>Burmese Americans formed 18 soccer teams in East Coast aiming professional and tournament

>

ပြည်ပရောက်မြန်မာတိုင်းရင်းသားမိသားစုများ၏ 4th of July ဒိုင်း ဘောလုံးပြိုင်ပွဲ အော်ဘာနီမြို့တွင်အောင်မြင်စွာကျင်းပပြီးစီး
ပြည်သူ့ဂုဏ်ရည် (အော်ဘာနီ)၊ ဇူလိုင် ၁၊ ၂၀၁၁
အော်ဘာနီ မြို့တွင် မြန်မာတိုင်းရင်းသားမိသားစုများ၏ အားကစားလှုပ်ရှားမှု အစီအစဉ်တရပ်အဖြစ် ဘောလုံးအသင်းများ ဖွဲ့စည်း ၍ နီးစပ်ရာမြို့နယ်များရှိ အသင်းများနှင့် ယှဉ်ပြိုင်ကစားခြင်းများကို ၂၀၀၇ ခုနှစ်မှစတင်၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြ သည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် Rensselaer City (Albany) ရှိ မြန်မာတိုင်းရင်းသားများစုပေါင်းပါဝင်သည့် Albany Youth Soccer Team ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယူတီကာ၊ ဆာယာကျူ၊ ရော့ချက်ပ်စတာ၊ မင်နီဆိုတာ၊ ဘတ်ဖလိုး၊ အင်ဒီယားနားပုလစ်၊ မစ်ရှီဂမ် တို့မှအသင်းပေါင်း ၁၈ သင်းပါဝင်သည့်ဘောလုံးပြိုင်ပွဲကိုဝင်ရောက်နိုင်ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အထက်ပါမြို့များမှအသင်းများ စုပေါင်းပါဝင်သည့် East Cost မြန်မာဘောလုံးအဖွဲ့ကို တာဝန်ခံ(၃)ဦးနှင့် ဖွဲ့စည်းနိုင်ခဲ့သည်အထိ ကျယ်ပြန့်လာခဲ့သည်။ ဒိုင်ချုပ်ကိုဒင်နီရယ် (ယူတီကာ)၊ ကိုရဲနီ -စည်းရုံးရေးတာဝန်ခံ (အယ်ဘာနီ)၊ ကိုအင်ဒရူး (တာဝန်ခံ) တို့ဖြစ်ကြသည်။ ၂၀၀၇ ခုနှစ်ကစပြီးဘောလုံးပြိုင်ပွဲများကို East Cost မြန်မာဘောလုံးအဖွဲ့က ဦးစီး၍ ယူတီကာမြို့တွင် နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သည်။ ယခုနှစ်တွင်မူ အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အသင်းကဦးဆောင်၍  အော်ဘာနီ မြို့မြန်မာတိုင်းရင်းသားမိသားစုများ၏ ပထမအကြိမ် 4th of July ဒိုင်း ဘောလုံးပြိုင်ပွဲ အဖြစ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
မြန်မာတိုင်းရင်းသားဘောလုံးကစားသမား အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲများကို ငွေကုန် ကြေးကျခံ၍ ကြိုးစားကျင်းပပေးနေခြင်းဖြစ်ကြောင်းနှင့် ၄င်းတို့ကို အမေရိကန်ပြည်ထောင်စုရှိ ကြေးစားကလပ်အသင်းများ တွင်ဝင်ရောက်ခြေစွမ်း ပြနိုင်သည်အထိ ရည်ရွယ်လေ့ကျင့်ပေးနေကြောင်း ဘောလုံးပွဲများဖြစ်ပေါ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသူတဦးဖြစ်သည့် ကိုရဲနီကပြောပါသည်။
          ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပခဲ့သည့် ယခု 4th of July ဒိုင်း ဘောလုံးပြိုင်ပွဲကို အော်ဘာနီ၊ ယူတီကာ၊ ဆာရာကျူ့ ၊ ဗန်မောက်၊ ဟက်ဖို့ဒ်မြို့တို့က မြန်မာတိုင်းရင်းသားဘောလုံးအသင်းပေါင်း (၁၁) သင်းဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြ ပါပြီး နီးစပ်ရာမြို့နယ်များမှ ဘောလုံးပွဲဝါသနာရှင် ပရိသတ်စုစုပေါင်း ၅၀၀ ကျော်လာရောက်အားပေးကြကြောင်းသိရှိရသည်။ ဇွန်လ ၂၆ ရက်နေ့တွင်ကျင်းပသော နောက်ဆုံး ဗိုလ်လုပွဲကို ယူတီကာမြို့က KYU အသင်းနဲ့ OTC အသင်းတို့ တက်ရောက် လာကြပြီး KYU အသင်းက ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိပြီးပထမဒိုင်းဆု ရယူသွားနိုင်ခဲ့သည်။
          ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ အားကစားလှုပ်ရှားမှုအစီအစဉ်တရပ်ဖြစ်သည့် ယခုနှစ် 4th of July ဒိုင်း ဘောလုံးပြိုင်ပွဲ ကျင်းပရာတွင် ပြည်သူ့ဂုဏ်ရည်အသင်း (အော်ဘာနီဋ္ဌာနခွဲ)က အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီအားဖြည့် ပေးခဲ့ပါ သည်။
          မိမိတို့မြန်မာတိုင်းရင်းသားများ အမေရိကန်ပြည်ထောင်စုရှိ ကြေးစားကလပ်အသင်းများ တွင်ဝင်ရောက်ခြေစွမ်း ပြနိုင် စေရန်အထိရည်ရွယ်၍ ဝိုင်းဝန်းကြိုးစားနေကြသည်ကို ကြိုဆိုအားပေးကြောင်း နှင့် ဘောလုံးအသင်း ၂ သင်းအတွက်အားကစား ဝတ်စုံများ၊ နဖူးစည်းစာတမ်းများ တာဝန်ယူပေးခဲ့ပြီး အကျွေးအမွေး အစီအစဉ်များ ဖြင့်လည်းဧည့်ခံခဲ့ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း (အော်ဘာနီဋ္ဌာနခွဲ)တာဝန်ခံ ကိုထွန်းထွန်းကပြောပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်း (အော်ဘာနီဋ္ဌာနခွဲ) ရဲ့ ယခုနှစ်အတွက် ပွဲဦးထွက် လှုပ်ရှားမှုဖြစ်ကြောင်းနှင့် ရှေ့တွင်လည်း ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန် စီစဉ်ထားပါကြောင်းကိုလည်း ကိုထွန်းထွန်းက ဆက်လက်ပြောကြားသွားပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts