>Dae Doe – What’s Progression ???

>

တိုးတက်မှုဆိုတာ ဘာလဲ …
ဒဲ့ဒိုး (အော်စီ)
ဇွန် ၂၈၊ ၂၀၁၁


မြန်မာနိုင်ငံသား အတော်များများက တိုးတက်မှုဆိုတာကို နောက်ဆုံးပေါ်ပစ္စည်း ပစ္စယတွေ ပေါများမှုသုံးစွဲနိုင်မှုကို တိုးတက်တယ်လို့ အထင်ရှိနေကြတယ်။ နိုင်ငံခြားရောက်နေတာ အနေကြာလို့ မြန်မာနိုင်ငံကို ပြန်မရောက်တာကြာပြီဖြစ်တဲ့သူတွေ မြန်မာနိုင်ငံက ပြန်လာတဲ့အခါ အခြေအနေ ဘယ်လိုလဲလို့မေးကြည့်လိုက်ရင် ဟာအရင်နဲ့မတူဘူး … အတော်တိုးတက်နေပြီလို့ ဖြေဆိုတာများတယ်။

ဘာတွေ တိုးတက်လာလဲ ပြောပါဦးဆိုတော့ …နောက်ဆုံးပေါ်ကားတွေ၊ ဟိုတယ်တွေ၊ လမ်းတိုင်းမှာ အပြည့်ဘဲ တဲ့ ခေတ်မီပစ္စည်းတွေဆိုလဲ အော်စတြေးလျထက်ဈေးပေါသတဲ့။ အရည် အသွေးရော မှီရဲ့လားဆိုတော့ … အယ် … အင်း … အဲဒါတော့ မသိဘူးတဲ့။

ဘယ်ရောက်ခဲ့လဲမေးတော့ ရန်ကုန်တဲ့။ ဘတ်စ်ကားစီးခဲ့လားဆိုတော့ … ဘယ်သွားသွား တက္ကစီနဲ့ဘဲတဲ့။ တက္ကစီကားကလဲ ဈေးပေါသတဲ့။ ကောင်းတယ် အစားအသောက်လဲဈေးပေါတယ်။ ဒါဖြင့် ဘာဖြစ် လို့ပြန်လာလဲ။ မြန်မာနိုင်ငံမှာဘဲ နေပါတော့လားဆိုတော့ … အယ် … အား … အဲဒါတော့ မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ကိုင်စားဘို့ အရင်းအနှီးမရှိဘူးတဲ့။ မင်းဘဲ တိုးတက်နေပြီဆို … ရှာလို့ ဖွေလို့ လွယ်မှာပါဆိုတော့ ….။ အားမလွယ်ဘူးတဲ့။

ကလေးတွေ ပညာရေးကိစ္စမေးကြည့်တော့လဲ ဘာမှ မသိ။ ထူးရှယ်ဆေးရုံကြီးတွေ ဟိန်းနေတာဘဲပြောလို့ လူထုကျမ္မာရေးစောင့်ရှောက်မှု မေးကြည့်တော့လဲ … ပိုက်ဆံရှိရင်ကုရတာလွယ်တယ်လေတဲ့။ အင်း … တော် လိုက်ပုံများ။ သတင်းစာဖတ်ခဲ့လား… ဘာတွေရေးထားလဲ မေးတော့ ၀န်ကြီးတွေ အလုပ်များနေတဲ့သတင်းတွေ ဘဲတဲ့ …။ ဘာတွေအလုပ်များနေလဲမေးတော့… ဟိုဖွင့်ပွဲသွား၊ ဒီဖွင့်ပွဲသွား။ ဟိုလိုက်ကြည့်၊ ဒီလိုက်ကြည့် တာတွေဘဲ။

နောက်ဘယ်ရောက်ခဲ့သေးလဲမေးတော့ ပြည်၊ ပြည်ကနေ ပုသိမ်ခရီးစဉ် …။ ပြောပြပါဦးဆိုတော့ … ရထားနဲ့ သွားတာ …၊ ရထားကလဲ တခါတခါ လမ်းမှာဖြေးဖြေးလေး … တခါတလေ ရပ်တောင်နေလိုက်သေး ….။ ဘာဖြစ်လို့လဲမေးတော့ …. လမ်းမကောင်းလို့ ပြင်နေတာ လေ။ စက်အားလဲမပါဘူး။ လူအားနဲ့ သံလမ်းကို ၀ိုင်း မတွေနေကြတာ …။ ကိုယ်ကလဲစပ်စုချင်တော့ ဆင်းကြည့်လိုက်တာ လမ်းအလုပ်သမားတွေ က မြန်မြန်ပြီးသွားအောင် သံလမ်းဝိုင်းမပေးပါဦး…။ မြန်မြန်ပြီးတော့ ရထားမြန်မြန်ထွက်လို့ရတာပေါ့ဆိုတာနဲ့ ၀ိုင်းမ ပေးခဲ့ရသေးတယ်။ မင်းက ကားနဲ့မသွားဘဲ ဘာဖြစ်လို့ရထားနဲ့သွားလဲဆိုတော့ ကားနဲ့သွားရင် ပုသိမ်အရောက်ဆို မသက်သာဘူး။ လမ်းက ဆိုးတယ်။ တကိုယ်လုံးကိုင်ရိုက်ထားသလိုဘဲ …. တဲ့။

မင်းပြောတော့ အရင်နဲ့မတူဘူး …. တိုးတက်နေပြီဆို။ ဒါက ရန်ကုန်နဲ့နေပြည်တော်ကိုပြောတာ …. တဲ့။ အင်း … အတော်ကို စိတ်ပျက်စရာကောင်း၏။

နောက်တယောက်ကလဲ ခေတ်ပညာတတ် မိတ္ထီလာက။ သူပြောတာက မြန်မာနိုင်ငံ ဆင်းရဲတယ် … ဆင်းရဲ တယ်နဲ့။ အခုတခေါက်ပြန် ရောက်တော့ အတော်ပြောင်းလဲတိုးတက်နေတာဘဲ။ အရင်က ရပ်ကွက်ထဲက ဓမ္မာ ရုံသေးသေးလေးက အခုတိုက်ဓမ္မာရုံးကြီး။ နဲတာမဟုတ်ဘူး။ အကြီးကြီးပဲ။ ဘုရားပုထိုးတွေကြည့်လိုက်တော့ လဲ ရွှေရောင်တ၀င်းဝင်းနဲ့။ ဆင်းရဲတယ်လို့ပြောနေပေမယ့် အဆောက်အဦးတွေက ဟိန်းနေတာဘဲလို့ဆို လာတယ်။

ဘယ်သူတွေက ဆောက်လှူတာလဲမေးတော့ မသိဘူးတဲ့။ သာမန်လူထုက စားဘို့မှအနိုင်နိုင် လှူဘို့ဆိုတာ အတော်စဉ်းစားရမည့်အနေအထားပါဗျာ။ အဲဒီလိုလှူတာခေတ်ပျက်သူဌေးတွေဗျ။ သူတို့က ဘုရားဒ ကာ၊ ကျောင်းဒကာ အမည်ခံရအောင် လှူတယ်။ အစိုးရက မဏိဇောတတို့၊ သီရိသုဓမ္မတို့ ဘာတိုဆိုတဲ့ ဘွဲ့စက္ကူတွေပေးတယ်။ သူတို့လိုချင်တာက ဘွဲ့စက္ကူတွေ မဟုတ်ဘူး။ လုပ်ငန်းလုပ်ပိုင်ခွင့်ပါမစ်ဗျ။ အဲဒီလို ဘာသာသာသနာဆိုင်ရာ ဘွဲ့တံဆိပ်ရတဲ့သူတွေကို အစိုးရက လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ချပေးတယ်။ သစ်ထုတ်မလား၊ ရွှေတူးမလား၊ အင်ပို့လုပ်မလား၊ အိတ်စပို့လုပ်မလား လိုင်စင်ချပေးတယ်။ ကဲ အဲဒီကရတဲ့ အမြတ်က ဆယ်ပုံပုံ တပုံလောက်တော့လှူနိုင်တာပေါ့။ ရပ်ကွက်ထဲမှာ ဘုရားဒကာ၊ ကျောင်းဒကာဆိုတဲ့ ဂုဏ်ထူးကြီးနဲ့ အတော်ကိုဟုတ်နေတာ။ အစိုးရကလဲ ဘာသာသာသနာကို အားပေးတယ်ဆိုတဲ့အမြင်မျိုးဖြစ်ပေါ် လာအောင် တချက်ခုတ် ဆယ်ချက်လောက်ပြတ်အောင်လုပ်တာ။ ပြည်တွင်းကလူတွေက မသိမဟုတ် သိတယ်။ မသိတာက ပြည်ပမှာ ကိုယ့်စီးပွားကိုယ်ရှာနေတဲ့သူတွေ။

ဥပမာဗျာ- အခု ဖုန်းဆင်းကဒ်တခု ဒီမှာဘယ်လောက်ပေးရလဲ။ အလကားရသလောက်နီးပါးဘဲ။ တဒေါ် လာ၊ နှစ်ဒေါ်လာဘဲရှိတာ။ဖုန်းဝယ်ရင် ဆင်းကဒ်ကအခမဲ့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဟန်းဆက်ဝယ်ပေ မယ့်ဆင်းကဒ်က အလကားမရဘူး။ သက်သက်ဝယ်ရတယ်။ ဦးတေဇကုမ္ပဏီက ဆင်းကဒ်ရောင်းတယ်။ တခု အက်ဖ်အီးစီ ၂၀ တဲ့ -ရန်ကုန်တမြို့ထဲကို နှစ်သောင်းကျော်ရောင်းရတယ်ကြားတယ်။ အဲဒီဆင်းကဒ်က တလဘဲ အသုံးခံတယ်။ ကဲ တွက်ကြည့်။ တကဒ် နှစ်ဆယ်- နှစ်သောင်းဆိုတော့ … (၂) သိန်းဘိုးဗျ။ အခွန်ဆောင်တာနဲ့ ၀န်ထမ်းလစာနဲ့ ဆိုင်ရာဆိုင်ရာကို ပေးရကမ်းရတာနဲ့ မကျန်ဘူးဆိုတောင် အနည်းဆုံး တသိန်းတော့ အသာလေးမြတ်တယ်။ ပြိုင်ဘက်မရှိဘူးနော်။ အက်ဖ်အီးစီပေါက်ဈေးနဲ့ တွက်ကြည့်ပေါ့ဗျ။ ဒီဆင်းကဒ်တခုထဲ။ သူ့မှာလုပ်ပိုင်ခွင့်လိုင်စင်တွေ ဘယ်လောက်ရှိသလဲ မသိဘူး။

သူရရွှေမန်းရဲ့သား အောင်သက်မန်းက ဓာတ်မြေသြဇာရောင်းတယ်။ ရပ်ရွာ ကြံ့ဖွံ့လူကြီးနဲ့ပေါင်းပြီး တောင်သူ လယ်သမားတွေ မယူမနေရ ရောင်းတယ်။ အပြင်ပေါက်ဈေးထက် တဆလောက်များတယ်ဆိုတယ်။ အဲဒီလို အာဏာပါဝါရှိတဲ့သူတွေ နဲ့ပေါင်းပြီး လူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျပြီး၊ ဂုတ်သွေးစုပ် ကြီးပွားချမ်းသာလာ တဲ့သူတွေက ဟိုတယ်တွေဆောက်တယ်။ ဇိမ်ခံကားတွေ ၀ယ်စီး၊ ဘတ်စ်ကားတွေတင်သွင်း၊ ကုမ္ပဏီထောင် သူတို့ဘဲ ကြီးပွားချမ်းသာတာပါဗျာ။ လူထုခမျာ ဘာမှ မထူးပါဘူး။ အရင်ထက်ပိုဆိုးနေတယ်။

မကျန်းမမာဖြစ်ရင် ကွမ်းယာဆိုင်က အခိုးပွင့်ဆေးတို့  လျှာပွတ်ဆေးတို့နဲ့ နဘမ်းလုံးနေရဆဲပါ။ ကျောင်းစရိတ် မတတ်နိုင်လို့ မူလတန်းပညာတောင်မသင်ကြားနိုင်တဲ့ကလေးတွေ အများကြီးရှိနေတယ်။ နိုင်ငံတနိုင်ငံ တိုးတက်တယ်ဆိုတဲ့ စံချိန်စံညွှန်းက ဟိုတယ်ကြီး ဟိန်းနေအောင် ဆောက်ထား တာ၊ ခေတ်ပေါ်ပစ္စည်းတွေပေါ များတာ၊ နောက်ဆုံးကားတွေ လမ်းပေါ်မှာပြည့်နေတာကိုဆိုတာမဟုတ်ဘူး။ လူထုကျန်းမာရေး တိုးတက်လာ သလား၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း လျော့ကျသလား။ ပညာသင်နိုင်သလား။ လွတ်လပ်ပွင့်လင်းစွာ ကိုယ့်ရဲ့အယူအဆကို ပြောဆိုနိုင်ရဲ့လား။ တနေ့လုပ်အားခ အနည်းဆုံး (၂) ဒေါ်လာအောက် ရောက်နေသ လား၊ လူထုဘ၀ ငြိမ်းချမ်းစွာ လုပ်ကိုင်ရှာဖွေစားသောက်နိုင်ရဲ့လား စတဲ့ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာရမှာဖြစ် တယ်။

မြန်မာနိုင်ငံမှာ တနေ့လုပ်အားခ ဘယ်လောက်ရှိလဲ။ ခင်ဗျားတို့ပြန်လာတာ မကြာသေးဘူးဆိုတော့ သိလိမ့်မယ် ထင်ပါတယ်။ ဒီ အော်စတြေးလျက သာမန်အလုပ်ကြမ်းသမားတယောက်ရဲ့လစာက မြန်မာနိုင်ငံက ပညာရှင် တယောက်ရဲ့လစာနဲ့ ယှဉ်လိုက်ရင် တရက်လုပ်အားခဘဲရှိတယ်။ တခုတော့ရှိတယ်။ ကုန်ဈေးနှုန်းခြင်းကွာသလို လုပ်အားခခြင်းလဲကွာတယ်။ ဒီမှာ မပျင်းရင် ထမင်းမငတ်ဘူး။ အလုပ်တခုရှိရင် အိုကေတဲ့အပြင်၊ မြန်မာ နိုင်ငံ မှာရှိတဲ့ မိဘသားချင်းတွေကိုတောင် ပို့ ပေးနိုင်တယ်မဟုတ်လား။ တိုးတက်တယ်ဆိုတာ ဘာတွေလဲဆို တာ မြင်အောင်ကြည့်တတ်ရမယ်။ ကားအသစ်တွေ၊ တံတားတွေရှိတာ ခွေးလဲမြင်တယ်၊ နွားလဲမြင်တယ်။ လူက တိရိစ္ဆာန်တွေ မမြင်နိုင်တာကို မြင်တတ်ရမယ်။ သာမန်လေးသိမယ်ဆိုရင်တော့ မဟုတ်သေးဘူး ဗျ။ ပြည်တော်ပြန် သဘောပေါက် မပေါက်တော့မသိ။ ရှင်းပြရတာ မောလိုက်ပါဘိ။

(၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် အော်စီတခွင် ခရီးလှည့်လည်စဉ်မှ တွေ့ကြုံမှုမှတ်တရ)
သရုပ်ဖော် – ကာတွန်းမောင်ရစ်အား ဖြတ်ညှပ်ကပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts