>Int’l TheGeek – News Headlines beyond Burma – End June

>

အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ၊ ဇွန် လကုန်
နိုင်ငံတကာသာဂိ
ဇွန် ၂၈ ၊ ၂၀၁၁
အမေရိကန်သမ္မတလောင်းတွေ လာပြီ
            လာမည့် ၂၀၁၂ မှာ သမ္မတရွေးကောက်ပွဲ တပတ်လည်လာပြီဆိုတော့ အခုကတည်းက အမေရိကန်မှာ သမ္မတလောင်းတွေက လူထုကြားထဲထွက်ပြီး အားစမ်းကြပြီ။ မိခင်ပါတီကိုလည်း မဲဆွယ်နေကြပြီပေါ့။ အာဏာရသမ္မတ အိုဘားမားရဲ့ ဒီမိုကရက်ပါတီကတော့ လူသစ်တင်မှာ မဟုတ်ဘူး။ အိုဘားမားကပဲ ဒုတိယသက်တမ်း ၀င်အရွေးခံမှာ ဖြစ်တယ်။
အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီကတော့ သမ္မတလောင်းတွေက မှိုလိုပေါက်နေပြီ။ တလောက ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းများ စကားရည်လုပွဲမှာ သူတို့ပါတီက ၀င်ပြိုင်ချင်သူ ၇ ဦး ၀င်နွှဲတယ်။ အချင်းချင်း အပြိုင်အဆိုင်စကားနိုင်လုတာမျိုး မဖြစ်လာဘဲနဲ့ အာဏာရသမ္မတကြီး အိုဘားမားကို အားလုံးက ၀ိုင်းပြီးတော့ ပြစ်တင်ဝေဖန်တဲ့ ပွဲကြီးအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ်။ သူတို့က ဘုံရန်သူကို ၀ိုင်းတိုက်နေလိုက်ကြတာ နောက်တခါ သမ္မတရွေးရင် ရီပတ်ဘလစ်ကန်ပါတီက သမ္မတကို တပြိုင်နက်တည်း ၇ ယောက်များ ခန့်ထားကြမယ်လား မသိဘူးလို့ ဝေဖန်သူတွေက ဟားကြလေရဲ့။
သမဂ္ဂတွေ နေ၀င်ချိန်ရောက်ပြီလား
            အမေရိကန်မှာ အာဏာရတွေကို လွှမ်းမိုးတဲ့ အင်အားကြီး ၂ ခု ရှိတယ် ပြောကြတယ်။ တခုက အရင်းရှင်ကြီးတွေပေါ့။ နောက်တခုက အလုပ်သမားတွေရဲ့ သမဂ္ဂတွေ ဖြစ်တယ်။ အရင်းရှင်ကြီးတွေ ငွေရှင်ကြေးရှင်တွေက ရှေးရိုးစွဲတွေ၊ ရီပတ်ဘလစ်ကန်ပါတီတွေဖက်က ဖြစ်ပြီး၊ သမဂ္ဂကြီးတွေကတော့ အပြောင်းအလဲမက်သူတွေ၊ ဒီမိုကရက်တွေဘက်ကို အားပေးလေ့ရှိတယ်။
ခေတ်သစ်လူလတ်တန်းစား အလုပ်သမားသစ်တွေမှာ သမဂ္ဂတွေ မရှိတော့ဘူး။ ဥပမာ ဝေါလ်မတ်တ်မှာ အလုပ်သမားသမဂ္ဂမရှိဘူး။ ကုမ္မဏီကြီးတွေက အားမပေးဘူး။ အလုပ်သမားတွေ အခွင့်အရေးတွေ၊ ပင်စင်လစာ အာမခံချက်တွေ တောင်းမှာစိုးလို့။ အစိုးရ၀န်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ စာပို့သမားတွေ၊ ဘတ်စ်ကား၊ ရထားဝန်ထမ်းတွေမှာပဲ သမဂ္ဂရှိတယ်။
စီးပွားပျက်ကပ်မှာ အလုပ်အာမခံချက်တို့၊ ပင်စင်အာမခံချက်တွေရှိတဲ့ အလုပ်သမားတွေအတွက် ကာကွယ်ပေးနေတဲ့ သမဂ္ဂတွေကို အရင်းရှင်ကြီးတွေ၊ ရှေးရိုးစွဲ နိုင်ငံရေးသမားတွေ (တီးပါတီတို့၊ ရစ်ပတ်ဘလစ်ကန်)တို့က မျက်စောင်းထိုးတယ်။ အစိုးရငွေတွေ၊ အရင်းရှင်တွေရဲ့ ငွေတွေကို ဖြုံးတီးတယ်ပေါ့လေ။ သူတို့ကြောင့် စီးပွားပျက်တယ်လို့ လူတွေကို ၀ါဒဖြန့်တယ်။ ဒါကြောင့် တချို့ပြည်နယ်တွေမှာ (ဥပမာ – ၀စ္စကွန်စင်) မှာ အလုပ်သမားသမဂ္ဂတွေရဲ့ တောင်းဆိုခွင့်တွေကို ကန့်သတ်တဲ့ ဆိုင်းငံ့တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနေကြတယ်။
လိင်တူချစ်သူတွေ လက်ထပ်ခွင့် အမေရိကန်ပြည်နယ်တွေမှာ ရပြီ
            ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ထူးဆန်းထွေလာလူမျိုးစုံနေထိုင်တယ်။ တောင်ပိုင်းမှာကတော့ ထူးဆန်းထွေလာတွေကို ရုပ်ရှင်ရိုက်စားသူတွေ (ဟောလီဝုဒ်သမား) တွေ နေထိုင်တယ်။ အထူးသဖြင့် ဆန်ဖရန်ဘေးဧရိယာက အရှေ့ အနောက် ဆုံကြတဲ့နေရာ၊ လိင်တူ လိင်ကွဲ ချစ်သူတွေ၊ အရောင်အသွေးမတူသူချင်း ချစ်ခင်သူတွေ နေကြတဲ့ နေရာဖြစ်တယ်။ သို့သော်လည်း လိင်တူချစ်သူတွေ လက်ထပ်ခွင့်ကိုတော့ ခုထိ တရားဝင်မရသေး။ အသည်းအသန်တိုက်ခိုက်နေကြဆဲ။            ဖြစ်ချင်တော့ အမေရိကန်အရှေ့ခြမ်း နယူးယောက်ပြည်နယ်က လိင်တူချစ်သူများ လက်ထပ်ခွင့်ကို ယမန်နေ့က တရားဝင်အတည်ပြုလိုက်တယ်။ ကယ်လီဖိုးနီးယားက တိုးတက်အမြင် လွတ်လပ်သူတွေ ဆွေ့ဆွေ့ခုန်နေကြတာပေါ့။ သမိုင်းမှာ အေအိုင်ဒီအက်စ်ရောဂါကို တရားဝင်ဝန်ခံပြီး လိင်တူချစ်သူတွေအကြောင်း ထုတ်ဖော်ဝံ့သူ (ဟောလီဝုဒ်က မင်းသားကြီး ရော့ဒ်ဟန်ဆန်)တို့၊ လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ဖော်တဲ့ တက်ကြွလှုပ်ရှားသူ (ဆန်ဖရန်က ဟားဗီမစ်လ်ခ်၊ ဒါကြောင့်ပဲ သေနတ်နဲ့ ပစ်သတ်ခံရသူ) တို့ ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်က “ကျော်တော့လှေသူကြီး ညားတော့ နယူးယောက်” ဖြစ်နေတာ မခံမရပ်နိုင်ဖြစ်နေတာပေါ့။ သို့သော်လည်း သူတို့အချိန်ရောက်တော့မယ်လို့ အားတက်နေကြလေရဲ့။
လစ်ဗျားကို နိုင်ငံတကာရာဇ၀တ်ခုံရုံးတင်ချိန်မှာ အိုဘားမားကို အမေရိကန်ကွန်ဂရက် အပြစ်တင်
            ယမန်နေ့က ကုလရဲ့ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက လစ်ဗျားက လူသတ်ကောင် အာဏာရှင်ကဒါဖီ နဲ့ သူ့သားအပါအ၀င် ၂ ဦးကို ရာဇ၀တ်ကောင်အဖြစ် ဖမ်းဆီးပြီး တရားစီရင်ဖို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ နေတိုးတပ်ပေါင်းစုက လက်ရှိမှာ စစ်ရေးအရ စွက်ဖက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ကဒါဖီစစ်တပ်တွေဘေးရန်က ကာကွယ်ပေးနေကြတာ ၃ လတိုင်ခဲ့ပြီ။ အာရပ်နိုင်ငံပေါင်းစု (အာရပ်လိဂ်)ကလည်း ကုလဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ဖြစ်ပါတယ်။
            သို့သော် လွန်ခဲ့တဲ့ သောကြာမှာတော့ အမေရိကန်လွှတ်တော် (အောက်လွှတ်တော်)က လစ်ဗျားကို စစ်ရေးအရ ပိတ်ဆို့တားမြစ်မှုတွေ လုပ်တာမှာ ၀င်ပါလို့၊ ဦးဆောင်တဲ့ ကဏ္ဍမှာ ၀င်ခဲ့လို့ သမ္မတအိုဘားမားနဲ့ အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ရစ်ပတ်ဘလစ်ကန်တွေ၊ ရှေ့းရိုးစွဲတွေ၊ တီးပါတီတွေ အများစု အမတ်ဖြစ်နေတဲ့ အောက်လွှတ်တော်က သူတို့လူအကုန်နဲ့ စစ်ဆန့်ကျင်သူ ဒီမိုကရက် တဒါဇင်ခန့် စုပေါင်းပြီးတော့ အိုဘားမားကို လွှတ်တော်ကို မတိုင်ပင်ရကောင်းလားဆိုပြီး ပြစ်တင်ရှုတ်ချကြတာဖြစ်ပါတယ်။ အာဏာရှင်ကဒါဖီရဲ့ သူ့ပြည်သူတွေကို တဖက်သတ်တိုက်ခိုက်နေတာတွေကို တားမြစ်ဖို့ ကြိုးစားတဲ့လုပ်ရပ်ထက် သမ္မတက သူ့အာဏာကို အလွဲသုံးတယ်ဆိုတဲ့ အမှုက ကြီးတယ်လို့ ပြောတာဖြစ်တယ်။
ကံကောင်းချင်တော့ (ကံဆိုးချင်တော့လို့ ဆိုမလား) အမေရိကန်ရဲ့ လစ်ဗျားနဲ့ ပတ်သက်ပြီး စစ်ရေးအသုံးစာရိတ်ကို ဖြတ်တောက်ရပ်ဆိုင်းဖို့ တင်သွင်းတဲ့ အဆိုကတော့ ရှုံးနိမ့်သွားပါတယ်။ အာဏာရှင်တွေ ၀မ်းသာအောင် လေလည်ပြနေရသလားဆိုပြီးတော့ အိုဘားမားက ပြန်ပြီးတော့ ပြောလိုက်ပါရဲ့။
အမေရိကန်က အရေးပေါ်အရန် ရေနံတွေကို ထုတ်သုံးလို့ ဓာတ်ဆီဈေးကျ
            တကမ္ဘာလုံး စီးပွားကျနေချိန်မှာ အစိုးရတွေက စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။ ဘဏ်တွေ၊ အရှုံးပေါ်နေတဲ့ ဘဏ္ဍာအရင်းရှင်ကြီးတွေကို ကယ်တင်ခဲ့တယ်။ ၀င်ငွေခွန်၊ အမြတ်ခွန်တွေကို လျော့ချကန့်သတ်ခဲ့တယ်။ အစိုးရမှ ပြည်သူကို ပေးနေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အခြေခံအဆောက်အအုံ ၀န်ဆောင်မှုတွေကို လျော့ချ ဖြတ်တောက်ခဲ့ရတယ်။ လုပ်ငန်းတွေ၊ အရင်းရှင်ကြီးတွေက ပြန်လည်ရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းမှာ မလုပ်သေးဘဲနေတာကြောင့် စီးပွားရေးက ကျဆင်းနေဆဲပဲ။ အစိုးရတွေရဲ့ ပေါ်လစီတွေကို မကြိုက်လို့ လုပ်ငန်းရှင်တွေက ခေါင်းမာတယ်လို့ ဆင်ခြေတွေ ပေးကြတာလဲ ရှိပါတယ်။
            အာရပ်ကမ္ဘာမှာ ထကြွမှုတွေဖြစ်လို့ ဓာတ်ဆီဈေးတွေ တက်တော့ အရင်းရှင်တွေက ဈေးတင်ပြီး အမြတ်တွေ ရကြတယ်လို့ ဆိုတယ်။ လောင်စာဆီဈေးတက်လို့ စားသုံးသူတွေမှာ အထွေထွေ ဈေးတက်မှုကို ရင်ဆိုင်ကြရတယ်။ ကြပ်ပြီး ရင်း ကြပ်ပေါ့။ ဒါနဲ့ အမေရိကန်အပါအ၀င် အစိုးရအချို့က သူတို့ လှောင်ထားတဲ့ အရေးပေါ်အရန်ရေနံတွေကို ထုတ်ရောင်းပေးလိုက်တယ်။ ဈေးကွက်မှာ ကွာဟနေတဲ့ လိုအင်ကို ၀င်ဖြည့်ပြီး ဈေးကို ချိန်ညှိပေးတာပေါ့။ ရေနံဈေးတွေ ပြန်ကျသွားလို့ လူတွေ အသက်ရှုချောင်ကြပေမယ့် စွမ်းအင်လုပ်ငန်းရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေကတော့ အစိုးရ၀င်စွက်လို့ သူတို့တွေ အရှုံးပေါ်ကြရပြီ၊ ကုန်ပါပြီဗျာလို့ ချူသံပါအောင် ငြီးနေကြပြန်လေရဲ့။
ဂူးဂဲက အစိုးရကြီးတွေ၊ အရင်းရှင်ကြီးတွေကို အင်တာနက်ကို မချူပ်ချယ်ဖို့ သတိပေးပြီ
            ဒီနေ့ ဥရောပမှာ ပြုလုပ်တဲ့ အင်တာနက်ဖိုရမ်မှာ ဂူးဂဲလုပ်ငန်းရှင် ရှမစ်ဒ်က အစိုးရကြီးတွေ၊ အရင်းရှင်ကြီးတွေကို အင်တာနက်ကို ချူပ်ချယ်ဖို့ မလုပ်ကြနဲ့လို့ ထုတ်ပြောလိုက်ပါတယ်။
အာရပ်နွေဦးက ပြည်သူလူထုလက်ထဲမှာ အင်တာနက်လက်နက်သာရှိရင် အစိုးရတွေကို စိန်ခေါ်နိုင်တယ်၊ ရင်ဆိုင်နိုင်တယ်လို့ သက်သေပြလိုက်တော့ (ဖြုတ်ချတယ်လို့ မပြောပါဘူး) အစိုးရကြီးတွေ (အာဏာရှင်တွေ၊ အရင်းရှင်အစိုးရတွေအပါအ၀င်) ပြီးတော့ နိုင်ငံတကာက လက်ဝါးကြီးအုပ် လုပ်ငန်းရှင်ကြီးတွေက ခေါင်းနပန်းတွေကြီးပြီးတော့ အင်တာနက်ကို ကန့်သတ် ထိန်းချုပ် ဖိနှိပ်ထားဖို့ စဉ်းစားနေကြပြီ။ ပြင်ဆင်နေကြပြီ။ ဒါမလုပ်ကောင်းပါဘူးလို့ ပြောလိုက်တယ်။
အင်တာနက်ခေတ်ဟာ ရှေးက မီးကို ရှာတွေ့သလိုပဲ တိုးတက်ဖို့ကို သွားမှာပါ။ မိတ်ဆွေလည်း ဖွဲ့လို့ရသလို၊ ရန်သူလည်း လုပ်လို့ရတာပဲ။ သူက တီဗီလုပ်ငန်းရှင်ကြီးတွေနဲ့ နှိုင်းပြပါတယ်။ တီဗီလုပ်ငန်းက အကျိုးအမြတ်ကြီးမှန်းသိတော့ အစိုးရတွေ၊ အရင်းရှင်တွေ၊ အာဏာရှင်တွေက လက်ဝါးကြီးအုပ်ထားကြတယ်။ လူထုလက်ထဲမှာ လွတ်လပ်စွာ ဖြန့်ချိ ဖမ်းယူခွင့်တွေ မပေးတော့ဘူး။ အခုချိန်မှာ တကမ္ဘာလုံးမှာ ကေဘယ်တီဗီဈေး၊ ဂြိုဟ်တုရုပ်သံလိုင်းဈေးတွေဟာ ဈေးကြီးနေဆဲဖြစ်နေတာ၊ လူတွေလက်ထဲကို ဈေးသက်သာစွာ မရောက်ရှိတာက အဲသည်နယ်မြေကို သူတို့တတွေ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေလို့ ဖြစ်တယ်လို့ သူက ထောက်ပြတယ်။ အဲသည်လိုမျိုး အင်တာနက်ကို ချူပ်ကိုင်လာတာကို တွန်းလှန်ကြဖို့ လိုတယ်လို့ သူကပြောလိုက်တယ်။
ကဲ ဒီတပတ်တော့ ဒီလောက်ပဲ
            မြန်မာပြည်မှာ သမ္မတလောင်းလာရဲပြီလား – မြန်မာပြည်နဲ့ ဆက်စပ်ပြီးတော့ ဘာပြောချင်သေးလဲ။ ဘာမှ မပြောချင်ပါဘူး။ မြန်မာပြည်က လွှတ်တော်၊ သမ္မတ၊ ၀န်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး၊ ဗိုလ်ချူပ်ကြီးများအားလုံးကို ဘယ်သူမှ စိန်မခေါ်ဝံ့လို့ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအကြောင်း ဘယ်သူကမှ အရေးလုပ်မပြောရဲပါဘူး။
            မြန်မာပြည်မှာ သမဂ္ဂဆိုတာ မူးလို့တောင် ရှုစရာမရှိ – အမေရိကန်က ခုမှ သမဂ္ဂမရှိတာပြောနေတယ်။ မြန်မာပြည်မှာ သမဂ္ဂဆိုတာ ရာဇ၀တ်မှုဖြစ်တယ်ဆိုတာ ရာစုတ၀က်တောင် ရှိပြီ။ ရှက်များတောင် ရှက်ပါရဲ့။
            လိင်တူချစ်တာမပြောနဲ့ လိင်ကွဲချစ်တောင် အာမခံချက်မရှိသေး – မြန်မာပြည်မှာ ခုချိန်ထိ ယောကျာ်း၊ မိန်းမတွေက “ချစ်ခြင်းကို မခွဲပါနဲ့” ဆိုတဲ့ သီချင်းကို ကုန်းအော်လို့ ကောင်းတုန်း၊ မိဘစိတ်ချမ်းသာအောင်ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးဖွင့်ဖွင့်ပြီး မချစ်မနှစ်သက်သူနဲ့ပေါင်းနေရတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ ခေတ်စားတုန်းဆိုတော့ လိင်ကွဲချစ် လွတ်လပ်ရေးတောင် အတော်တိုက်ရဦးမှာလေ။
            လစ်ဗျားနောက်က မြန်မာပြည်လိုက်ဖို့က အဝေးကြီး – မြန်မာပြည်အတွက် အာရပ်နွေဦးကနေ အာရှအလင်းပွင့်ဖို့ဆိုတာ အာဆီယံတွေ၊ အိန္ဒိယတွေ၊ တရုတ်တွေရဲ့ နှာစေး ချောင်းဆိုး သွက်ချာပါဒတွေကို အတော်ကုယူပြီးမှသာ ဖြစ်လာနိုင်မယ် ဆိုတာ “သိသားနဲ့” လို့ပဲ ပြောချင်တာပါ။
            မြန်မာပြည်အတွက် ဂူးဂဲ – ဘာ?  … ဘာဂူးဂဲလဲ? ။ လာမပြောနဲ့ ။ အင်တာနက်တောင် ဆေးသုတ်ထားလို့ အင်တာဖြူ ဖြစ်နေပြီ။ မြန်မာပြည်မှာ တီဗီဆိုတာ စပြီး ပေါ်ကတည်းက တီးလုံးတွေ အကုန်လုံး သည်အတိုင်း မပြောင်းဘဲထားလို့ အစိုးရတွေ ပြောင်းသွားမှန်းတောင် ရွာကလူတွေက မသိဘူး။ အခုတက်နေတာ နေ၀င်းပဲလို့ ထင်နေတုန်းပဲ။

 
       မြန်မာပြည်က အစိုးရဆိုတာကလည်း စစ်တိုက်မယ်၊ နယ်စပ်ပိတ်မယ်၊ ပေါ်တာဆွဲမယ်၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းလုပ်မယ်၊ အပြစ်မဲ့တဲ့သူတွေကို ဖမ်းပြီး ထောင်ချမယ်ပဲ လုပ်နေကြအတိုင်း လုပ်နေကြတာ သားစဉ် မြေးဆက် ဖြစ်နေပြီ မဟုတ်ပါလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts