>Aung Way – Letters From Michigan – 73

>

မစ်ရှီဂန်ကပေးတဲ့စာ – ၇၃
အောင်ဝေး
ဇွန် ၂၀၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီတခါတော့ အုပ်စိုးသူ လူတန်စားရဲ့ အလိုတော်ရိ၊ ပုဆိန်ရိုးတွေအကြောင်း စဉ်းစားမိ တာလေးတခု ကျနော် ဉာဏ်မီသလောက် ပြောကြည့်ချင်တယ်။

ကျနော်တို့ နိုင်ငံရဲ့ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းစဉ်ကြီးထဲမှာ၊ ကျနော်တို့ တိုင်းသူပြည်သားတွေ ရင်ဆိုင် ကြုံတွေ့ ခဲ့ရတဲ့ကိုလိုနီခေတ်၊ ဂျပန်ခေတ် အကြီးမားဆုံး အလိုတော်ရိ၊ ပုဆိန်ရိုးကိုပြပါ ဆိုရင် ဘယ်သူ့ကိုပြမလဲ ကိုဒေါင်း။

တိုးတက်တဲ့တော်လှန်ရေးရှိရင်၊ ဖောက်ပြန်တဲ့ တန်ပြန်တော်လှန်ရေးကလည်း ရှိတတ်စမြဲ ဆိုတော့၊ အဲဒီလို ကျနော်တို့နိုင်ငံရဲ့အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲကို ပျက်ရာပျက်ကြောင်း၊ ဖျက်လိုဖျက်ဆီး၊ နယ်ချဲ့နဲ့ ဖက်ဆစ်နဲ့ ပေါင်းပြီး လုပ်ခဲ့ကြတဲ့ အလိုတော်ရိ၊ ပုဆိန်ရိုးအမျိုးမျိုးထဲကမှ အကြီးမားဆုံး အလိုတော်ရိ၊ ပုဆိန်ရိုးကိုပြရမယ် ဆိုရင်၊ ကျနော်တော့ ဂဠုန်ဦးစောကို ပြချင်တယ် ကိုဒေါင်း။

သမိုင်းကို နောက်ကြောင်း နည်းနည်းပြန်ရရင်၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ ဗြိတိသျှ အစိုးရက ဖမ်းဆီးပြီး၊ ယူဂန္ဓာ အကျဉ်းထောင်ထဲ ထည့်ထားတဲ့ ဦးစောကို၊ ဗြိတိသျှ အစိုးရက အချိန်ကိုက် ထောင်က ထုတ်ပြီး မြန်မာပြည် ပြန်ပို့ လိုက်တာက စရမှာပဲ။ အဲဒါက ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ လဆန်းမှာပါ။

ဂဠုန်ဦးစော ဆိုတဲ့ နာမည်က စပြောရရင်၊ တကယ်က ဦးစောဆိုတာ နယ်ချဲ့အလိုတော်ရိ မြေရှင်ကြီး လူတန်းစားရဲ့ ကိုယ်စားလှယ်ပါပဲ။ အဲဒီလို လူစားမျိုးက ၁၉၃၀ ဆရာစံ တောင်သူ လယ်သမား အရေးတော်ပုံ ဂဠုန် သူပုန် အမည်ကို အပိုင်စီးခဲ့တာပါပဲ။ ဦးစောရဲ့ နိုင်ငံရေး နောက်ခံက အင်္ဂလိပ်နယ်ချဲ့ပေးသမျှ အခွင့်အရေးကလေးယူပြီး အုပ်စိုးသူနယ်ချဲ့နဲ့ပူးပေါင်းတဲ့နောက်ခံပါ။

ဒီလို နယ်ချဲ့အလိုတော်ရိ၊ ဗြိတိသျှ ပုဆိန်ရိုး တယောက်ကို ဗြိတိသျှအစိုးရက ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီ ဆိုတဲ့အခါ၊ မြန်မာ ပြည်သူ လူထု အကြား၊ သို့လော သို့လော စဉ်းစားစရာတွေ ပွားခဲ့ရတာ မဟုတ်လား။

ဒီလို စဉ်းစားတဲ့အထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီက ဦးစောရဲ့အန္တရာယ်ကို အရင်ဦးဆုံး ကြိုတင်ပြီး တိုင်းပြည်ကို သတိပေးခဲ့ပါတယ်။ နယ်ချဲ့ ဗြိတိသျှအစိုးရဟာ ဦးစောကိုသိမ်းသွင်းအ သုံးချပြီး၊ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို အကြမ်းဖက် နှိမ်နင်းဖြိုခွဲဖို့ ကြံနေပြီလို့ ဗမာပြည် ကွန်မြူနစ်ပါတီက သုံးသပ် တင်ပြခဲ့တာပါ။

ဦးစောဟာ ဗြိတိသျှအကျဉ်းထောင်က လွတ်ပြီး တိုင်းပြည်ပြန်ရောက်လာလာချင်း၊ ဖဆပလ အဖွဲ့ကြီးကို ပဲထောက်ခံတော့မယောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပဲ ပူးပေါင်းတော့မယောင်၊ ဦးစော လေသံပစ်ထားပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ဦးစောက ဦးစောပါပဲ။ ၁၉၄၇ ဇန်န၀ါရီ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန် မှာ အောင်ဆန်း – အက်တလီ စာချုပ် ချုပ်ဆိုတဲ့ အခါမှာတော့ ဦးစော လက်မှတ်မထိုးခဲ့ပါဘူး။

ကိုဒေါင်းရေ – ကျနော် ပြောချင်တာက၊ အဲဒီအချိန်တုန်းက ကျနော်တို့ရှေ့ကခေါင်းဆောင်တွေက ဂဠုန်ဦးစော ရဲ့ခြေလှမ်းတွေကို ဂရုတစိုက် စောင့်ကြည့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အလွန် အန္တရာယ်ကြီးတဲ့ အကြောင်း ကြိုတင် သတိပေးနိုင်ခဲ့တာ၊ ရန်သူကို ကြိုတင် ဖော်ထုတ်ပြီး အရေးတကြီး တပ်လှန့် နှိုးဆော်နိုင်ခဲ့တာ၊ ဒါတွေမှန်ပါ တယ်။ သို့သော်လည်း ကျနော်တို့ဟာ ဘယ်လိုပဲ ရန်သူကို ကြိုတင်ဖော်ထုတ် သတိပေးနိုင်တယ် ဆိုပေတဲ့၊ အဲဒီရန်သူကိုတော့ ကျနော်တို့ ထိထိ ရောက်ရောက် မဟန့်တား မဖြိုခွင်းနိုင်ခဲ့ဘူး မဟုတ်လား ကိုဒေါင်း။

ဂဠုန်ဦးစော ဗြိတိသျှ အစိုးရရဲ့ယူဂန္ဓာအကျဉ်းထောင်ကပြန်လွတ်လာပြီး တစ်နှစ်နဲ့ ငါးလအကြာမှာ၊ ဂဠုန်ဦးစော လက်ချက်နဲ့ ကျနော်တို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာ မဟုတ်လားဗျာ။

ကိုဒေါင်းရေ – ကျနော် ထပ်ပြောမယ်။ ရန်သူကို ထိထိရောက်ရောက်အချိန်မီ မဟန့်တားမဖြိုခွင်းနိုင်ခဲ့လို့၊ ဒါမှမ ဟုတ် ရန်သူကို အလေး အနက် ဂရုမမူမိလို့၊ တကြောင်းကြောင်းနဲ့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေး ပန်းတိုင် မရောက်ခင် လမ်းခုလတ်မှာ ကျဆုံးခဲ့ကြရတယ် မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးရတဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ကို ပထမနိုင်ငံတော် လုပ်ကြံမှု လို့သတ်မှတ်ရင်၊ အခု၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ဒီပဲယင်း အကြမ်းဖက်မှုကြီးကိုတော့ ဒုတိယ နိုင်ငံတော် လုပ်ကြံမှုလို့ ဆိုရမှာပါ။ အုပ်စိုးသူ၊ ဖိနှိပ်သူတွေရဲ့ အလိုတော်ရိ၊ပုဆိန်ရိုးတွေကို ထိထိ ရောက်ရောက် မဟန့်တား၊ မနှိမ်နင်း၊ မဖြိုခွင်းနိုင်ဘူး ဆိုရင်၊ ကျနော်တို့ ဒီမိုကရေစီ ရှေ့ခရီး အတွက် အလွန်ပဲ အန္တရာယ် ကြီးလှပါရဲ့။

ကိုဒေါင်းကြီး – ဦးစောရဲ့ အန္တရာယ်ကို ကြိုတင်သတိပေးနိုင်ခဲ့ပါရဲ့နဲ့၊ ဘာကြောင့်ဦးစောရဲ့ လုပ်ကြံမှု အထမြောက် ခဲ့ရတာလဲ။ ကျနော်ဉာဏ်မီသလောက် ပြောကြည့်ရရင်တော့၊ ပထမအချက်- ဦးစော အကြောင်း တဖွဖွ သတိပေးနေတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီကိုယ်၌က အလံနီ-အလံဖြူ ဆိုပြီး၊ သခင်စိုးနဲ့ သခင်သန်းထွန်း နှစ်ခြမ်းကွဲ သွားခဲ့တာ။ နောက်တချက်က ဖဆပလအဖွဲ့ ကြီးထဲကနေ သခင်သန်းထွန်း အလံဖြူ ကွန်မြူနစ် ပါတီကို ထုတ်ပယ်ပစ်လိုက်တာ။ ဒါတွေဟာ ၁၉၄၆ ခုနှစ်ထဲမှာ ဖြစ်ခဲ့တာချည်းပါပဲ။

ကျနော်တို့ ညီညွတ်ရေး ပြိုကွဲပျက်ပြားသွားတဲ့ အချိန်မှာ၊ ဗြိတိသျှ နယ်ချဲ့သမားက လက်ဦးမှု ယူသွားတာပဲလို့ ကျနော် မြင်မိပါတယ်။ ကျနော့် အမြင်မှားရင်လည်း ပညာရှင်များက ပြင်ပေးကြပါခင်ဗျာ။

အားလုံးကို သတိတရနဲ့ …
အောင်ဝေး

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts