>Cho Too Zaw – Birthday Present

>

မွေးနေ့လက်ဆောင်
ချိုတူးဇော်
ဇွန် ၂၁၊ ၂၀၁၁

မေမေ့ မွေးနေ့မှာ
အ,မင်္ဂလာ စကားတွေ
မပြောချင်ပေမယ့်…

မြန်မာပြည်မြောက်ဖျားက ကျွန်တော်တို့ ညီအကိုတွေ
စစ်ဘေးဒဏ် ခံနေရပြီ ဆိုတာ. . .ပြောပါရေစ. . .
သူတို့တွေ အိုးအိမ်တွေ ပျက်စီး
ဘဝတွေ ပျက်စီး
အသက်တွေလည်း ပျက်စီး နေကုန်ကြပြီ တဲ့။

မေမေရေ..
ကျွန်တော်တို့ နာ မှာ မစိုးရိမ်ပါနဲ့..။
ကျွန်တော်တို့ ရင်ထဲနာ
စိတ်ထဲနာ
အသည်းတွေနာခဲ့ရတာ ကြာလှပေါ့ ။

နာကျင်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းထဲ
လူဖြစ်နေရတာထက်
နာ စရာ မရှိတော့ပါဘူး မေမေ ။

မေမေရေ..
ကျွန်တော်တို့ နာ မှာ မစိုးရိမ်ပါနဲ့ . . ။
မေမေ့ရင်ခွင်ထဲ ထွေးထားရုံသက်သက်နဲ့တော့
ကျွန်တော်တို့ ကလေးတွေ ပြန်ဖြစ်မသွားနိုင်တော့ဘူး၊
ကစားကွင်းဆိုတာလည်း မရှိ
စာသင်ကျောင်းဆိုတာလည်း ကင်းမဲ့
ကောင်းကင်ပြာလည်း မထွန်းလင်းတဲ့ နေရာမှာ
ရယ်မော ပျော်ရွှင်နေတဲ့
ကလေးတွေ ဆိုတာ
ဘယ်လို ရှိ နိုင်တော့မှာလဲ..။

မေမေရေ. . .
ကျွန်တော်တို့ နာ မှာ မစိုးရိမ်ပါနဲ့ . . ။
မေမေ့သားသမီးတွေ အတွက် မေမေဟာစိတ်ပူ
သိန်းစွန်ရဲတွေမကြာခဏ၊ အသုတ်ခံရလို့
ကြောင့်ကြစိတ်နဲ့ အုပ်စီး၊ ကြက်သားအုပ်မကြီးလို
ကာကွယ်ပေးနေတာ သားတို့သိပါတယ်..

ဒါပေမယ့် မေမေ..
မေမေ့သားသမီးတချို့ ဟောဟိုက နံရံလေးဘက်တွေနောက်မှာ ရှိနေသးတယ်၊
မေမေ့သားသမီးတချို့ နယ်စပ်က တောကြီးမျက်မည်း ကျည်ဆံတွေအောက်မှာ ပြေးလွှားရှင်သန်လို့။

နောက်
မေမေက မမြင်ဖူးပေမယ့် မေမေ့ကို ရည်စူး အားကိုးမျှော်လင့်နေကြတဲ့ မေမေ့မြေးတွေ..
သူစိမ်းတရံစာတွေတောထဲ မွေးဖွား ရှင်သန် ကြီးပြင်း လာလိုက်တာ ၂၀ ဝန်းကျင် လူပျိုကြီးအပျိုကြီးဖါးဖါးတွေကို ဖြစ်လို့
မြန်မာနိုင်ငံသား မဟုတ်တဲ့ မြန်မာကလေးတွေလေ..
ဒုက္ခသည်စခန်းတွေက တဆင့် တတိယမြေကိုရောက် ..
ဒုက္ခသည်အမည်ပေါက်နဲ့ ..လုပ်ကိုင်စားသောက်နေကြရင်း
အိမ်ပြန်ချင်နေကြတဲ့သူတွေ..
သူတို့တွေ အားလုံး နာကျင်နေကြပါတယ် . . .
သူတို့တွေ အားလုံးမှာ နာကျင် စရာ မရှိတော့ပါဘူး . . .။

မေမေရေ. . .
ကျွန်တော်တို့ နာမှာ မစိုးရိမ်ပါနဲ့ . ။

မေမေ..
ကျွန်တော်တို့ မေမေ့ကိုချစ်ပါတယ်။

မေမေ..
မေမေဟာ ကျွန်တော်တို့ရဲ့ကောင်းကင်
ကျွန်တော်တို့ရဲ့ နေ
ကျွန်တော်တို့ရဲ့ လ
ကျွန်တော်တို့ ဘဝတွေ လွတ်မြောက်ဖို့ တခုတည်းသော အားကိုးရာ..စကြာဝဠာ၊

မေမေ့ အသက် ၆၆ နှစ်
နောက် ၄ နှစ်ဆို ၇၀
နောင် ဘယ်နှနှစ်ထိ ကျွန်တော်တို့ကို ရင်ငွေ့ပေးနိုင်မလဲ . . .။
ထမ်းပိုးတွေအောက်က ကျွန်တော်တို့ ဘဝတွေ..
လွတ်မြောက်ချင်ပါရဲ့. . .

ကျွန်တော်တို့ .. .
ကျွန်တော်တို့ . . .နာကျင်လှပြီ မေမေ. .။

မေမေရေ. . .
ကျွန်တော်တို့ နာ မှာ မစိုးရိမ်ပါနဲ့. . .။

မေမေရေ..
ကျွန်တော်တို့ နာကျင် မှာကို မစိုးရိမ်ပါနဲ့ . . .။

ကျွန်တော်တို့တွေ ရင်ထဲနာ
စိတ်ထဲနာ
အသည်းတွေ နာ ခဲ့ရတာ ကြာလှပေါ့ . . .။
နာကျင်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းထဲ
လူဖြစ်နေရတာထက်
နာ စရာ မရှိတော့ပါဘူး မေမေ ။ ။

(Illustration – Pwint Phyu Nandar)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts