေတနာရှင်တွေရဲ့ အလှူဆိုပြီး လှူတာပါ။ ကိုကျော်သူ ပြောသလိုပေါ့။ အများပြည်သူအကျိုး – အများပြည်သူကောင်းမှု ဆိုတာမျိုး လက်ခံရရှိသူတွေဆီမှာ ပီတိသုခရကြဖို့၊ အားရှိစေဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။ 
၁၅။ အခုထက်ထိကို မြန်မာပြည်ပြင်ပက အလှူခံတွေကို မယုံရေးချ မယုံဘူးဗျာ။ ဘာပြောမလဲ။
ကျနော်တို့တွေ အားလုံးအချင်းချင်းမှာ ယုံကြည်မှု၊ ချစ်ခင်မှု၊ လေးစားမှု၊ ညီညွတ်မှုတွေ တည်ဆောက်နေရတဲ့ ကာလဖြစ်ပါတယ်။ ကျနော်တို့တတွေ ညံ့လို့၊ အရည်အချင်းမရှိသေးလို့ လူတွေက မယုံကြည်ကြတာကို အပြစ်မမြင်ပါဘူး။ ဆက်ပြီး ကြိုးစားနေရဦးမှာပေါ့။ အခုလိုမျိုး မေးတာကို ဖြေခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ နောင်လည်း အများတွေရဲ့ သံသယတွေကို ဖြေနိုင်သလောက် ဖြေပါ့မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts