>new censorship policy and Burmese journals

>

စာပေစိစစ်ရေး မူဝါဒသစ် စတင်ပြီး တစ်လမပြည့်မီ ဂျာနယ် ၆စောင် ခံဝန်လက်မှတ်ထိုးရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၇၊ ၂၀၁၁


အစိုးရသစ် တက်လာပြီး ၂လကျော်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် စာပေစိစစ်ရေးနှင့် ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနမှ မူဝါဒသစ်ကို စတင်ကျင့်သုံးခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် အားကစား၊ နည်းပညာနှင့် ကျန်းမာရေးဂျာနယ် စုစုပေါင်း ၆ စောင်ထက် မနည်း ခံဝန်ချက် လက်မှတ် ရေးထိုးခဲ့ကြရပြီ ဟု သိရှိရသည်။

စာပေစိစစ်ရေးသို့ ကြိုတင် တင်ပြရန် မလိုအပ်ပဲ ပုံနှိပ်ပြီး ဖြန့်ချိခြင်း မပြုမီတွင် စာပေစိစစ်ရေး သို့ အသိပေးရန် လိုအပ်သည့် အုပ်စု(၁) တွင်ပါဝင်သည့် ဂျာနယ်များမှ ယခုလို ခံဝန်ချက် လက်မှတ် ရေးထိုးကြရ ခြင်း ဖြစ်သည်။

မည်သည့်ဖေါ်ပြချက်ကြောင့် ယခုလို ခံဝန်ချက် ရေးထိုးရသည်ကို အသေးစိတ် မသိရှိရသော်လည်း အဆိုပါ ဂျာနယ်များ နောက်တကြိမ် အမှား အယွင်း ဖြစ်ပွားခဲ့ပါက မကြာမီက သတ်မှတ်အတည်ပြုခဲ့သည့် စပေါ် သိန်း ၅၀ တင်ရန် သဘောတူကြောင်းလည်း လက်မှတ်ထိုးခဲ့ရသည် ဟု ဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

အခြား ထူးခြားသည့် အချက်မှာ ယခင်က ဂျာနယ်များက စည်းမျဉ်းချိုးဖောက်ကာ ဖေါ်ပြသည်ဟု စိစစ်ရေးက ယူဆသည့်အခါ ပုံနှိပ်တိုက်အနေဖြင့် မည်သည့်တာဝန်မျှ မရှိသော်လည်း ယခုမူဝါဒသစ် အရ ဂျာနယ်၏ စည်းမျဉ်း ချိုးဖောက် ဖေါ်ပြမှုအတွက် ပုံနှိပ်ပေးသည့် ပုံနှိပ်သူပါ ခံဝန် လက်မှတ် ရေးထိုးခြင်း၊ စပေါ် သိန်း ၅၀ ပေးသွင်းခြင်းတို့ လုပ်ဆောင်ရမည့် အချက်ပင် ဖြစ်သည်ဟု အဆိုပါ အယ်ဒီတာက ရှင်းလင်းပြောပြသည်။ အထက်ပါ အချက်ကြောင့် ပုံနှိပ်စက်ပိုင်ရှင်များ အနေဖြင့် မိမိ ရိုက်နှိပ်ပေးရသည့် စာတွင် စိစစ်ရေး မူဝါဒနှင့် ငြိစွန်းခြင်း ရှိမရှိ စိစစ်ဖို့ သတိ ထားလာစေမည့် သဘော ဆောင်နေသည်ဟု အဆိုပါ အယ်ဒီတာက ရှင်းပြသည်။

ဇွန်လ ၆ ရက်နေ့တွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများအား ပြန်ကြားရေး ၀န်ကြီးဌာနက ဖိတ်ခေါ်ရှင်းပြသည့် မူဝါဒသစ် ရှင်းလင်းပွဲတွင် နကိုက တင်ပြပြီးမှ ခွင့်ပြုသည်များကို ရိုက်နှိပ် ထုတ်ဝေလျက်ရှိသည့် အမျိုးအမည် ၅ မျိုးသော စာပေများအား ကြိုတင်တင်ပြရန် မလိုဘဲ ထုတ်ဝေခွင့် ရှိသည်ဟု ခွင့်ပြုခဲ့သည်။

အမျိုးအမည် ၅ မျိုးမှာ အနုပညာ သုတရသ၊ အားကစား၊ နည်းပညာ၊ ကလေးစာပေ နှင့် ကျန်းမာရေး တို့ ဖြစ်ပြီး ဂျာနယ် နှင့် မဂ္ဂဇင်း စုစုပေါင်း ၁၇၈ စောင်၊ အခြား အထွေထွေ ထုတ်ဝေသည့် လုံးချင်း စာအုပ်များပါ အကျုံးဝင်လျက်ရှိသည်။

အုပ်စု ၂ ဟု ခေါ်ဆိုသည့် ယခင် စိစစ်ရေး လုပ်ထုံး လုပ်နည်း အတိုင်း စိစစ်မည့် ဂျာနယ် မဂ္ဂဇင်းများထဲတွင် စီးပွားရေး ဆိုင်ရာ၊ သတင်းစုံ၊ ဘာသာရေး ဂမ္ဘီရ၊ အတ္ထုပ္ပတ္ထိစာပေ၊ မှုခင်း သတင်း၊ သမိုင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ဂျာနယ် မဂ္ဂဇင်းနှင့် အထွေထွေ စာအုပ်များ ပါဝင်သည်။

အစိုးရသစ် တက်လာပြီးနောက် စိစစ်ရေးမူဝါဒ ပြောင်းလဲ ကျင့်သုံးသည့် သဘောမျိုး ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်ခဲ့ရာတွင် ယခင် စိစစ်ရေး အဆင့်တဆင့်သာ စစ်ဆေး ကြည့်ရှုရန် ဖြစ်သော်လည်း ယခုအခါ စာပေ စာနယ်ဇင်းနှင့် စိစစ်ရေးတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့ ပိုလာပြီး အချို့သော ကိစ္စရပ်များအား အဆိုပါ ဘုတ်အဖွဲ့က စစ်ဆေး ဆုံးဖြတ်မည်ဟုလည်း ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် ရှင်းလင်းပွဲအရ သိရှိရသည်။

အစိုးရ၏ စာပေစိစစ်ရေး မူဝါဒ သစ်အရ အထက်ပါ ၅မျိုးတွင် အကျုံးဝင်သည့် စာစောင်များသည် အနုပညာ နယ်ပယ်မှ သတင်းများကိုလည်း ယခင်လို ဖေါ်ပြခွင့် မရှိတော့ဟုလည်း ယခုတပါတ်ထုတ် ပြည်သူ့ခေတ် ဂျာနယ်၏ ဖေါ်ပြချက်အရ သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts