>One Decade later, Burmese pensioners received their entitlement raised


>

ဆယ်နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ်အဖြစ်  ပင်စင်လစာများ တိုးပေး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၃၀၊ ၂၀၁၁
ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ ပင်စင်ယူခဲ့သည့် ပင်စင်စားများအား ယခုလက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများ ပင်စင်ယူလျင်ခံစားရမည့် ပင်စင်လစာနှုန်းထား အတိုင်းခံစားခွင့်ပြုရန် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းအဝေး ၁၂/၂၀၁၁ မှ ဆုံးဖြတ်ခဲ့ပြီး လာမည့်လ ဇူလိုင်လမှ စတင်ခံစားခွင့်ရှိမည်ဟု ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုကျော်အတွင်း ၀န်ထမ်းလစာ နှုန်းထား ၄ ကြိမ်တိုးမြှင့်ပေးခဲ့သော်လည်း ပင်စင်စားများ၏ လစာနှုန်းထားကိုမူ ၁၉၉၃၊ ၉၄ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်သာ တိုးပေးခဲ့ဖူးသည်ဟု အငြိမ်းစား ၀န်ထမ်းတစ်ဦးကပြောသည်။ ထို့အကြိမ်က ပင်စင်စားများအား နကိုရရှိသည့် ပင်စင်လစာ၏ ၂ ဆအဖြစ် တိုးမြှင့်ပေးခဲ့သည်ဟု အဆိုပါ ပင်စင်စားကပြောသည်။ အဆိုပါကာလနောက်ပိုင်း ပင်စင်စားများ အနေဖြင့် နကိုပင်စင်ယူစဉ်က ရရှိသည့် နှုန်းထားများအတိုင်းသာ သတ်မှတ်ပြီး ချန်လှပ်ထားခဲ့ရာမှ ယခုတစ်ကြိမ် ပင်စင်စားများ၏ လစာကိုတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ငွေကြေးဖောင်းပွမှု ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုမှာ အနိမ့်ဆုံး အဆ ၂၀မှ အဆပေါင်း ၁၀၀ ၀န်းကျင်ထိ အသီးသီးရှိခဲ့သော်လည်း အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာမှာမူ သိသာစွာမြင့်တက်ခြင်း မရှိခဲ့ဟု ပင်စင်စားများအား မေးမြန်း သိရှိရသည်။
လွန်ခဲ့သည့် ၂၃ နှစ်ကျော်က ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနတွင် အောက်တန်း စာရေး လုပ်ကိုင်ခဲ့သူ ၀န်ထမ်း တစ်ဦးက ထိုစဉ်က သူရရှိသည့် လခမှာ ၁၅၀ ကျပ်သာဖြစ်ပြီး ထိုအဆင့်ဝန်ထမ်း အနေဖြင့် ယနေ့ ရရှိသည့် လစာမှာ ၂၇၀၀၀ ကျပ်ဖြစ်သည်ဟု ပြောသည်။ ထို့နှုန်းထားကို တွက်ချက်ကြည့်လျင် န၀တ၊ နအဖ အမည်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည့် ၂၃ နှစ်တာကာလအတွင်း လစာငွေ ဖောင်းပွမှု အဆ ၁၈၀ နီးပါးမြင့်တက်ခဲ့သည်ကို တွေ့ရသော်လည်း အငြိမ်းစားဝန်ထမ်းများ အနေဖြင့် ၅ ဆ၊ ၁၀ မျှထိပင် တိုးမြှင့်ပေးခြင်း မခံခဲ့ရဟု သူကပြောသည်။
ထိုသို့သော နှုန်းထားများကြောင့် ကျပ် တစ်ထောင်ပင်မပြည့်သည့် ပင်စင်လစာ ထုတ်ယူရန် လာရောက်နေရသည့် အသက်အရွယ်ကြီးရင့်သူ ပင်စင်စားများအား သနားဖွယ်ရာ တွေ့မြင်နေရသည့် အဖြစ်က မျက်စေ့ရှေ့မှာ မြင်တွေ့ရသူအဖို့ ရင်နင့်ဖွယ်ရာ ဖြစ်ရသည်ဟုလည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ  အငြိမ်းစား ၀န်ထမ်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလနှင့် မတ်လများတွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပင်စင်စားများအား လစာတိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိမေးခွန်းကို ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့ရာတွင် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ထိုစဉ်ကနှင့် ယခု ဘဏ္ဍာရေး ၀န်ကြီးဖြစ်သူ ဦးလှထွန်းက ဖြေကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts