>July 7th, 2011- Q & A With Suu

>

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်

ဇူလိုင် ၇၊ ၂၀၁၁ အာရ်အက်ဖ်အေ အမေးအဖြေအစီအစဉ်

● မေးသူ ။ ။ နော်ပန်းဖြူ (ထိုင်းနိုင်ငံ)

● မေးခွန်း ။ ။ အန်တီဒေါ်စုရှင့်… သမီးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတဦး ဖြစ်ပါတယ်။ သမီးမေးချင်တဲ့ မေးခွန်းကတော့ အစိုးရက NLD ပါတီကို တရားမဝင်ပါတီအဖြစ်သတ်မှတ်ထားချိန်မှာ အခုဆိုလို့ရှိရင် NLD ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်တဲ့ အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကခြိမ်းခြောက်တဲ့ သတိပေးစာတစ်စောင် ထွက်လာတာကို တွေ့ရတယ်၊ အခုလို အစိုးရက တားမြစ်လာတဲ့အပေါ်မှာ အန်တီဒေါ်စုတို့ NLD ပါတီအနေနဲ့ ဘယ်လိုအမြင်ရှိပါသလဲ၊ ပြီးတော့ ရှေ့လာမယ့်ကာလမှာ NLD ပါတီ ဘယ်လို တုန့်ပြန်သွားမလဲဆိုတာကို သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

● အဖြေ။ ။ အန်တီတို့ NLD ပါတီက တရားဝင် တုန့်ပြန်ချက်စာကို ပြည်ထဲရေးဝန်ကြီးထံ ပို့ပြီးဖြစ်သလို အင်တာနက်ပေါ်မှာလည်း တင်ပြီးဖြစ်ပါတယ်၊ သမီးစိတ်ဝင်စားရင် ရယူပြီး ဖတ်နိုင်ပါတယ်၊ အခြေခံ သဘောထားကတော့ အန်တီတို့ဟာ တရားဥပဒေနဲ့ ကိုက်ညီစွာ ရပ်တည်နေတာဖြစ်ပြီး၊ ပြည်ထဲရေး ဝန်းကြီးဌာနကလည်း အန်တီတို့လိုပဲ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားတယ်လို့ ပြောဆိုတာကြောင့် နှစ်ဦး နှစ်ဘက် တွေ့ဆုံညှိုနှိုင်း အဖြေရှာဖို့ တောင်းဆိုထားတာဖြစ်ပါတယ်၊ NLD ဝဘ်ဆိုဒ်လိပ်စာကတော့ www.nldburma.org/ ဖြစ်ပါတယ်။

◊ ◊ ◊

● မေးသူ ။ ။ ကိုဝင်းပေါ်မောင် (တောင်ကိုရီးယား)

မေးခွန်း ။ ။ အန်တီစုခင်ဗျာ… ရွှင်လန်းချမ်းမြေ့ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်၊ ကျနော် ဝင်းပေါ်မောင်ပါ။ အခုလို နိုင်ငံရေးစနစ်နဲ့ အစိုးရတရပ် အပြောင်းအလဲကာလမှာ သတင်းမီဒီယာနဲ့ စာနယ်ဇင်း ထုတ်လုပ်မှုတွေမှာ လုပ်တာကိုင်တာ ပြုပြင်မယ်ဆိုပြီးတော့ အစိုးရသစ်ဘက်ကလည်း လေသံပစ်ထားသလို အများကလည်းမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လို့ တကယ်လက်တွေ့မှာကြတော့ ဘာမှအပြောင်းအလဲတွေ ဖြစ်မလာပဲနဲ့ ပိုမိုရှုပ်ထွေးတဲ့ အခြေအနေမျိုးပဲ ဖြစ်လာခဲ့ပါတယ်၊ ဒီအခြေအနေပေါ်မှာ စာနယ်ဇင်းလုပ်ငန်းနဲ့ ပတ်သက်နေတဲ့လူတွေအနေနဲ့ ဘယ်လိုတုန့်ပြန်ဖို့ လိုအပ်မယ်လို့ ထင်ပါသလဲ၊ ပြီးတော့ အစိုးရဘက်ကိုရော ဒီသတင်းမီဒီယာသမားတွေကိုကော ဒေါ်စုအနေနဲ့ ဘယ်လို တိုက်တွန်းချင်ပါသလဲဆိုတာ သိချင်ပါတယ်။

● အဖြေ။ ။ ကျမတို့ဟာ ဒီမိုကရေစီ စံနှုန်းထားတွေကို ယုံကြည်တဲ့အလျှောက် သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတနိုင်ငံကောင်းကျိုးအတွက် လွန်စွာမှ လိုအပ်တယ်လို့ ယူဆပါတယ်၊ သတင်းသမားတွေဟာ မိမိတို့လွတ်လပ်မှုအတွက် တစိုက်မတ်မတ် ကြိုးစားဖို့လိုသလို နိုင်ငံရေး လူမှုရေး စိတ်ပါဝင်စား တဲ့ပုဂ္ဂိုလ်တွေကလည်း ဒီလွတ်လပ်မှုတွေ တိုးပွားလာအောင် တတ်နိုင်တဲ့ဘက်ကနေပြီးတော့ လုပ်ဆောင်ပေး ဖို့တော့ လိုပါတယ်၊ နိုင်ငံအစိုးရကလည်း တကယ်ပဲ တိုင်းပြည် တိုးတက်ရေးကို လိုလားရင် သတင်းလွတ်လပ် ခွင့် အာမခံပေးဖို့ လိုပါတယ်။

◊ ◊ ◊

● မေးသူ ။ ။ မစန္ဒာစမ်းမောင်(လန်ဒန်)

● မေးခွန်း ။ ။ ဟုတ်ကဲ့.. မင်္ဂလာပါ အန်တီဒေါ်အောင်ဆန်းစုကြည်ရှင့်။ ကျမ အန်တီ့ရဲ့ ကြောက်ရွံ့ခြင်းမှကင်းဝေးရေးဆိုတဲ့စာအုပ်ကို အလွန်ပဲ ကြိုက်ပါတယ်အန်တီ။ နောက် မကြာသေးမီက အန်တီရဲ့ BBC Reith lectures မှာ အန်တီက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တူနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု နိုင်းယှဉ်ပြောသွားခဲ့တဲ့နေရာမှာ ဒီတူနီးရှားမှာ တူနီးရှားစစ်တပ်က ဒီမိုကရေစီလှုပ်ရှားသူတွေကို မပစ်ပဲနေတဲ့အချိန်မှာ မြန်မာစစ်တပ်ကတော့ ပြည်သူတွေကိုပစ်သတ်တယ်လို့ အန်တီပြောကြားခဲ့တာကို ကျမ အလွန်ပဲလက်ခံပါတယ်အန်တီ။ အကယ်၍သာ မြန်မာ့တပ်မတော်ကသာ ဂုဏ်သိက္ခာရှိရှိ ပြည်သူ့စစ်သားအဖြစ်သာ ရပ်တည်ပြီးတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်ကသာ ရပ်တည်မယ်ဆိုရင် ပြည်သ တွေကိုသာ ပစ်မသတ်ရင် မြန်မာပြည်ဒီမိုကရေစီအရေးဟာ ပိုမိုနီးစပ်မယ်လို့ ယုံကြည်ပါတယ်အန်တီ။ ဒီစစ်သားတွေ ဘာဖြစ်လို့ ပြည်သူတွေကိုသတ်သလဲလို့ ကျမ ဆက်လက်စဉ်းစားကြည့်လိုက်တော့ ဒီတပ်မတော်သားတွေဟာ ကိုယ်က ပြည်သူကို သတ်ရင်သတ် မသတ်ရင် ကိုယ်အသတ်ခံရမယ်ဆိုတဲ့ အကြောက်တရားကြောင့်လို့ ထင်ပါတယ် အန်တီ။ ဒါ့ကြောင့် အန်တီ့အနေနဲ့ ဒီတပ်မတော်တွေ မကြောက်ကြဖို့နဲ့ ဒီတပ်မတော်သားတွေ ပြည်သူ့ဘက်က ရပ်တည်ပေးဖို့ ဘယ်လို အားဆေးနည်းလမ်းများနဲ့ အန်တီညွှန်ပြပေးနိုင်မလဲရှင် အန်တီ၊ ကျေးဇူးတင်ပါတယ်ရှင် အန်တီ။

● အဖြေ ။ ။ အားဆေးထက် နားလည်မှုဆေးက ပိုပြီးအရေးကြီးတယ်လို့ အန်တီထင်ပါတယ်။ ပြည်သူတွေက တပ်မတော်သားတွေနဲ့ နွေး ထွေး ခင်မင်တဲ့ ဆက်ဆံမှု လိုလားတယ် ဆိုတာ အန်တီကိုယ်တိုင် ၁၉၈၈/၈၉ နိုင်ငံအနှံ့ ခရီးထွက်တုန်းက တွေ့ခဲ့ရပါတယ်၊ တပ်မတော်သားတွေဘက်ကလည်း ပြည်သူတွေနဲ့ အဆင်ပြေချင်တဲ့ အရိပ်လက္ခဏာတွေကို မြင်ခဲ့ရတာ ရှိပါတယ်၊ ဒါကြောင့် တဖက်နဲ့ တဖက် နားလည်နိုင်မယ့် အခြေအနေတရပ် ပေါ်လာနိုင်မယ်ဆိုလို့ရှိရင် သံသယတွေ မုန်းတီးစိတ်တွေ လျော့ကျသွားပြီး အန်တီတို့ နိုင်ငံအတွက် လှပတဲ့ အနာဂတ်တခုတော့ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။

◊ ◊ ◊

● မေးသူ ။ ။ ဦးအောင်ချမ်းသာ (ဖင်လန်နိုင်ငံ)

● မေးခွန်း ။ ။ ကျနော် ခွန်အောင်ချမ်းသာပါ/ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တာက ဘကြီးဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက “အကျင့်ဆိုးတွေ ပြင်ဖို့အချိန်တန်ပြီ” လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအကျင့်ဆိုတာက တလွဲဆံပင်ကောင်းတဲ့အကျင့်ကိုဆိုလိုတာ မလုပ်သင့်တဲ့အလုပ်ကို လုပ်တယ်၊ လုပ်သင့်တဲ့အလုပ်ကို မလုပ်ဘူး၊ ပန်းတိုင်မရောက်ခင် တက်ထောင်တတ်တယ်။ ကြွားတယ်၊ နောက်လွတ်လပ်ပြီဆိုပြီး လမ်းမပေါ် ဆေးလှန်းတယ်။ နောက်ပြီးတော့ ဘောလုံးကန်တဲ့အခါမှာ မနိုင်တော့ဘူးလို့ ထင်လို့ရှိရင် လူချတယ်။ အဲဒီအကျင့်တွေကို ပြင်ခဲ့ဖူးတာကိုလဲ ကျနော် မတွေ့ခဲ့ဖူးဘူး။ ပြင်ဖို့ နှိုးဆော်ခဲ့တာကိုလည်း ကျနော် မကြားဖူးဘူး။ အဲဒီအကျင့်ကို မပြင်ပဲနဲ့ တိုင်းပြည်တပြည် ကောင်းအောင်လုပ်နိုင်ပါ့မလား။ အဲဒီတွေ့ရှိချက်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို သိပါရစေ။

● အဖြေ။ ။အရေးအကြီးဆုံးက စိတ်ဓာတ်တော်လှန်ရေး ဖြစ်တယ်ဆိုတာ ကျမ မကြာခန ပြောပါတယ်၊ စိတ်ဓာတ်တော်လှန်ရေးဆိုတာ ကိုယ့်ရဲ့ အားနည်းချက်တွေနဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို အင်နဲ့အားနဲ့ ပြောင်းလဲပစ်တာကို ဆိုလိုတာပါ၊ ဒီတော့ ဖေဖေသုံးတဲ့စကားတွေနဲ့ ကျမ သုံးတဲ့စကားတွေဟာ ထပ်တူ မဟုတ်ပေမယ့်လည်း ရည်ရွယ်ချက် အဓိပ္ပါယ်ကတော့ အတူတူပဲဖြစ်ပါတယ်။

◊ ◊ ◊

● မေးသူ ။ ။ မင်းကောင်းအိမ် (မွန်ပြည်နယ်)

● မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ…၊ ကမ္ဘာ့နိုင်ငံက အစိုးရပိုင်းက ခေါင်းဆောင်တွေ သံတမန်တွေ မြန်မာပြည်ကို လာနေတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဒီမိုကရေစီအင်အားစုခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာကို ကျနော်တို့ မြင်ရ သိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်ကမှ လာသွားတဲ့ ရုရှနိုင်ငံက အစိုးရခေါင်းဆောင်တယောက်က မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ပဲ တွေ့ဆုံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မတွေ့ဆုံဘူးလို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရုရှနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့သဘောထားအမြင်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသုံးသပ်မိပါသလဲခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။

● အဖြေ ။ ။ ရုရှားကလာတဲ့ နိုင်ငံ့ဧည့်သည်တွေဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ အစိုးရနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ကိုသာ တွေ့လေ့ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ နုပျိုသေးတဲ့နိုင်ငံ တနိုင်ငံရဲ့ လုပ်နည်းလုပ်ထုံးတခုလို့ပဲ ထင်မိပါတယ်။

◊ ◊ ◊

● မေးသူ။ ။ နန်းထူးစံ (ကရင်ပြည်နယ်)

● မေးခွန်း။ ။ ကျမနာမည်က နန်းထူးစံပါ။ ကရင်ပြည်နယ်မှာ နေပါတယ်ရှင့်။ အန်တီစုကိုမေးချင်တာကတော့ အန်တီစုအနေနဲ့ ခရီးသွားဖို့၊ ဒီနယ်တွေမှာ ခရီးသွားဖို့ရှိတယ်လို့ ကြားတယ်။ အဲဒါကြောင့်မို့လို့ ကရင်ပြည်နယ်ဘက်မှာရော ဘယ်တော့လာဖို့ရှိလဲ၊ ပြီးလို့ရှိရင် ကရင်ပြည်နယ်မှာ ရောက်တဲ့အခါမှာ ပြည်သူလူထုတွေနဲ့ ဘာကိစ္စကို အဓိကထားပြီး ဆွေးနွေးဖို့ ရှိလဲ အဲဒါသိချင်တယ်၊ အန်တီစု အနေနဲ့ ခရီးသွားတဲ့အခါမှာလဲ ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

● အဖြေ ။ ။ အန်တီ ကရင်ပြည်နယ်ဘက် ခရီးထွက်ဖို့ စီစဉ်ဖြစ်တဲ့အခါမှာ အများသိအောင်လို့ အသိပေးပါမယ်။ ဘာတွေဆွေးနွေးမယ်ဆိုတာကတော့ ကြိုတင်ပြောရခက်ပါတယ်၊ လာတဲ့အချိန်အခါ မှာ ဘာကိစ္စတွေဟာ အရေးပါနေမယ်ဆိုတာကို ကြိုတင်ပြီးတော့ မသိနိုင်သေးပါဘူး၊ အခြေခံ အားဖြင့်တော့ ဒီမိုကရေစီနဲ့ နိုင်ငံရေးနဲ့ ပြည်သူတွေနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

◊ ◊ ◊

● မေးသူ ။ ။ ဦးလှမြင့်(လယ်သမား၊ဘိုကလေး)

● မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် မေးခွန်းတခုလောက်မေးချင်ပါတယ်။ လယ်သမားတွေကိုပေါ့ ချေးငွေ ချေးပေးခဲ့မယ်ဆိုရင်တော့ အတိုးနဲ့ ချေးငွေဆိုတာထက် အတိုးမဲ့ချေးငွေက ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အတိုးနဲ့ချေးငွေဆိုရင် အဒီအတိုးက သံသရာလည်ပြီးတော့ အတိုးရတဲ့လူကပဲ ကြီးပွားပြီးတော့ လယ်သမားက ဆင်းရဲကနေပြီး ဆင်းရဲပဲကျန်နေတာပဲ။ အတိုးမဲ့ကျတော့ အတိုးမဲ့ ဘယ်လောက်ချေးမယ်ဆိုရင် လယ်သမားက သူ့ဘာသာသူ ပြန်ထောင်တက်လာတာပေါ့။ အတိုးမဲ့အနေနဲ့ ကာလပေါ့ တနှစ်တန်သည် သုံနှစ်တန်သည် အဲလိုပေးလိုက်ရင်တော့ လယ်သမားအနေနဲ့ကတော့ အဲဒီအတိုးဝန်ထုတ်ဝန်ပိုးကြီး ပြေလျှော့သွားတဲ့သဘောမျိုး သက်ရောက်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်မို့လို့ ချေးငွေ ချေးခဲ့ရင်တော့ လယ်သမားများကို သက်ညှာသောအနေအထားနဲ့ ချေးပေးဖို့ လိုလားတာပေါ့။ လယ်သမားများကို ချေးပေးဖို့ အဲလိုအစီအစဉ်များ ရှိသလားပေါ့လေ။ အဲဒါ ကျနော်တို့အနေနဲ့ သိချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။

● အဖြေ ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေထဲမှာသင့်တော်လျောက်ပတ်တဲ့ အမတော်ကြေးငွေ ပေးရမယ်ဆိုတာ ပါဝင်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ တောင်သူလယ်သမားတွေကို ချေးငွေပေးနိုင်လောက်အောင် အခြေအနေတော့မရှိပါဘူး၊ ကျမတို့တောင်သူ လယ်သမားတွေကအများကြီးဆိုတော့ တနိုင်ငံလုံးအတွက်ဆိုလို့ရှိရင် လုံလောက်တဲ့ စီမံကိန်းကို အစိုးရကသာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှတော့ တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို အသိအမှတ် ပြုခံရဖို့ ကျမတို့ကနေပြီးတော့ လုပ်ဆောင်လျက် ရှိပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts