>Even in Raniny Season, Half Mawlamyine City have shortage of water


>

မိုးတွင်းကြီးမှာပင် မော်လမြိုင်မြို့ထက်ဝက် သုံးရေမရ
ခင်နှင်းလွင်၊ ရန်ကုန်
ဇွန် ၁၇၊ ၂၀၁၁
မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မော်လမြိုင်မြို့ တောင်ဘက်ပိုင်း ရပ်ကွက်နေသူများအား ပေးဝေလျက်ရှိသည့် ပိုက်ရေမှာ လွန်ခဲ့သည့် တပတ်ကစပြီး ယနေ့ထိ မရရှိသဖြင့် မိုးသည်းသည်းမဲမဲ နေ့စဉ်ရက်ဆက်ရွာနေသည့် ကြားမှာပင် သုံးရေ အခက်အခဲကြုံနေကြရသည်ဟု မြို့ခံများက ပြောသည်။
မော်လမြိုင်မြို့၏ တောင်ဘက်ပိုင်း ကျသည့်ရပ်ကွက်များဖြစ်သည့် မရမ်းကုန်း၊ ထားဝယ်စု၊ သိမ်ကုန်း ဘိုကုန်း စသည့်ရပ်ကွက် နေသူများမှာ ကင်းမွန်ချုံကန်မှ လွှတ်ပေးသည့် ပိုက်ရေကို အားကိုးနေကြရပြီး ယခုအခါ အဆိုပါ ကင်းမွန်ချုံရေ မပေးဝေသဖြင့် မိုးတွင်းကာလမှာပင် ရေအခက်အခဲကြုံနေကြရ ခြင်းဖြစ်သည်။
ကင်းမွန်ချုံရေကန်မှာ စစ်တပ်ရင်းများ အခြေစိုက်ရာ တောင်ဝိုင်းတောင်ခြေဘက်တွင် တည်ရှိပြီး လွန်ခဲ့သည့် နှစ်ပိုင်းမှ စတင်ကာ စစ်တပ်ဧရိယာ ရပ်ကွက်များကို ဦးစားပေး နေရသဖြင့် မြို့ထဲလူနေရပ်ကွက်များသို့ ရက်ခြား စနစ်ဖြင့်၎င်း တခါတရံ ၄ ရက်တကြိမ် စနစ်ဖြင့် ၄င်းပေးဝေလျက်ရှိသည်ဟု မော်လမြိုင်မြို့ခံများက ပြောသည်။
ကင်းမွန်ချုံရေပေးဝေသည့် ရေကန်ကို အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ထိုရေပေးဝေသည့် ပိုက်လိုင်းဖြင့် ယခင်ဆယ်စုနှစ်များအထိ နေ့စဉ် ရေပေးဝေနိုင်ခဲ့ရာမှ ယခုနောက်ပိုင်း ရေရရှိမှု တဖြည်းဖြည်းလျော့နည်းလာခဲ့သည်ဟု မြို့ခံများက ပြောသည်။
မော်လမြိုင်မြို့၏ မြောက်ဘက်ပိုင်း ကျသည့် ရပ်ကွက်များဖြစ်သည့် ဒိုင်းဝန်ကွင်း၊ လှိုင်နှင့် မြို့သစ်ရပ်ကွက်များအား အထ္ထရံမြစ်ရေတင် စနစ်ဖြင့် ရေပေးဝေလျက်ရှိပြီး မြို့လယ် ရပ်ကွက်များဖြစ်သည့် ဈေးကြီး ဖက်တန်းရပ်ကွက်၊ မန္တလေး ရပ်ကွက်များမှာ မိမိတို့ အစီအစဉ် ဖြင့်ရေတွင်း၊ စက်ရေတွင်းများတူးဖေါ် သုံးစွဲရသည်ဟုလည်း သိရှိရသည်။
ယခင်ကတည်းက အများပြည်သူ ဆိုင်ရာ ၀န်ဆောင်မှုများဖြစ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး စနစ်များတွင် အားနည်းချက်များ၊ ချို့ယွင်းမှုများရှိသော်လည်း တာဝန်ရှိသူထံ တိုင်ကြားရန် မလွယ်ကူသကဲ့သို့ မြန်ဆန်စွာ ပြုပြင်ပေးခြင်းလည်း မရှိသလို ယခုအစိုးရသစ် တက်လာပြီးနောက်တွင်လည်း ယခင်အခြေအနေအတိုင်း ရှိနေဆဲဖြစ်သည်ဟု မော်လမြိုင်မြို့ခံ တစ်ဦးဖြစ်သူ ဦးအေးမောင်က ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts