ကဗျာ

ကမ်လူဝေး ● စိတ်ပျက်စရာဝမ်းနည်းပါတယ်

ကမ်လူဝေး ● စိတ်ပျက်စရာဝမ်းနည်းပါတယ်
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၇

စိတ်ပျက်စရာပဲ
ခင်ဗျားမှာ အသက်တချောင်းပဲ ရှိတယ်
ဟုတ်ပါရဲ့ တန်ဖိုးရှိတာပေါ့
သေသွားရင် စိတ်မကောင်းစရာ
ဝမ်းနည်းပါတယ် ခင်ဗျား။

စိတ်ပျက်စရာပဲ
ခင်ဗျားလိုပဲ တခြားလူတိုင်းမှာ
အသက်တချောင်းစီရှိကြတယ်
သူတို့သေတော့ ခင်ဗျားက အရေးမထား
အဲဒီလူတွေဆီက
ဝမ်းနည်းစကား ကြားချင်သေးသလား
ဝမ်းနည်းပါတယ်ခင်ဗျား။

စိတ်ပျက်စရာပဲ
လူတယောက် သေတာ ဝမ်းနည်းစရာပဲ
လူတယောက် ရှင်တာက ဝမ်းမြောက်စရာ
ဒီ့ထက် ဘာတွေများပိုလို့
အမြတ်ထုတ်ဖို့ ကြိုးစားချင်ရတာလဲ
ဝမ်းနည်းပါတယ်ခင်ဗျား။

စိတ်ပျက်စရာပဲ
ခင်ဗျားက ထမင်းဝဝစားရင်း သေတယ်
တခြားလူက အစာငတ်ရေငတ် ပြေးရင်းလွှားရင်း သေတယ်
အတူတူတော့ ဝမ်းနည်းပေးပါ
ခင်ဗျားကပိုပြီး ဇာတ်နာမပြပါနဲ့
ဝမ်းနည်းပါတယ်ခင်ဗျား။

စိတ်ပျက်စရာပဲ
ဝမ်းနည်းစရာ သားကောင်ခြင်းအတူတူ
ညီညီမျှမျှ စာနာမပေးနိုင်တာကိုက
ဝမ်းနည်းပါတယ်ခင်ဗျား။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts