ဖိုးစီ ဝေဖန်ရေးရာ
ဖိုးစီ (ရုံးတော) – ဓမ္မစစ်၊ အောင်ပွဲစစ်၊ သံဃာအစစ်
ဖိုးစီ (ရုံးတော) – ဓမ္မစစ်၊ အောင်ပွဲစစ်၊ သံဃာအစစ်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅
ငယ်စဉ် ရှင်ဘ၀ကတည်းက ၀တ်တက်မြဲ အလေ့ လေ့လာတဲ့ ကျနော်ဟာ မိသားစု ဘ၀တည်ဆောက်ပြီးတဲ့အထိ အတတ်နိုင်ဆုံး နေ့စဉ်ဝတ်ပြု ဖြစ်အောင် ကြိုးစားပါတယ်။  ၀တ်တက်ရင်တော့ ဂုဏ်တော်နဲ့ မေတ္တာပွားများတာကတော့ မပါမဖြစ်ပေါ့။
ပရိယတ်စာပေ ကကြီး ခခွေး လောက် တက်ခဲ့ဖူးလေတော့ ကိုယ်ရွတ်ဆိုပွားများသမျှကို အနက်ပါ ဆင်ခြင်နိုင်အောင် အားထုတ်ပါတယ်။ ပိုပြီးတော့ စိတ်နစ်တာပေါ့။  ဒီညတော့ သံဃာ့ ဂုဏ်တော် ပွားရင်း ကျနော် ထစ်အနေခဲ့ပါတယ်။
သတင်းစာမျက်နှာတခုမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းက ကျနော့် သဒ္ဓါစိတ်ကို တုံ့ထစ်စေတယ်။
မ-ဘ-သ ဘုန်းကြီး ဦးပါမောက္ခနဲ့ သံဃာ တချို့ ရွှေတိဂုံပေါ် ဘုရားပေါ်မှာ မျိုးစောင့်ဥပဒေ အောင်ပွဲခံတယ် ဆိုတဲ့ သတင်းဓာတ်ပုံတွေဟာ ကျနော့် အာရုံကို ၀ဲလည်လှည့်ပြီး သံဃာ့ဂုဏ်ကို ပွားများလိုတဲ့ ဥပါသကာ တယောက်ကို လှောင်ပြောင်နေပါတယ် ။
‘သုပ္ပဋိပန္န’ ဆိုတာ ကောင်းစွာ ကျင့်တော်မူသောဂုဏ် ဖြစ်တယ်။  အရှင်တို့ လောကီကိစ္စ ဃရာဝါသ အမှု ၌ မင်းအစရှိသော အာဏာစက်နှင့် ပူးပေါင်း၍ လူတို့၌ ဥပဒေ ပြဋ္ဌာန်းရန် အားထုတ်ခဲ့ခြင်းဟာ ကောင်းစွာ ကျင့်တော်မူသော ဂုဏ် မြောက်ပါရဲ့လား ။
‘ဥဇုပ္ပဋိပန္န္န္န’ ဆိုတာ ဖြောင့်စွာ၊ မှန်စွာ ကျင့်တော်မူရတဲ့ ဂုဏ်ဖြစ်တယ်။  အားပေးထောက်ခံသူတွေ ရှိသော်ငြား ဤသို့သော ဥပဒေ ထုတ်ပြန်ခြင်းဟာ ဒီပြည်မှာ မလျော်ပါဘူး၊ တိုင်းရင်းသား အပေါင်း သွေးစည်း ညီညွတ်မှု ကိုမေးခွန်းထုတ်ရန် ရှိတယ်လို့ ၀ိုင်းဝန်းဝေဖန်ထောက်ပြနေတဲ့ကြားက ဇွတ်အတင်း ပြဋ္ဌာန်းရန် အစိုးရမင်းများနှင့် ပင်း၍ ကြံစည် ခဲ့ကြခြင်းဟာ ဥဇုပ္ပဋိပန္န – ဖြောင့်မတ်ကြပါရဲ့လား။
‘ဉာယပ္ပဋိပန္န’ ဆိုတာ နိဗ္ဗာန် မျက်မှောက်ပြု ရေး အလေးပေး ပြီး ကျင့်ရတဲ့ ဂုဏ်ဖြစ်တယ်။
ဒီဂုဏ်တော်နဲ့ ဒီအမှုဟာ ဘုန်းကြီးနဲ့ ဘီး ဘယ်အစပ်အဟပ်မှ မမိသလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် လျက်သာနေပါတော့တယ်။
‘သာမိစိပ္ပဋိပန္န္န’ ဆိုတာကျတော့ တရားအစရှိသော အကျင့်မြတ်တို့ကို ရိုသေလေးမြတ်စွာ ကျင့်ရတဲ့ ဂုဏ် ဖြစ်ပါတယ်။  မြတ်ဘုရား မဟောသည်ကိုပင်ဟောပြောသကဲ့သို့၊ မြတ်ဘုရား မနှစ်သက်အပ်သော သဘောတို့ကိုပင် ဘုရားအကြိုက် ကျလေဟန် အမုန်းတရားများ ဦးဆောင်ဟောပြောနေခြင်းဟာ သာမိစိပ္ပဋိပန္န္န ဂုဏ်ကနေ မိုင်ကုဋေမျှ သွေဖည်လျက်သာ ရှိပါတော့တယ်။
ဒီလို ဂုဏ်တော် မထိုက်စွာ ပြုမူနေတဲ့ ရဟန်းတော်တွေ အနေနဲ့ ကုသိုလ်ကောင်းမှုတွေ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်၊ လူဒကာ ဒကာမတွေရဲ့ သဒ္ဓါညွတ်နှူး ရှိဦးဖွယ်ရာ ဖြစ်ပါဦးတော့မလား။
အဲတော့ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြီးဆုံးခဲ့ရတဲ့ ကျနော့်ရဲ့ ၀တ်ပြုခြင်းအပြီးမှာ နိုင်ငံလုံး အနှံ့အောင်ပွဲခံတယ် ဆိုတဲ့ အသုံးအနှုံးကို တနုံ့နုံ့နဲ့ ဆက်ပြီး ဆင်ခြင် ကြည့်မိပါတယ် ။
သုံးလူ့ ထွဋ်တင် ဘုရားရှင်ဟာ အဘယ်သို့သော အမှုမှာ အောင်ပွဲရတယ်၊ အောင်မြင်တယ်လို့ သတ်မှတ် ချီးကျူးပါသလဲ။  အဘယ်မည်သော အောင်မြင်မှုမျိုးကို ဘုရားရှင် နှစ်သက်ပါသလဲ။  ဒါမျိုးကို ဆက်စဉ်းစားရင် အများကတော့ အပြင်အောင်ခြင်း အတွင်းအောင်ခြင်း ဆိုတာတွေ တွေးမိမလား မသိ၊။  ကျနော်ကတော့ အချိန်အခါ နေရာ ဋ္ဌာန်နဲ့ အံကိုက်ကျနေတဲ့ သုတ်မဟာဝါ ပါဠိတော်က အောင်ခြင်းဂါထာတော်ကို သတိရမိတယ်။
ဇိနော ဇယန္တော၊
ပိဋကတ္တရမ္ပိနပဏ္ဍိတော သဟဿ
ဝါ စာနစရိယော အယုတ္တ ဒါနေနဒါနံ၊
ပဉ္စိန္ဒြိယာနိ သံဝရော ဘိက္ခဝေ သစ္စ၀ါဒိ ဓမ္မံစရေယ ၊
ပရိသုဒ္ဓဓမ္မဒါနံ။
မြန်မာပြန် အဓိပ္ပာယ် ကတော့
ရဟန်းတို့..။
အကြင်သူသည် ရန်အပေါင်းကို အောင်မြင်ပါသော်ငြားလည်း သူရဲကောင်း မဟုတ်ချေ။
ပိဋကတ်ကို အာဂုံဆောင်ကာ ခြောက်ခြားသော်ငြားလည်း ပညာရှိ မဟုတ်ချေ ။
တသောင်းမျှသော အမေးပုစ္ဆာများကို ထောင်းလမောင်းကြေအောင် ဖြေဆို နိုင်သော်ငြားလည်း စကားတတ်သည် မမည်လေ။
ဆွမ်း သင်္ကန်း ကျောင်း ဆေး ဟူသော ၀တ္ထု များ လှူ ဒါန်းကာမျှ ဖြင့် လည်း ဒါနခန်း မဟုတ်သေး။
ရဟန်းတို့..။
ဣနြေ္ဒ ၅ ပါးကို စောင့်ထိန်းသူသာလျှင် သူရဲကောင်း စင်စစ် ဖြစ်ပေ၏။
ဟုတ်မှန်သော စကားကို ဆိုသူသာလျှင် စကားတတ်သည် မည်ပေ၏ ။
တရားကို ကောင်းစွာ၊ ဖြောင့်စွာ၊ ပြည့်စုံစွာ စောင့်သောသူသာ ပညာရှိဟု ခေါ်ဆို၏။
ကိုယ့်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသော ဒုသီလ စေတနာဆိုးတို့ကို စွန့်လှူမှ သာလျှင် ဒါနစင်စစ်ဖြစ်ပေ၏ တဲ့ဗျာ။
ဦးပါမောက္ခ ဦးဆောင်သော အောင်ပွဲခံ ကိုယ်တော်တွေ၊ အမုန်းတရား အစောင်း အရွဲ့  ချိတ်လုံး ထေ့လုံး ရုန့်ရင်းကြမ်းတမ်းတာတွေ လှိုင်လှိုင်သုံးပြီး ဟောပြောနေတဲ့ ဦးဝီရသူနဲ့ နောက်လိုက်တွေ၊ ကုန်ကုန် ပြောရရင် ဓမ္မသဘင် ကနေ အဓမ္မ အသွင် ဖြစ်နေတာကို ဦးသျှောင်နာယက အချုပ်လုပ်ပြီး ဥက္ကဋ္ဌ လုပ်တော်မူသော အင်းစိန် အောင်ဆန်းဆရာတော်ကြီး တို့ ကိုယ်တိုင် သံဃာ့ ဂုဏ်တော်မှ ဖြောင့်ဖြောင့်ကြီး သွေဖည်လျက် ရှိပါပြီ။  မြတ်ဘုရားတို့ နှစ်သက်ခြင်း မရှိသော အောင်ပွဲခံခြင်းမျိုးကို ၀န်လေးစွာပြုမူလျက် ရှိကြပါပြီလို့ သတိထောက်ချင်ပါတယ် ။
ယခုအခါ လာလတ္တံ့သော နိုင်ငံရေးကစားကွက် အခင်းအကျင်းများကြောင့် အာဏာလက်ရှိ အစိုးရမင်းများက ခေတ္တခဏမျှ လိုဘပြည့်အောင် အသုံးချလျှက်ရှိခြင်းကို ပညာကျော်များဖြစ်ကြပါလျက် ပမာဒလေခ ၍ ၎င်းတို့ခင်းသောလမ်းအတိုင်း လျှောက်လှမ်းလျှက် ရှိကြခြင်းမှာ လူဒကာ၊ ဒကာမတို့ အတွက် အလွန်ပင် ၀မ်းနည်းစရာကြီး ဖြစ်ကြောင်း ကိုလည်း သိစေချင်ပါတယ်။
ဒါ့ကြောင့် ဓူရ ၂ဖြာ ကျင့်ကောင်းစွာ အကျင့်ကြီး ကျင့်တော်မူလျှက်ရှိသော ချမ်းသာလိုလားသည့် ရဟန်းကောင်း ထေရ်ကောင်း တို့ အနေနဲ့လည်း  “ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မလျော်ချေ၊ ယခုပင်ငါသွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ် အမှန်ကို ပြမည်။” ဟု ဒုတိယသံဂါယနာဦးစီး အရှင်မဟာယသ မထေရ် မြတ်ကြီျး ကြံစည်ဆုံးဖြတ်တော် မူသကဲ့သို့ ကြောင့်ကြမဲ့ နေတော်မမူဘဲ တရားတော်နဲ့ လျော်ညီစွာ ဟောပြောထိန်းမတော်မူကြပါမည့် အကြောင်းသံဃ ဂုဏ်တော်စစ်ပွားလိုသူ ကပ္ပိယမှ လျှောက်ထား လိုက်ရပါသည် ဘုရာ့…။    ။
ကပ္ပိယဖိုးစီ / ဖိုးစီ (ရုံးတော)
စက်တင်ဘာ ၁၅၊ ၂၀၁၅
မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ —
၀၁) ကပ္ပိယဖိုးစီ – မဟနနှင့် နိုင်သြ ဆိုသည်
http://gita.cc/archives/20177
http://moemaka.blogspot.com.au/2011/12/kapiya-po-si.html
၀၂) ဘုန်းကြီးတွေ လူလိုမသိဘူး
http://moemaka.com/archives/41120
http://www.moemaka.blogspot.com.au/2014/12/blog-post_99.html
၀၃) စနစ်ဆိုး၏ အသုံးချခံ သား (၃) သား
http://moemaka.com/archives/41327
http://moemaka.blogspot.com.au/2014/12/blog-post_308.html
၀၄) ကျနော်တို့ သာသနာတော်
http://moemaka.com/archives/41737
http://www.moemaka.blogspot.com.au/2015/01/blog-post_95.html
၀၅) ဋ္ဌာပနာအတွင်းသို့ ၀င်ကြည့်ခြင်း
http://gita.cc/archives/43789
http://moemaka.blogspot.com/2015/05/blog-post_463.html
၀၆) ဦးဇောတိက နှင့် (၃) နာရီ
http://moemaka.com/archives/40029
http://www.moemaka.blogspot.com.au/2014/09/blog-post_530.html
၀၇) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ
http://moemaka.com/archives/39986
http://www.moemaka.blogspot.com.au/2014/09/blog-post_759.html
၀၈) ဗလသေန တော့ မလိုချင်ပါ
http://moemaka.com/archives/40072
http://www.moemaka.blogspot.com.au/2014/09/blog-post_807.html
၀၉) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်
http://moemaka.com/archives/40003
http://www.moemaka.blogspot.com.au/2014/09/blog-post_551.html
၁၀) မိနီကတော့ သေတာ သေတာပါပဲ
http://moemaka.com/archives/40089
http://www.moemaka.blogspot.com.au/2014/10/blog-post_40.html
၁၁) ဘောင်ဘင်ခတ်သူ
http://moemaka.com/archives/40138
http://www.moemaka.blogspot.com.au/2014/10/blog-post_53.html
၁၂) ခါချဉ်တစ်ကောင်တင်းတဲ့မာန်
http://moemaka.com/archives/40166
http://www.moemaka.blogspot.com.au/2014/10/photo-aung-htet.html
၁၃) ပိုးဟပ်တောင်ပံခတ်သံ
http://moemaka.com/archives/40277
http://www.moemaka.blogspot.com.au/2014/10/blog-post_38.html
၁၄) အမေ၏နိုင်ငံရေး
http://moemaka.com/archives/40305
http://www.moemaka.blogspot.com.au/2014/10/blog-post_79.html
၁၅) မန်းကျည်းတန်း ပုံပြင်
http://moemaka.com/archives/40401
http://www.moemaka.blogspot.com.au/2014/10/blog-post_670.html
၁၆) Sorry ပုံပြင်
http://moemaka.com/archives/40611
http://www.moemaka.blogspot.com.au/2014/11/sorry.html
၁၇) “ဟဲ့…” အမည်မှည့်
http://moemaka.com/archives/40857
http://www.moemaka.blogspot.com.au/2014/11/blog-post_877.html
၁၈) တန်ရာတန်ကြေး
http://gita.cc/archives/42519
http://www.moemaka.blogspot.com.au/2015/02/blog-post_912.html
၁၉) မင်းစဉ် မင်းဆက် ယတြာ ကွက်များ
http://gita.cc/archives/43775
http://moemaka.blogspot.com/2015/05/blog-post_73.html
၂၀) ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့
http://moemaka.com/archives/44260
http://blog.moemaka.com/2015/06/blog-post_253.html
၂၁) ပြန်ခေါ် ရအောင် သူငယ်ချင်း
http://moemaka.com/archives/44981
http://blog.moemaka.com/2015/08/blog-post_13.html
၂၂) အိမ်ခါးပန်းက စာတမ်းတွေ
http://moemaka.com/archives/45767
http://blog.moemaka.com/2015/09/blog-post_92.html
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
6 thoughts on “ဖိုးစီ (ရုံးတော) – ဓမ္မစစ်၊ အောင်ပွဲစစ်၊ သံဃာအစစ်
  1. အလွန်ကောင်းပါသည် ဘုန်းကြီးကလူအလုပ်လုပ်တော့ လူကဘုန်းကြီးအလုပ်ရန်ရှိပါတော့သည်
  2. ဘုန်းဘုန်းတစ်ပါးရဲ့ မိုးမခ အယ်ဒီတာ အဖွဲ့ထံ ဝေဖန်ထောက်ပြချက်ပါ။ အားလုံးဝေဖန် အမှန်ရှာနိုင်အောင် ဒီမှာ တင်ပေးလိုက်ပါတယ်။
    ဒါက ဘုန်းကြီးရဲ့ Private Message စာပါ..။
    Maha Thu Mana
    ပိဋကတ်တော်ရဲ့ ဘယ်နေရာမှာမှ အဲဒီ ပါဠိနဲ့ အဲဒီ အဓိပ္ပာယ်မရှိဘူးဆိုတာကို ပြောခဲ့ပြီးပါပြီ။ အဲဒီ ပို့စ်ကို အမြန်ဆုံး ဖြုတ်ချစေချင်ပါတယ်။ ဒီမိုသမားတွေအပေါ်မှာ ဘာသာရေး မလေးစားသူတွေလို့ အထင်ရောက်အောင် မှိုင်းတိုက်နေတဲ့ ကာလမျိုးမှာ ဒကာတော် တင်ထားတဲ့ ပို့စ်ဟာ အန္တရာယ်များပါတယ်။ မိုးမခမှာ ရေတဲ့ ဖိုးစီ ဆိုတာ ဘယ်သူမှန်း မသိပါဘူး။ တာဝန်အရှိဆုံးကတော့ အဲဒီ ဖိုးစီဆိုသူပါပဲ။ ဖြုတ်ချစေချင်ပါတယ်။ ပိဋကတ်တော်ကို မကျေလည်ရင် ပိဋကတ်ကိုလည်း ဝေဖန်နိုင်ပါတယ်။ သို့သော် ပိဋကတ်ထဲမှာ မရှိတာကို အရှိလုပ်ပြီး မပြောသင့်၊ မရေးသင့်ပါဘူး။ လူလူချင်းတောင် တပါးသူက မပြောတဲ့ စကားကို အပြောလုပ်ပြီး လိမ်ညာတာကို လူ့ကိုယ်ကျင့်တရားက ခွင့်မပြုပါဘူး။ အခုဟာက လူတစ်စားက ဘုရားစကားတော်အဖြစ်နဲ့ အလေးအမြတ်ထားတဲ့ ပိဋကတ်တော်ပါ။ လုံးဝ မလုပ်သင့်ပါဘူး။ အမြန်ဆုံး ဖြုတ်ချပေးပါလို့ မေတ္တာရပ်ခံပါတယ်။
    ====
    ဒါက ဘုန်းကြီးရဲ့ Public Comment ပါ..။
    မဘသရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဦးဇင်းလည်း သဘောမကျ၊ စိတ်ပျက်လက်ပျက်ဖြစ်နေလို့ ပြောမနေတော့ပါဘူး။ ပြောချင်တာက ဒကာတော် ညွှန်းထားတဲ့ လင့်က ပါဠိနဲ့ ရေးထားတဲ့ အနက်အဓိပ္ပာယ်တွေဟာ မဟာဝါပါဠိတော်မှာ မရှိသလို ဘယ်ပိဋကတ်ပါဠိတော်မှာမှလည်း မရှိပါဘူးလို့ ပြောချင်ပါတယ်။ မည်သူမဆို ကိုယ်ပြောချင်တာကို ပြောလို့ ရတယ်၊ ပြောခွင့် ရှိပါတယ်။ ဒါပေမယ့် မြတ်စွာဘုရား မဟောတာကို ဟောသလို ပါဠိအတု ဖန်တီးပြီး လိုသလို အဓိပ္ပာယ်ဖော်တာမျိုးတော့ မည်သူမဆို မလုပ်ကောင်းပါဘူး၊ လုပ်လည်း မလုပ်သင့်ပါဘူး။
    ပိဋကတ်တော်ရဲ့ ဘယ်နေရာမှာမှ အဲဒီ ပါဠိ မရှိဘူးဆိုတာကို ဦးဇင်းက သေချာပေါက် ပြောနိုင်ပါတယ်။ ဒကာတော်တို့ မယုံကြည်လျှင် ပိဋကတ်ကျွမ်းကျင်တဲ့ဆရာတော်များထံမှာ မေးလျှောက်ပါ။
  3. ဘုန်းဘုန်း Maha Thu Mana ဝေဖန်ထောက်ပြချက် အတွက်
    စာရေးသူ နဲ့ မိုးမခ က ဖြစ်နိုင်ချေကို လျှောက်ထား မေးမြန်း သိရှိပြီးပါပြီ
    [ “… နီတိ အ​ရေးအသား နဲ့ ဆင်​တယ်
    သုတ်​ မဟာဝါ မှာ ရိုက်​ထည့်​ ရှာ တာ မ​တွေ့
    ပိဋက မှာ မရှိ လို့ ​ပြောမရပါ
    တစုတစည်း တည်း ရှာမ​တွေ့ ဆိုက မှန်​၏
    စာ မှား သလား ​မေးရင်​ မမှားဘူး လို့ ​ဖြေမည်
    ဖြစ်​နိုင်​တာက​တော့ မဟာ​ဗောဓိမြိုင်​ ဆရာ​တော့်​ လက်​ရာ ဖြစ်​နိုင်​တယ်​ ၊ သူက အဲလို စုစပ်​ ​ရေးတတ်​တယ်
    ဆုံးဖြတ်​ရ​သော်​ သုတ်​မဟာဝါ အညွှန်း ကို ဘ၀င်​မကျပါ စာ မမှား နိုင်…” ]
    အရှင် — PhĐ . ပါဠိပါရဂူ . စာချကိုယ်တော် တပါး
    ဘုန်းဘုန်းတို့ ပညာသည်ချင်း အငြင်းပွားမှု မဖြစ်ရအောင် ဘွဲ့တော်နာမည် မထည့်ထားပါ..။
    ဆက်လက်ရှာဖွေ ဆွေးနွေးကြပါ..။
  4. ဒီစာက စာရေးသူ ဖိုးစီ (ရုံးတော) ရဲ့ ဘုန်းဘုန်းထံ တိုက်ရိုက် ပြန်စာပါ..။ ဓာတ်ပုံတပုံလည်း ပါပါတယ်။ ဓာတ်ပုံဒီမှာ ထည့်မထားပါ..။ ပြန်လည်ဝေဖန်စာများ မိုးမခ အယ်ဒီတာ လျှပ်စစ် အမြန်ချောလိပ်စာ ကတဆင့် ထပ်မံ ပေးပို့နိုင်ပါတယ်။ editors
    ဦးပဇင်းကို ဒီ ပြန်စာလေး ရေးပေးထားပါတယ် ။
    ++++++++++++++++++++++
    တပည့်တော် စာရေးထားတဲ့ ဖိုးစီ ဖြစ်ပါတယ် ။
    ဘယ်ပိဋကတ်ကိုမှ မမြင်ဘဲ မှတ်စု အားကိုး နဲ့ ရေးမိပါတယ် ။ ဦးပဇင်းထောက်ပြထာတော့ ပြန်ရှာတယ် ။ တိုက်ရိုက် ပါဠိမတွေ့ပါ ။ သဒ္ဒါတွေလဲ မှားနေတာ တွေ့ပါတယ် ။ ဒိအတွက်လည်း ထောက်ပြတဲ့ ဦးဇင်းကို ကျေးဇူးတင်ပါတယ် ဘုရား ။
    သို့သော် ဒီသဘော နဲ့ ပိဋကတ်တော် နေရာတော်တော်များများ ဟောထားချက် ၇ှိတယ်လို့ သုတ-ကြားမှတ်ထားပါတယ် ။ မည်သို့ဖြစ်စေ တာဝန်ခံ ထည့်ခဲ့တဲ့ ငြိမ်းချမ်းအေး ကို ၇ှင်းပြပါတယ် ။ ရှာမတွေ့ တဲ့ သုတ်မဟာဝါ အညွှန်းကို ဖြုတ် ၊ သို့မဟုတ် တစ်ပုဒ်လုံး ဖြုတ် ..အယ်ဒီတာ ဆုံးဖြတ်ခွင့်အတိုင်းထားပါတယ် ။
    တပည့်တော်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် မှာတော့ ဒီပါဠိမှတ်စု အတိုင်းပဲ ထားပြီး သုတ်မဟာဝါ အညွှန်းကို ဖြုတ်လိုက်ပါတယ် ။
    ပိဋကတ်တော် ကို ခြောက်ခြား နိုင်ပါရဲ့ နဲ့ စာမတတ်ဘူး မြည်နိုင်တဲ့ အဖွင့် ပါဠိလေးတော့ အရှင်ဘုရား ကို ကိုးကပ်ပြဖို့ ဆရာသမားဆီက တောင်းယူထားပါတယ် ဘုရား ။
    တပည့်တော် ညွှန်းဆိုချင်တဲ့ စေတနာမှာ ဆဒေါ် စာပြန်ချလိုတာ မဟုတ် ၊ တတ်ကြောင်းပြလိုတာလည်းပဲ မဟုတ် ၊ ဒီနေ့ လက်ရှိ အခြေအနေအရ သံဃာ ဆိုတာကို ရည်မှန်းရတိုင်း အရောရော ၊ အထွေးထွေး ၊ အငြိငြိ အယှက်ယှက် ..စိတ်လက်မကြည် သဒ္ဓါ မပီတော့တဲ့ အနေအထားကို လျှောက်ချင်တာမို့ ..တိုက်ရိုက် ဘုရားဟော ပါဠိ ဖြစ်၏ ၊ မဖြစ်၏ ညှိနေတာကို ရှေ့တန်းမထားဘဲ ရေးထားမိတဲ့ စာကို သည်အတိုင်းထားမိပါတယ် ဘုရား ။
    နောင်ကိုလည်း ဆုံးမ နိုင်ပါတယ် ။
Comments are closed.