မင်းညွှန့်လှိုင် ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

မင်းညွန့်လှိုင် – က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .

မင်းညွန့်လှိုင် – က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

ဆည်းဆာရဲ့ဝိုင်းဟုသာဆိုရပေတော့မည် ။ မန္တလေးကုသိုလ်တော်ဘုရားဝန်းသည် ပရဝုဏ်ပြင်ပမှ မြို့ပြ၏ ပူလောင် ဆူညံခြင်းနှင့် ခြားနားစွာ အေးချမ်း ဆိတ်ငြိမ်နေ ပေသည် ။ ပြီးခဲ့သည့်ရက်ပိုင်းလောက်ကပင် သည်ဘုရားဝန်းအတွင်းမှာ လျှပ်စစ်အင်ဂျင်နီယာများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည် ။ ကျန်းမာရေးနှင့်တရားစီရင်ရေးတို့မှာ မိုးကျရွှေကိုယ်များ မတော်မတည့်ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကန့်ကွက် သော ဖဲကြိုးနက်နှင့် ဖဲကြိုးဝါ လှုပ်ရှားမှုများ နည်းတူ နောက်ထပ်လှုပ်ရှားမှုတစ်ခုပင် ။ ယခု ကျွန်တော်တို့ စုဝေး ရောက်ရှိနေသူများ ကတော့ မန္တလေးမှကဗျာချစ်သူ ကဗျာဆရာတစု ဖြစ်သည် ။ အပတ်စဉ် တနင်္ဂနွေညနေတိုင်း ပြုလုပ်နေကျ ခရေရိပ် ကဗျာဝိုင်းဖြစ်သည် ။ ခရေရိပ်မှ “ခရေရိပ်” ဖြစ်သည် ။

သည်နေ့ ( ၁၃ . ၉ . ၂၀၁၅ ) ကတော့ ထူးထူးခြားခြား ခရေရိပ် ကဗျာဝိုင်း၏ ၇၅ ကြိမ်မြောက် ရက်သတ္တပတ်ဖြစ်သည် ။ စိန်ရတုအမှတ်တရခရေရိပ်ဖြစ်သည် ။ ထို့အတွက် စာရေးဆရာ စိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကလည်းတကူးတကလာရောက်ပြီးမုဒိတာ အမှာစကား ချီးမြှင့်ပေးလေသည် ။

ဆရာစိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကသမိုင်းခေတ်များကိုဖြတ်သန်းခဲ့သူပီပီ သမိုင်းခံစားမှုကိုနောက်ခံထား၍ပြောကြားသည် ။ မြန်မာ့သမိုင်းတွင်ပါတော်မူအလွန်မှ သည် လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် မျက်မှောက်ခေတ်အထိ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိသောကာလမှာ အခိုက်အတန့်မျှသာဖြစ်သည် ။ ဆရာက ကဗျာချစ်သူများ၏ ချစ်ခင် ညီညွတ်မှုကို ပီတိဖြစ်သည် ။ သည်လိုစုစည်းမှုကို သည့်ထက်ပြန့်ပွားစည်ပင်စေချင်သည် ။ ခရေရိပ်ကဗျာဝိုင်းသည်လည်း ရက်သတ္တ ( ၇၅ ) မှသည် ရက်သတ္တ ( ၁၀၀ ) ထိုမှသည် ဆက်၍ဆက်၍ဓွန့်ရှည်အောင်ထိန်းသိမ်းစေလိုကြောင်း တိုက်တွန်းပြောကြားသွားသည် ။

ဆရာစိုးနိုင် ( မန္တလေးတက္ကသိုလ် ) ပြောပြီးသည့်နောက် ကဗျာဆရာနေမိုးညိုက ဆက်လက်ပြောကြားရာတွင် ကဗျာဆရာများသည် လွတ်လပ်မှုကိုမြတ်နိုးသူများ ဖြစ်ကြောင်း ကဗျာဆရာများကိုအမိန့်ပေးခိုင်းစေ၍မရကြောင်း အခြားသောအဖွဲ့အစည်း များကဲ့သို့ စုဖွဲ့ရန်ခက်ခဲကြောင်း ကဗျာချစ်စိတ်ကြောင့်သာ ယခုကဲ့သို့စုစည်းမိကြခြင်း ဖြစ်ကြောင်း ပြောကြားသွားသည် ။ ဆရာနေမိုးညိုပြောကြားပြီးသည့်နောက် ကဗျာရွတ် ခြင်းအစီအစဉ်ကိုစတင်သည် ။

 

                     ယနေ့ရောက်ရှိလာသော ကဗျာချစ်သူများမှာ အယောက် ( ၄၀ ) ကျော်ခန့် ရှိသည် ။ အသက်အရွယ်လည်းစုံလင်သည် ။ လူကြီး လူလတ် လူငယ် အရွယ်စုံ ။ မျိုးဆက်များပေါင်းစည်းခြင်းသဘောကိုမြင်နေရသည် ။ အများစုက ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် ။ ဂျင်းဘောင်းဘီဝတ်ကဗျာဆရာတွေလည်းပါသည် ။ ဘောင်းဘီတိုနှင့် တီရှပ်ဝတ်လူငယ် များလည်းပါသည် ။ အမျိုးသမီးကဗျာရှင် ( ၃ ) ဦးပါဝင်သည် ။ ရွှေဝါရောင်သင်္ကန်း ဆင်မြန်းသည့်ရဟန်းပျိုက ( ၁၀ ) ပါးခန့်ရှိသည် ။

ပိဋကတ်တော်ကျောက်စာတိုက်ဖြူလွလွနှင့် သက်တော်ရှည်ခရေပင်ကြီးများက အသစ်ဖူးပွင့်လာသည့်ကဗျာရွတ်သံများကို နားစိုက်ထောင်နေကြသည် ။ အခမ်းအနားမဆန် ပကာသနမပါ လွတ်လပ်ပေါ့ပါးစွာ ဝိုင်းဖွဲ့ထိုင်ပြီး အလှည့်ကျမတ်တပ်ရပ်ကာ ကဗျာရွတ်ကြသည် ။ အင်္ဂတေကြမ်းခင်းက လူအိုတစ်ယောက်၏အရေပြားနှယ် အက်ရာမွမွနှင့် ။ လူစက်ဝိုင်း၏အလယ်ဗဟိုမှာတော့ တစုံတယောက်ယူဆောင်လာသည့် ကြာပန်းတစ်စည်းကလန်းလန်းဆတ်ဆတ် ။ မြေအိုမြေဟောင်းပေါ်မှာ ပွင့်သစ်တို့ပွင့်ဝေနေသည့်သင်္ကေတပင် ။

ကဗျာချစ်သူအားလုံးမှာ မန္တလေးမြို့ဖွား မန်းသူမန်းသားချည်းတော့မဟုတ်။ အခြားမြို့များမှလာပြီးအလုပ်လုပ်နေသူများနှင့်ပညာသင်ကြားနေသူများလည်းပါသည် ။  သည်အချက်ကိုသူတို့၏ကလောင်အမည်များက ဖော်ပြနေကြသည် ။ ပတ္တမြားမြေဆန်ဝေ တဲ့ ။ မင်းနွယ်သွေး (ပခုက္ကူ)တဲ့ ။ မောင်ခန့်မြေ(ထီလာ)တဲ့ ။ ကျော်နေနိုင်(ကျောက်ထပ်)တဲ့ ။ ဇေသော်(စကားဝါမြေ)တဲ့။ ဒဏ္ဍာရီ(ပျဉ်းမနား)တဲ့။ ထို့အပြင်သည်နေ့မှပခုက္ကူ ကချီတက်လာကြသည့် လူငယ်ကဗျာဆရာများကိုလည်း အားတက်ဖွယ်တွေ့မြင်ရပေသည် ။

ရွတ်ဖတ်ကြသည့်ကဗျာများကလည်းပုံသဏ္ဍန်အစုံ ခံစားမှုအစုံ။ အချစ်ခံစားမှုမှသည် ခေတ်ပြိုင်ခံစားမှုအထိထွေပြားကျယ်ပြောလှသည် ။ဒါသည်ပင်လျင်ဗဟုခေတ်၏ အလှဗေဒဖြစ်ပေသည် ။ အများစုကကိုယ်တိုင်ရေးဖွဲ့သည့်ကဗျာများကိုရွတ်ကြသည်။ တချို့ကတော့အခြားကဗျာဆရာများ၏ကဗျာကိုရွတ်ကြသည် ။တချို့ကစာရွက်ကိုကြည့်ပြီး ရွတ်ကြသည်။ တချို့က စာအုပ်ကိုကြည့်ပြီး ရွတ်ကြသည် ။တချို့က ဘာမှမကြည့်ပဲ အလွတ်ရွတ်သည် ။ အများစုကတော့ လက်ကိုင်ဖုန်း၏ ပွတ်တိုက်ဖန်သားပြင်ကို ကြည့်ပြီးရွတ်ဖတ်ကြလေသည် ။ ဒါကလည်းယနေ့ခေတ်မြန်မာကဗျာဆရာများ၏ ကဗျာရွတ်ဟန်ဖြစ်နေလေပြီ ။

ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)ကတော့ သည်နေရာအခင်းအကျင်းကိုဖွဲ့ဆိုထားသည့် ကိုယ်တိုင်ရေးကဗျာကို ရွတ်ပါသည် ။ ကဗျာခေါင်းစဉ်က “အရိပ် အေး အေး” တဲ့ ။

ကုသိုလ်တော်…
ဘုရားရိပ် တရားရိပ် သာသနာ့ရိပ်
ကမ္ဘာ့အကြီးဆုံးစာအုပ်ရိပ်
တိတ်တိတ်ဆိတ်ဆိတ် ။

ကုသိုလ်တော်…
မြင်စိုင်းမြို့စား မိုးဗြဲစစ်ကဲ
ခရေရိပ်များရဲ့ဒါယကာ
နှစ်ပေါင်းများစွာသူချွေးသိပ်
တိတ်တိတ်ဆိတ်ဆိတ် ။

ကုသိုလ်တော်…
ကဗျာရိပ် စာရိပ်
စိန်ရတုရက်သတ္တပတ်
အက္ခရာတံဆိပ်နှိပ်
တကယ့်ကို…တိတ်တိတ်ဆိတ်ဆိတ် ။      ။

လူကိုယ်တိုင်မလာရောက်နိုင်သည့် အဝေးရောက်ဝိုင်းတော်သူ ဝိုင်းတော်သား ကဗျာချစ်သူများကတော့ တယ်လီဖုန်းမှတဆင့် ကဗျာရွတ်ကြသည် ။ ညနေသည် တဖြည်းဖြည်းနှင့်ညဖြစ်စပြုလာသည် ။ သို့သော် အဝေးရောက်များ၏ ရင်ခုန်သံများကိုလည်း ချန်မထားလိုကြပေ ။ မီးရောင်တလက်လက် အသံချဲ့စက် ပုဝိုင်းဝိုင်းလေးက အသံရှင်များ၏လိပ်ပြာကိုသယ်ဆောင်လာသကဲ့သို့ရှိသည် ။ မျက်ဝန်းချင်းမနီးသော်လည်း နှလုံးသားချင်းမဝေးကြသည့်သဘောပင် ။

ကျွန်တော်သည် ဆရာဒဂုန်တာရာ၏”စာပေဆည်းဆာ”ဆောင်းပါးထဲမှဝါကျတစ်ကြောင်းကို လွမ်းလွမ်းမြမြ အမှတ်ရမိလိုက်သေးသည် ။ “ကျွန်တော်တို့သည်အမှောင်ထဲမှာ နစ်မြုပ်နေကြသည်”တဲ့ ။ မှန်သည် ။ ယခုလည်း တဖြည်းဖြည်းရုပ်လုံးပေါ်လာသည့်ည၏ အမှောင်ထဲမှာ ကျွန်တော်တို့နစ်မြုပ်စပြုပြီ ။ သို့သော်ကျွန်တော်တို့၏ ကဗျာဝိညာဉ်က အမှောင်ကိုဆန်တက်လျက်ရှိသည်။နောက်ဆုံးအစီအစဉ်အဖြစ် ကဗျာဆရာ ရတုသစ်က ခရေရိပ်၏အတ္တုပ္ပတ္တိကို အကျဉ်းရုံးပြောပြပြီး သူ၏ကဗျာတစ်ပုဒ်ကို ရွတ်လိုက်သည် ။ လက်ကိုင်ဖုန်းမီးရောင်တွေက စကားလုံးတွေလို တလက်လက်လင်းပနေသည်။

ကျွန်တော်တို့၏သမိုင်းအတွေ့အကြုံအရ စာကြည့်တိုက်များ၊ စာကြည့်အသင်းများ၊ စာပေဝိုင်းများသည် အရွေ့တစ်ခုကို အစပြုကြသည်ချည်းပင်ဖြစ်သည် ။ မြန်မာပြည်စာအုပ်အသင်း ၊ နဂါးနီစာအုပ်အသင်း နှင့် စနေစာပေဝို်င်းတို့သည် ထင်ရှားသည့်မှတ်တိုင်များဖြစ်ကြသည် ။ မန္တလေးမြို့တွင်လည်း ကဗျာဝိုင်း စာဝိုင်း များစွာရှိကြသည် ။ နန်းရှေ့ မှ ရွှေစွန်မင်းကဗျာဝိုင်း ဆိုလျင်သက်တမ်း ( ၁၀ ) နှစ်ပြည့်လုပြီဟု သိရသည် ။ ကျနော်၏ လူငယ်ဘဝမှာပင် ဖြူးမြို့မှ”မိတ်ဆွေများ” စာကြည့်အသင်းနှင့် ခေတ်ပြိုင် တောင်ငူမြို့မှ”အလင်းသစ်”စာပေဝိုင်းကို ဖြတ်သန်းခဲ့ရသည် ။ ထိုစာပေဝိုင်းက လူငယ်ကဗျာပွင့်သစ်များကိုဖူးပွင့်စေခဲ့သည် ။

ကျွန်တော်တို့သည် ခရေရိပ်ကဗျာဝိုင်းစိန်ရတု ( ၇၅ )ပတ်မြောက် အမှတ်တရထုတ်ဝေအပ်သော”ခရေရိပ်ပေါ်လွင့်ကျလာတဲ့တနင်္ဂနွေများ”အမည်ရ လှပသည့်ကဗျာ စာအုပ်လေးများကို ကိုယ်စီကိုင်ကာ ခရေရိပ်မှပြန်လာခဲ့ကြသည် ။ ညကောင်းကင်က အောင်စည် ရွမ်းသည့်အလား  မိုးချုန်းသံတစ်ချက်ပေးလိုက်သည် ။ ကျွန်တော်ကတော့ ရေစီးသံသဲ့သဲ့ကြားနေမိသည် ။ ခရေရိပ်အောက်မှ တိုးတိတ်သော်လည်း အားကောင်း စွာစီးဆင်းနေသည့် ရေစီးကြောင်းတစ်ခု၏ခြေသံဖွဖွ ။

ခရေရိပ် ကျန်းမာပါစေ။ တနင်္ဂနွေများ အဓွန့်ရှည်ပါစေ ။                        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts