ခေတ်ပြိုင်အတွေ့အကြုံ

Nay Linn Nyi – Once a factory manager in 88 uprising

စက်ရုံမှုးတယောက် အကြောင်း

နေလင်းညီ၊ မေ ၁၃၊ ၂၀၁၃

၁၉၈၈ အရေးအခင်းဖြစ်ခါနီးတွင် စာရေးသူတို့ G.T.I ကျောင်းဆင်း အချို့အား အမှတ်(၁) စက်မှု့ဝန်ကြီးဌာနက အလုပ်ခန့်ထားခြင်း ပြုလုပ်ပါသည်။ ဌါနစိတ်မှုး(နောင်တွင် ဒုကြီးကြပ်ရေးမှုး) ရာထူးဖြစ်၏။ အရေးအခင်းကြီး ဖြစ်ပွားပေါ်ပေါက်လာသောကြောင့် ရုံးမတက် အလုပ်မဆင်းရပဲ အရေးအခင်းကြီးကိုသာ တွေ့ကြုံ့သိရှိနေရပါသည်။ အရေးအခင်းပြီးမှ ရုံးချုပ်တွင် အလုပ်ဆင်းရ၏။ မကြာမီ စက်ရုံမှုးတယောက် ရာထူးတဆင့်နှိမ့် အချခံရပြီး ရုံးချုပ်သို့ ရောက်ရှိလာပါသည်။ ရာထူးခြင်းတူလျှင်ပင် စက်ရုံမှုးဟူသော လုပ်ပိုင်ခွင့်က ကြီးမားသဖြင့် ထိုသို့ ဖြစ်ခြင်းသည် စက်ရုံမှုးဟောင်းအတွက် အလွန်ပင် နစ်နာလှပါသည်။ စက်ရုံမှုးတာဝန်ကလဲ အလွန်တော်ဖို့ လိုအပ်လေရာ သူ့ကို အဆင့်ဆင့်လေ့ကျင့်ပေးပြီးမှ တာဝန် ထမ်းဆောင်စေခြင်းဟု သိရပါသည်။

စာရေးသူတို့ လူငယ်များနှင့် လူချင်းခင်မင်ရင်းနှီးလာသောအခါ သူက စက်ရုံမှုးဘ၀၌ စုတေပြီး ကွယ်လွန်ရလေခြင်းကို ဤသို့ ဤနှယ် ပြောပြပါလေ၏ သူ့အမည်ကို ကေ ဟုဆိုပါစို့။

အရေးအခင်းကြီးကား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုရလောက်အောင် ကူးစက်ပျံနှံ့ခဲ့လေပြီ။ အချို့သော စက်ရုံအလုပ်ရုံများ၊ ရုံးဌါနများ၊ ဂိုဒေါင်များကို မသမာသူ အချို့က ဖျက်ဆီးဝင်ရောက်၍ တွေ့ရာမြင်ရာကို ယူငင် ခိုးယူကြလေပြီ။ ရဲစခန်းများလည်း အလုပ်မလုပ်ကြတော့ပေ။ ရဲများကိုယ်တိုင်ပင် ဆန္ဒပြနေကြလေပြီ။ လမ်းများ ရပ်ကွက်များသည် မိမိတို့လုံခြုံရေးကို မိမိတို့ ကိုယ်တိုင် တာဝန်ယူရသော အခြေအနေပင် ဖြစ်လာလေပြီ။(သုံးသပ်ချက်ကို နောက်၌ရှု့)

          ကေ သည် စက်ရုံမှုး ဖြစ်ရာ စက်ရုံအတွက် တာဝန် အရှိဆုံးဖြစ်သည်။ စက်ရုံများတွင် (တစ်) အဆောက်အဦများ ရှိသည်။ (နှစ်) စက်ပစ္စည်းများရှိသည်။ (သုံး) ကုန်ကြမ်းပစ္စည်းများရှိသည်။ (လေး) ကုန်ချောပစ္စည်းများရှိသည်။(ငါး) စက်ရုံသုံး ရုံးသုံး ပရိဘောဂများ စာရေးကရိယာများ ရှိသည်။ ထို အရာများ အားလုံးသည် မိုးပေါ်က ကျလာသဖြင့် အလကား ရထားသော ပစ္စည်းများ မဟုတ်။ ပြည်သူပိုင် ငွေကြေးဘဏ္ဍာများဖြင့် ၀ယ်ယူရင်းနှီးထားခြင်းဖြစ်သည်။ မည်သည့်အစိုးရတက်တက် ပြည်သူပိုင်များ အချည်းနှီး အလေအလွင့်မဖြစ်သင့်။ ကာကွယ်ရမည်။

ထို့ကြောင့် ကေ သည် သက်ဆိုင်ရာ ရဲဌါနသို့ ဆက်သွယ်သည် မည်သူကမျှ လုံခြုံရေးပေးမည့်သူ မရှိပေ။ အနီးဆုံး တပ်ရင်းတခုသို့ ဆက်သွယ်ရာ တာဝန်ရှိသူက အေးအေးဆေးဆေးပဲ ဖြေပါသည်။

“ကျနော်တို့ကို အထက်က အမိန့် ပေးမထားလို့ ဘာမှ လုပ်ပေးလို့ မရပါဘူး” တဲ့။

ကေ က စဉ်းစားသည် အသက်အန္တရာယ်ကြုံတွေ့ နေသူသည် အသက်ရှင်ဖို့ ဆိုလျှင် အင်္ဂါခြေလက် ဆုံးရှုံးခံသင့်သည်။ အင်္ဂါခြေလက်ဆုံးရှုံးနိုင်သော အန္တရာယ်ကို ကြုံတွေ့နေသူသည် အင်္ဂါခြေလက် မပျက်စီးဖို့ စည်းစိမ် ဥစ္စာကို ဆုံးရှုံးခံသင့်သည်။ ဥစ္စာစည်းစိမ်များစွာ ဆုံးရှုံးနိုင်သော အခြေအနေ ကြုံတွေ့နေသူသည် ထိုသို့ မဖြစ်လေရအောင် အနည်းငယ်သော စည်းစိမ် တို့ကို အဆုံးရှုံးခံသင့်သည်။

          တရားဥပဒေ စိုးမိုးရေး ကင်းမဲ့ပြီး အုပ်ချုပ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်နေချိန်တွင် အချို့သော ပြည်သူပိုင် အဆောက်အဦများ၌ ပစ္စည်းယူရုံမက အမိုးသွပ်ကိုပါ ခွါယူကြလေ၏ အမိုးသွပ်ခွာတာ လွယ်သလောက် ပြန်မိုးလျှင် အဘယ်မျှ လက်ဝင်ခက်ခဲကြောင်း မစဉ်းစားကြ နိုင်ငံခြားငွေဖြင့် ဈေးကြီးပေး ၀ယ်ထားရသော အချို့သော ပစ္စည်းကရိယာများကို ယူငင်ရောင်းစားသူ (သို့) လက်ခံထားသူတို့ ဘယ်လိုသုံးရမှန်း မသိ၍ မျောက် အုန်းသီးရသလို ဖြစ်နေတာမျိုးလဲ ရှိသေး၏။

          အခြားတဖက်က ကြည့်လျှင် လူသည် လောဘသားဖြစ်ရာ အခြားသူတွေ လွတ်လပ်စွာ ယူငင်နေပါလျှက် မိမိကကော ဘာသားနှင့် ထုထားတာမို့လို့လဲဟု တွေးသည်။ မိုးခါးရေသောက်ပေါ့ဟု ဆုံးဖြတ်သည်။ ထို့ကြောင့် အချို့က ရောယောင်မှားရှာကြခြင်းဖြစ်၏။

          ကေ သည် သူ့စက်ရု့ တည်ရှိရာ ရပ်ကွက်နေ ရပ်မိရပ်ဖများကိုခေါ်သည်။ ကုန်ချော ပိတ်အုပ်များကို အဖိုးအခ အဖြစ် သဘောထား၍ အဆောက်အဦ ပရိဘောဂ ကုန်ကြမ်းပစ္စည်း စက်ပစ္စည်းတို့ကို ကာကွယ်ပေးပါ ဟု အနူးအညွတ်မေတ္တာရပ်ခံသည်။ ရပ်မိရပ်ဖများက သဘောတူပြီးလျှင် ရဲရင့်သူများက ဦးဆောင်၍ စက်ရုံကို ကာကွယ်ပေးကြသည်။ ၁၈.၉.၈၈ နေ့တွင် (တပ်မတော်)က အာဏာသိမ်းချိန်ထိ ထိုစက်ရုံမှာ မှဲ့တပေါက် မစွန်းခဲ့ပေ။

အခြားသော စက်ရုံ၊ အလုပ်ရုံ ရုံးဌါနများစွာတို့သည် ၀မ်းနည်းဖွယ် ရစရာ မရှိအောင် ပျက်စီးခဲ့သော်လည်း ကေ၏ စက်ရုံမှာမူ ခလုပ်မထိ ဘေးမငြိပဲ အိုကေမှာ စိုပြေနေ၏ ထိုသို့ စိုပြေနေခြင်းကြောင့် ကေအား အထူးတလည်ဂုဏ်ပြု၍ ထူးချွန်စက်ရုံမှုးဆု (သို့မဟုတ်) ဒီမိုကရေစီဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်သည် ဟု သင်ထင်လျှင် အမှားကြီးမှားသွားမည်။ ထိုသို့ ချီးမြှင့်ခြင်း မပြုရုံမက သူ့ကို စက်ရုံမှုးတာဝန်မှ ရုတ်သိမ်း၍ တဆင့်နိမ့်ရာထူးဖြင့် ရုံးချူပ်သို့ ပို့လိုက်လေသည်။ PE DE ဖွဲ့၍ ဌါနတွင်းစုံစမ်းစစ်ဆေးမှု့ကိုပင် ခံနေရ၏။

 အကြောင်းကတော့ ကေသည် အထက်မှ ခွင့်ပြုချက်တစုံတရာမရပဲ ကုန်ချောပစ္စည်းများကို အခြားသူတို့အား ပေးအပ်၍ နိုင်ငံတော်ပိုင် ပစ္စည်းများ ဆုံးရှုံးစေမှု့ပါတဲ့ ခင်ဗျာ။

          အရေးအခင်း၌ လက်လွတ်စွန့်ခွါသဖြင့် အတော်လေး ပျက်စီးဆုံးရှုံးသွားသော စက်ရုံများ၏ စက်ရုံမှုးများသည် မျက်စောင်းထိုးပင် မခံရပဲ စက်ရုံကို စွမ်းအားရှိသရွေ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ ကာကွယ်ပေးခဲ့သူ ကေ အား အရေးယူသည် … ဆိုတော့ ကေ တယောက် မချိတင်ကဲ ဖြစ်ရလေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုးပေးကြရာ အောက်ပါအတိုင်း ဖြစ်၏။

(က) တပ်မတော်သည် အာဏာသိမ်းလိုသည်ဖြစ်ရကား သူတို့မသိမ်းလျှင် မဖြစ်လောက်အောင် အခြေအနေဆိုးရွားနေကြောင်း သက်သေပြရန် သူတို့ကိုယ်တိုင်က ရှေ့မှဦးဆောင်လျှက် ဂိုဒေါင်သော့ကို ရိုက်ဖွင့်၍ ပစ္စည်းများကို ယူငင်သွားသဖြင့် ပွင့်နေသော ဂိုဒေါင်ကို လူအုပ်က ၀င်ယူခြင်းသာ ဖြစ်ကြောင်း အရေးအခင်းကာလက ထုတ်ဝေသော ဂျာနယ်စာစောင်များတွင် ထိုသို့သော ဖြစ်ရပ်များကို မှတ်တမ်းတင်ထားပါကြောင်း သုံးသပ်ဆွေးနွေးသူ အချို့ရှိပါသည်။

(ခ) စက်ရုံမှုး ကေ သည် သူ့ ဟာသူ နေလျှင် သူ့ စက်ရုံထိခိုက်ပါက အာဏာသိမ်းလိုသူတို့အကြိုက်ဖြစ်၍ ပြဿနာ မတက်နိုင်။ လျှာရှည်၍ စက်ရုံကို ကာကွယ်လိုက်သဖြင့် ဒီယုန်မြင်၍ ဒီချုံထွင်လိုသူတွေအတွက် မှန်းချက်နှင့် နှမ်းထွက် မကိုက်တော့ပေ။ ကေ သည် အမှန်တော့ (မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ) ဆိုသလို ဖြစ်သွားကြောင်း သုံးသပ်ဆွေးနွေးသူ အချို့ရှိပါသည်။

(ဂ) အရေးအခင်း ကာလတွင် အုပ်ချုပ်ရေး ယန္တယားရပ်ဆိုင်းသွားခြင်းကြောင့် လုယက်ဖေါက်ထွင်းမှု့များ ဖြစ်ပေါ် လာရခြင်းဖြစ်သည်။ ထိုကိစ္စမျိုးမှာ မြန်မာနိုင်ငံတွင်သာ မဟုတ် ကမ္ဘာ့တိုင်းပြည်များ၌ ကြုံခဲ့ဖူးသည်သာ ဖြစ်၏။ ကေက စေတနာဖြင့် ကာကွယ်ပေးခြင်းဖြစ်ကြောင်း လုပ်ဖေါ်ကိုင်များ၊ အထက်လူကြီးများကသိလျှင် ထိုသို့အရေးယူမည် မထင်။ ပုဂ္ဂိုလ်ရေး အဆင်မပြေ၍ ဖြစ်နိုင်သည် (သို့မဟုတ်) လူမှု့ရေးကို မကြည့်ပဲ စည်းမျဉ်းကိုသာ ဖက်တွယ်ထားသော စာအုပ်ကြီးသမားတွေ ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ဆွေးနွေးသူ အချို့ လည်းရှိပါသည်။

(ဃ) ဥပဒေ စည်းမဉ်းစည်းကမ်းမှာ စေတနာအမှားလို့ အကြောင်းပြ၍မရ။ ပိတ်ချောများမှာ ပြည်သူပိုင်ဖြစ်၍ စစ်ဆေး အရေးယူခံရမည်သာ ဖြစ်သည်။ တန်ဖိုးကြီး ပစ္စည်းခိုးသူကို မမိ၍ အမှု့ပိတ်သိမ်းရတာမျိုးရှိနိုင်သော်လည်း တန်ဖိုးနည်း ပစ္စည်းခိုးသူကိုမိလျှင် အရေးယူရမည်သာ။ ထို့ကြောင့် စစ်ဆေးအရေးယူတာ မှန်ကန်ကြောင်း သုံးသပ်ဆွေးနွေးသူ အချို့ရှိပါသည်။

(င) ဇာတ်နိပါတ်တခုတွင် ဘုရင်ကိုယ်တိုင်က ရတနာပစ္စည်းများကို ခိုးယူ၍ သူခိုးကို ဖမ်းပေးပါဟု ခြေရာခံအတတ်ကို တတ်သော ပညာရှိအား အတင်းအကြပ်ခိုင်းစေခဲ့ဖူးရာ ပညာရှိကသိသော်လည်း မဖြေလို၍ သွယ်ဝိုက်ပြောဆိုခဲ့ရသည်။ ထို့နည်းတူစွာပင် လူတွေမပြောရဲ၍သာ နေရမည်၊ မသိ၍ကားမဟုတ်ဟု သုံးသပ် ဆွေးနွေးသူ အချို့ ရှိပါသည်။

(စ) ထစ်ကနဲဆိုလျှင် စစ်တပ်ကိုသာ အပြစ်ပုံချခြင်းမှာ မသင့်ပါ ဂိုဒေါင်စဖေါက်သူက စစ်ဝတ်စုံ ၀တ်ထားခြင်းမှာ စစ်သားအယောင်ဆောင်၍ စစ်တပ်ကို ခုတုံးလုပ်ခြင်းမျိုး မဖြစ်နိုင်ဘူးလား သို့မဟုတ် ပြုပြင်ထားသော ဓါတ်ပုံကိုသုံးခဲ့ခြင်းကော မဖြစ်နိုင်ဘူးလားဟု သုံးသပ် ဆွေးနွေးသူ အချို့ရှိပါသည်။

စာဖတ်သူကကော ဘယ်လိုထင်ပါသလဲ စာဖတ်သူက စာရေးသူ၏ သုံးသပ်ချက်ကို သိလိုကောင်း သိလိုပေမည်။ စာရေးသူကတော့ ပွင့်ပွင့်လင်းလင်း မပြောလိုပေ။ ပြောလိုက်လျှင် မတော် … နောက်ပြန်လှည့်သွားပါက ဒေါက်တာသန်းထွဋ်အောင် ပြောသလို “ပြေးပေါက်မှား …” နေဦးမည်။  

စာပေလွတ်လပ်ခွင့်တွေ ပေးလိုက်ကာမှ စာရေးသူက ပိုကြောက်နေသည်။ စဉ်းစားကြည့်ပါ။ စာရေးဆရာ သတင်းစာဆရာက မှန်နေသည်ပဲ ထားဦး၊ ဥစ္စာရှိသူ အာဏာရှိသူက တရားစွဲလျှင် အချိန်ကုန်မည်။ ဦးနှောက်ခြောက်မည်။ တရားရေးမဏ္ဍိုင် မတောင့်တင်းလျှင် ငါးပါးမှောက်မည်။ တရားရေးမဏ္ဍိုင် ခိုင်မာ၍ စာရေးဆရာ သတင်းစာဆရာကို အနိုင်ပေးသည့်တိုင် အလုပ်ရှုပ်တာပဲ အဖတ်တင်မည်။ မီဒီယာသမားတွေကို လုံလောက်သော ကာကွယ်ပေးမှု့ မပြုမချင်း စာကို ပွင့်ပွင့်လင်းလင်းရေးဖို့ စိတ်မကူးသေး။ စာရေးသူမှာ အကြောက်ရောဂါရှိနေသည်။

          “ဟေ့လူ … အပိုတွေပြောမနေနဲ့ ထင်မြင်ချက်တော့ပေးဗျာ” ဟု သင်ပြောနိုင်ပါသည်။

ဒါဆိုလျှင်တော့ စာရေးသူ၏ ထင်မြင်ချက်ကို ပေးပါမည်။ တောထဲမှာ အပျိုကြီးကို လူပျိုကြီးက မတော်တလျှော် ပုဆိုးလှန်ပြသည်ဟု အပျိုကြီးက သူကြီးကို တိုင်၏။ လူပျိုကြီးက မဟုတ်ရပါကြောင်း ဖြေရှင်း၏။ ၂ ဦးစလုံး နဂိုကတည်းက တည့်သူတွေ မဟုတ်ကြ။ မျက်မြင်သက်သေကလဲ မရှိ။ သူကြီးက ပြောသည် “ဒီအဖြစ်မှန်ကို ကာယကံရှင်တွေ အသိဆုံးဖြစ်မည်” တဲ့။  စာရေးသူကလဲ သူကြီးလိုပဲ ပြောချင်ပါသည်။

ကာယကံရှင်တွေကပဲ အဖြစ်မှန်ကို အသိဆုံး ဖြစ်ပေလိမ့်မည်။

(မှတ်ချက်။    ။ ၂၀၀၁ ခုနှစ်လောက်တွင် စာရေးသူသည် ကေနှင့် အမှတ်မထင်တွေ့၍ စကားစမြည်ပြောဆိုပါသည်။ ထိုကိစ္စကို စာရေးသူက အစ ဖေါ် ဆွေးနွေးရာ ကေက ဘာမျှမသိတော့သလို နှုတ်ဆိတ်သွားပါသည်။ ဘယ့်နယ် ဖြစ်သွားပါလိမ့်နော်)

(ဧျပီၤလ ၂၄၊ ၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts