Poems

Moe Sal Nay – Being Single Poem

လူပျိုကြီး ဆိုသူတွေဟာ …
မိုးစဲနေ၊ မေ ၁၃၊ ၂၀၁၃

လူပျိုကြီးဆိုသူတွေဟာ
ဖြတ်သွားဖြတ်လာ ကောင်မလေးတွေရဲ့ အလှကို
စိတ်ကူးနဲ့ လုယက်ပေါင်းသင်းနေ သူတွေဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
ရင်တခြမ်းနဲ့ ၀တ်ကောင်းစားလှတွေဝတ်ဆင်ပြီး
ဖိနပ်တဖက်ထဲနဲ့ လမ်းလျှောက်နေတဲ့သူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
ညနေခင်း တံတားဘေးမှာ သူတယောက်ထဲ
ငေးရီနေတဲ့ ဓါတ်ပုံကို ရိုက်ခွင့်မရလို့
စိတ်ကောက်တတ်တဲ့ သူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
ဒါဏ်ရာရနေတဲ့ ငှက်အိုကြီး တကောင်လို
သူ့အတောင်ပံတွေဟာ ဘယ်လောက်လွတ်လပ်သလဲလို့
ကြွေးကြော်ပြီး သူကိုယ်တိုင် မပျံသန်းနိုင်သူတွေဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
အလုပ်က ပြန်အလာကို ပြေးကြိုတတ်တဲ့
ကလေးလေးတွေရဲ့ အမောပြေစေမှု့ကို မသိတတ်သူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
အချစ်ရေးမှာ ထိုးစစ်ထိုးဖို့သွားရင်း
တိုက်ပွဲမစခင် မြားကုန်နေသူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
ညဦးယံတွေကို အရက်ချိုချိုနဲ့ လဲလှယ်ခံရသူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
သူ့ အကျအရှုံးတွေကို ကာကွယ်ဖို့
ဘာအရေး ညာအရေး ပညာရေး နိုင်ငံရေး တော်လှန်ရေး စီးပွားရေး
ကြီးပွားရေး အကြောင်းတွင်တွင် ပြနေရသူတွေလဲ ဖြစ်တယ်..

လူပျိုကြီး ဆိုသူတွေဟာ
ချစ်သူများနေ့မှာလဲ ချစ်သူများနေ့ခဲ့ရတယ်..

လူပျိုကြီးဆိုသူတွေဟာ..
တကယ့် တကယ်တော့
ဆိပ်ကွယ်ရာမှာ ညဉ့်ငှက်ကလေး တကောင်တလေကိုတောင်
ချော့သိပ်တတ်သူတွေလဲ ဖြစ်တယ်..

လူပျိုကြီးဆိုသူတွေဟာ
သူ့ရင်ဘတ်မှာ ချစ်ခြင်းမလို စာတန်းကို ဆေးမှင်ကြောင်နဲ့ ထိုးပြီး
ဖျက်ရခက်နေသူတွေလဲ ဖြစ်တယ်။

လူပျိုကြီးဆိုတဲ့သူတွေဟာ..
ကျိန်စာသင့်နေတဲ့ တောရဆောက်တည်သူတွေလဲ ဖြစ်တယ်..

ဒါ့ကြောင့် လူပျိုကြီးတွေဟာ အပျိုကြီးတွေနဲ့ အတူတူ
လူမျိုးနွယ်စု ဆိပ်သုန်းရေးတပ်ဦး ဖွဲ့သင့်ပါတယ်။
(ရိုးသားပြီး ခင်မင်ဖွယ်ရာကောင်းသော မာန်မာနကြီးမားသော ကလေးချစ်သော ငယ်သူငယ်ချင်းတယောက်ကို တည့်တည့်ရေးပါသည် နတ်လူသာဓုခေါ်ပါလေ..)
မိုးစဲနေ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts