>Moe Nat Thar – Shwe

>

ဇာတိပုည ဂုဏ်မာနတို့ ပြာကျလုံးလုံး မပြိုင်ရှုံးသား
မိုးနတ်သား
ဇူလိုင် ၃၊ ၂၀၁၁
ပြည့်ဥပဒေ သလွန်ဗွေတွင် ငါနေသမျှ 
“ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ” 
တရံရောအခါ ပြန်မြန်မာတွင် ငါမရရွှေမန်း လေဖျန်းတော်မူခဲ့သည်။
အနှီ၎င်းဗိုလ်ချုပ်ဟောင်းသည် မဟောင်းသေးခင် ဟိုအရင်က အသင်ခင်ညွန့် သင်မတွန့်နှင့် သင့်ဝန့် သင်တာ ခံရပါမည် သင်ဟာလာဘ်အုပ် ထင်ရာလုပ်၍ အချုပ်အနှောင် ငါလုပ်ဆောင်မည် အမောင်နာကြား ငါ့တရား။

“ဥပဒေအောက် သင်ဒူးထောက်လော သင့်အောက်ငယ်သား သင့်မယားနှင့် သင့်သားသင့်မြေး အကလေးလည်း လွတ်ရေးမရှိ ခံလေဘိ၊ ဥပဒေထက် လူမရှိ” 
ကြမ္မာဇောက်ထိုး တပြန်လျှိုး၍ ဘုန်းညှိုးကံမှိန် နေဝင်ချိန်ရောက် ထောင်တွေဆောက်သည့် ထောက်လှမ်းရေးကုန် ထောင်ရိပ်လှုံကြ။ 
“အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူက ဘုရားကျွန်တော်၊ ကြံဖော်ကြံဖက် ဤသုံးယောက်အနက်တွင်မှ၊ ငမိုက်သားမုဆိုးလေ၊ နင်ချည်းပင်သေပေရော့” ဆိုသလို ပြာတာမှစ ရဝတ နှင့် ဝတငါးရပ် အထပ်ထပ်သည် လာဘ်တလျှိုလျှို လိုတပြတ်ပြတ် မရပ်မနား စားသောက်ကြရာ ပြန်မြန်မာဝယ်၊ ကြမ္မာကံမှောက်၊ ထောက်လှမ်းရေးများ၊ မုဆိုးယုတ်ဖြစ်သွားကြသော ဟူ၏။
ပြည့်ဥပဒေ သလွန်ဗွေတွင် ငါနေသမျှ  

“ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ” 
ယခုတခါ ဆိုပြန်ပါပြီ ကြမ္မာဘယ်သူမှောက်မည်နည်း။ ဟဝှာ ဘယ်သူရောက်မည်နည်း။
ခရစ္စတီး လူမနီးသည့် ကျွန်းကြီးထဲမှာ အူဝဲမချန် မြုပ်နှံသတ်ဖြတ် အယုတ်ဇာတ်၏ မဟုတ်မဟတ်တွေ များလား။
ဒီပဲယင်း၌ တလင်းစစ်မြေ ထောင်းထောင်းချေသို့ ခေါင်းတွေကြေမွ ရိုက်သတ်ကြသည့် ဗာလခေါင်ထိတွေ များလား။ 
ပြည်ရွာမငြိမ်း တိမ်းတိမ်းရုပ်ရုပ် ခါမဟုတ်တွင် ကျွန်းခုတ်ကျောက်တူး ဘဏ္ဍာခူးသည့် ဘီလူးသဘက်တွေ များလား။
ထိုများလားများ ထောင်ထဲသွားလျှင် ခိုးသားဓားပြ ကင်းပတော့မည် ရွှေဝါပြည်။
ထိုသို့မန်ခုတ် ဟန်တွေလုပ်၍ မိန့်ထုတ်ဥပဒေ ဆိုပြီးလေမှ မကြာလှခင် …
ဥပဒေအောက် ဘယ်သူရောက်မည် မရောက်မည်နှင့် …
ဥပဒေထက် ဘယ်သူတက်မည် မတက်မည်ကို …
ဥပဒေပေါ် ဘယ်သူကျော်မည် မကျော်မည်တည့် …
လူမျိုးဘာသာ သာသနာမှု ယဉ်ကျေးမှုတို့ စုဝေးရာမြေ မန်းချက်ဗွေ၌ ရေကာတာအရှင် ရတနာအရှင် သစ်တောရှင်နှင့် မြေရှင် ရေရှင် ဓာတ်ငွေ့ရှင်တို့ မြင်မြင်ကရာ သယံဇာတ သောက်စို့ကြဖို့ ရောက်လို့လာ။
သောက်စို့ပြီးလျှင် တိုင်းကြီးရှင်တို့ မြင်မြင်ကရာ ရွှေဗမာကို ကချာကချက် အုတ်ကြားမြက်ဟု မတွက်မရေ ထိုးကြိတ်လေသည် မန်းမြေဠင်းတ ကျ၏တည်း။
နိုင်ငံတခြား လူတပါးသည် နသားပယား ဒို့ပြည်သားကို စော်ကားထိုးကြိတ် သို့ဖိနှိပ်သော် လက်ထိပ်တန်းလန်း ရဲကဖမ်းသည် ဥဒါန်းဤသို့ ကျူးကြစို့။
“မြန်မာ့ဥပဒေခေါင်းပေါ် တရုတ်ခြေတော်တင်ခွင့်ရှိသည်”
သရုပ်ဖော် – ကာတွန်း စောငို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts