ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – သာလိကာ တိုင်းပြည်

 
ငြိမ်းချမ်းအေး – သာလိကာ တိုင်းပြည်
မိုးမခ၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၅
သီတဂူ ဆရာတော် ကို နှစ်ဖက် လု နေကြပုံ မြင်ရတာ ရယ်စရာ သိပ်ကောင်းတယ်။  တိုင်းပြည်မှာ ပုဂ္ဂိုလ်ကိုပဲ ကိုးကွယ်ပြီး တရားကို အလေးမထားကြတာလည်း သိပ်ပေါ်လွင်တာပဲ။
ကိုယ့် ရပ်တည်ချက် မူ အလုပ် (Cause ကို ဆိုလိုတာပါ) ကို ယုံကြည်ရင်၊ မှန်တယ် ထင်ရင် ဘယ် ပုဂ္ဂိုလ်ကျော်မှ ပါ စရာ / မပါ စရာ ဂရုစိုက်ဖို့ မလိုဘူး။  အခု မဘသ ဘက်က ရပ်တည်မှု ယိုင်နဲ့တော့ ဇွတ် နာမည်ကြီး ဘုန်းကြီးတပါးကို ပြန်ဆွဲတယ်။  တာဝန်ယူသည် ဖြစ်စေ၊ မယူသည်ဖြစ်စေ မဘသ အကျိုး အတွက် လုပ်နေပါတယ် စကားပိတ်၊ ခံပြောထားကော။
မဘသ များက အခုလို ပြန်လုတော့ အခု ဒီမိုကရေစီ လိုလားသူ ဟု ကိုယ့်ဘာသာ ခံယူထားသူများ၊ ဆိုသူများ မခံချင်ကြဘူး။  မဘသ က ကုလားမုန်း တခုတည်း လုပ်ပြီး နိုင်ငံရေး ပယောဂ မပါ၊ ဒေါ်အောင်ဆန်းစုကြည် တိုက်ခိုက်ရေး မလုပ်ရင် ဒီလိုလူတွေ ဘယ်လိုရပ်တည်မလဲ မြင်ယောင်မိပါရဲ့။
နောက်တခုက မဘသ ဟာ နိုင်ငံရေး ကျုံးသွင်းခံ၊ လူမျိုးရေး / ဘာသာရေး ဆတ်ဆတ်ထိမခံမို့၊ လူ့အသိုင်းအဝန်းမှာ လူအချင်းချင်း အမုန်းပွားစရာတွေ ဖြစ်စေလို့ မလိုလားအပ်ဘူး၊ လူမျိုးစုံ ဘာသာစုံ တိုင်းပြည်မှာ ဒါမျိုး အဖွဲ့တွေ မစည်ပင်အပ်ဘူးလို့ တကယ် ယုံကြည်ရင် သီတဂူ ဆရာတော် အပါအဝင် ဘယ်သူ ဘယ်ဝါ ဘယ်ပုဂ္ဂိုလ်ရယ် မဆို ပါဝင်သူအားလုံးကို ဆန့်ကျင်ရဲရမယ်၊ ပြောရဲ ဆိုရဲ ထောက်ပြရဲ ရမယ်။
ဒါမှမဟုတ် မဘသ ရှိဖို့ လိုအပ်တယ် ယုံကြည်ရင်လည်း  ဘယ်သူ ပါပါ မပါ ပါ ရပ်တည်ရဲရမယ်။
ဘာသာရေး ကိုင်းရှိုင်းလို့ ရတနာသုံးပါး ဦးထိပ်ထားတာက တကဏ္ဍပါ။  ဒါပေမဲ့ ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ် ဝေဖန်မှု (ဝိဘဇ္ဇ) က ဗုဒ္ဓ ကိုယ်တိုင် ကျင့်သုံး၊ အားပေးခဲ့တဲ့ ဝါဒပါ။
ဘာသာဝင်များ ဗုဒ္ဓ ဆင်းတုတော် ကို နေ့စဉ် ထိုင် ရှိခိုးနေကြရတာက ဟောကြားခဲ့တဲ့ တရားကို ရည်စူး ကြည်ညို  ဦးခိုက်ကြရတဲ့ သဘောက အနှစ်ပါ။  ရုပ်တု ကိုးကွယ်နေတဲ့ သဘော မဟုတ်ပါ။
ပုဂ္ဂိုလ်ခင်လို့ တရားမင်တာတွေ လျှော့နိုင်ကြရင် ကောင်းမယ်။  လူပုဂ္ဂိုလ် ကိုးကွယ်မှုတွေ ရပ်သင့်ပါပြီ။
နိုင်ငံရေး မှာ ဆိုလည်း ဥပမာ – ဆရာဦးဝင်းတင် ဆိုရင် ‘ဘဘ’ ‘ဘဘ’ တ ‘တ’ တည်း ‘တ’ ကြမယ်၊ ငိုချင်းချမယ်၊ “အခု အစိုးရကို ကျုပ်လုံးဝ မယုံဘူးဗျ” ဆိုတဲ့ စာသား ကို ဘောင်လေးတွေခတ် တင်ကြမယ်။  ဒါပေမဲ့ သူ့ရဲ့ ရပ်တည်မှု၊ ခိုင်မာမှု သြဝါဒ တရားကိုတော့ ဘယ်သူမှ မကျင့်သုံးကြ၊ မူဝါဒတွေ မခိုင်မာကြဘူး။  သမ္မတ(ဂျီး)၊ ဥက္ကဋ္ဌ(ဂျီး) ဆိုပြီး အဘ ‘တ’ (အဘ ‘ထ’ မဟုတ်) နိုင်ငံရေး ပဲ ပျော်မွေ့ကြမယ်။  အနည်းဆုံး အွန်လိုင်းမှာ ဆိုရင် (လူမှုကွန်ရက် Facebook မှာ ဆိုရင်) ရဲထွဋ်၊ မှူးဇော်၊ လှဆွေ တို့ဆီ သွားမော့ အားတက်သရော အားပေးကြမယ်။
အခုဆိုရင် ဗိုလ်ချုပ် ရာပြည့်နဲ့ အတူ ပလူပျံအောင် မြင်ရပါပြီ၊ ဘောင်ခတ်ထားကြတဲ့ ဗိုလ်ချုပ် အဆိုအမိန့်တွေ။  အဲဒီထဲက တခုတလေများ တင်သူထဲက လူတဝက် ကျင့်သုံးရင်၊ လိုက်နာရင်၊ ကျင့်ကြံရင် စစ်ဝါဒ တိုင်းပြည်မှာ သက်ဆိုးမရှည်ဖို့ အရေး အများကြီး အားတက်ဖွယ် ရှိတယ်။
အဆိုအမိန့်တွေ၊ ဆောင်ပုဒ်တွေ၊ တက်ကျမ်းတွေအောက်မှာ ပျက်စီးခြင်း ငါးပါး တိုင် ဖွတ်သရွတ်လိုက်နေတဲ့ တိုင်းပြည်လို့ ဆိုရင် လူအများ နားဝင်ချိုကြမယ် မဟုတ်ဘူး။
အနည်းဆုံး ချစ်လှပါချည်ရဲ့ ဆိုတဲ့ မေမေ ဒေါ်အောင်ဆန်းစုကြည် ပတ်သက်ဆိုလည်း တနေ့ တနေ့ ဘယ်လို ကျက်သရေ ရှိကြောင်း၊ ဘယ်လို ခန့်ထည်ကြောင်းပဲ ဇောင်းပေး တင်ရင် တင်မယ်၊ ဒါမှမဟုတ် စကားအလှတွေ ဘယ်လို ကောင်းကြောင်း၊ တော်ကြောင်းပဲ အသားပေး ပြောရင် ပြောမယ်၊ သူ့တရား မူဝါဒ ကျ မကြည့် မမြင်ကြဘူး။  သူ လာခဲ့တဲ့ ရပ်တည်ချက် လားရာ စိတ်ဝင်တစား လေ့လာသူကျ ရှားမယ်။  သူ ရေးတဲ့ စာအုပ် တအုပ် ဆုံးအောင် ဖတ်ဖူးသူ လက်ချိုးရေလို့ ရမယ်၊ နည်းမယ်။
ဘာသာရေး ဆိုတာ ကိုးကွယ် ဆည်းကပ်ဖို့က အဓိက မဟုတ်၊ ကျင့်သုံး ဖို့က အဓိက။  ဒီမိုကရေစီ ဆိုတာလည်း စကား အလှ က အဓိက မဟုတ်၊ လက်တွေ့ ကျင့်ကြံ မူဝါဒ ခိုင်မာဖို့က ပဓာန ပါ။
ဒီလိုမျိုး အနှစ်ကို မယူ အကာ ကို သာယာနေကြတဲ့၊ ဘီလူးစည်းလူ့စည်း မစောင့်၊ Facebook ကျင့်ဝတ် သီလတောင် မစောင့်ထိန်းနိုင်ကြသူ ဟေလားဝါးလား ကျနော်တို့ လူအများနဲ့ ဘုရား ဖင် ထောင်အောင် ရှိခိုး တရား အစစ် မရ၊ မကျင့်သုံးနိုင်သလို၊ ဒီမိုကရေစီ စကား သံ နှုတ်တိုက် ဘယ်လောက် ရွတ်ရွတ် ဒီမိုကရေစီ သာလိကာများပဲ ပေါလာကြမယ်၊ များလာကြမယ်၊ အရေခြုံ ဒီမိုကရေစီဝါဒသာ အပေါ်ယံ ထွန်းကားလာမယ်။  သာတူညီမျှ ဒီမိုကရေစီတရားတော့ လက်တွေ့ ကျင့်နိုင်၊ ယူနိုင်ကြမှာ မဟုတ်၊ ဘာသာ၊ လူမျိုး၊ လူတန်းစား မကွဲ လူမှု တရားမျှတမှုရှိ ဒီမိုကရေစီ လောက နိဗ္ဗာန် တော့ တည်ဆောက်နိုင်မှာ မဟုတ်ကြောင်းပါ ခင်ဗျာ။
ငြိမ်းချမ်းအေး

 

ဇန်နဝါရီ ၁၇၊ ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts