>Theipan Chit Thu – Ma Lay Lone

>

စာရေးဆရာမ မလေးလုံ သို့မဟုတ် အကြွေစောခဲ့သော ပန်းတပွင့်
သိပ္ပံချစ်သူ
ဇွန် ၁၆၊ ၂၀၁၁

ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော စာရေးဆရာမများတွင် စာရေးဆရာမ ‘မလေးလုံ’ လည်း တဦး အပါအဝင်ဖြစ်သည်။ သူ့ဝတ္ထုတိုင်းလိုလို ကျွန်တော့်အား လက်မှတ်ထိုး၍ မေတ္တာ လက်ဆောင်ပေးလေ့ရှိပါသည်။ သူပေးသော ဝတ္ထုများအနက် ‘ပွင့်’ ဝတ္ထုလည်းပါသည်။ ‘ပွင့်’ ဝတ္ထုသည် ၁၉၆၃ ခုနှစ်အတွက် အနုပညာဆိုင်ရာ (ဝတ္ထုရှည်) စတုတ္ထဆုရစာအုပ် ဖြစ်သည်။ 

ကမ္ဘာစစ်ဆန့်ကျင်ရေးနှင့် လူမျိုးစုံ ချစ်ကြည်ရေးဝတ္ထုဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်များကို နောက်ခံပြုကာ ခရစ်ယာန်မလေး မမြင့်ပွင့်ကြည်(ပွင့်)နှင့် မေတ္တာ တန်ဖိုးထားသော ဂျပန်စစ်ဗိုလ်ကလေးတို့၏ ဆန်းပြားစွာကြုံတွေ့ရသော အချစ်ရေးကိုတင်ပြ ထားလေသည်။ ပွင့်သည် ထူးခြားသော အခြေအနေများကိုအကြောင်းပြု၍ တမျိုးသားလုံး၏ရန်သူ ဂျပန်ဖက်ဆစ်တို့အကြားမှ ဂျပန်စစ်ဗိုလ်ကလေးသည် ဖက်ဆစ်စရိုက်လက္ခဏာများ လုံးဝ မရှိဘဲ အလွန်ယဉ်ကျေးသိမ်မွေ့သော အပြုအမူတို့ကြောင့် ပြန်လည်ခင်မင်မိကာ မေတ္တာကို လက်ခံလိုက်ပုံကို ဇာတ်လမ်းဆင်ထားသည်။
ဤဝတ္ထုတွင် စာရေးဆရာမ မလေးလုံသည် ဂျပန်စစ်ဗိုလ်ကလေးအပေါ်တွင် စာဖတ်သူများက ဖက်ဆစ်အမြင်ပျောက်ကာ လူသားတဦးအနေဖြင့် ကရုဏာသက်မိသည်အထိ ဆွဲဆောင် ရေးသားသွားသည်။
“ကျွန်မ စာ,စရေးကတည်းက အတိုလေးပုဒ်ရေးပြီးရင် ဝတ္ထုရှည် စ,ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်က ရှိတယ်။ ‘ပွင့်’ဇာတ်လမ်းက ကျွန်မ စာရေးဆရာ မဖြစ်ခင်ကတည်းက ရင်ထဲမှာ ရှိပြီးသားပဲ။ ကျွန်မတို့မှာ မွေးကတည်းက ကမ္ဘာစစ်နှင့် စပြီးထိတွေ့ရတယ်။ ပြီးတော့ ပြည်တွင်း ဆူပူသောင်းကျန်းမှုနှင့် ဆက်ပြီးတွေ့ရပြန်တော့ ငြိမ်းချမ်းရေးဆိုတာ မထိမတွေ့ရသလောက် ဖြစ်နေတယ်။ ကျွန်မရင်ထဲမှာက ငြိမ်းချမ်းသာယာစေချင်တယ်။ ညီညွတ်စေချင်စေတယ်။ ချစ်ခင်စေချင်တယ်။ ဒီ စေတနာ ရှိတယ်။ တဦးနှင့်တဦး အထင်လွဲတာမျိုး မရှိချင်ဘူး။ ကျွန်မ ရည်ရွယ်ချက်ကတော့ စစ်မုန်းတီးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တယောက်နှင့် တယောက် အထင်အမြင်လွဲမှားမှု ပပျောက်ရေးပေါ့လေ။ ဒီစေတနာနှင့် ‘ပွင့်’ကိုရေးဖို့ ရည်ရွယ်ခဲ့တာပဲ” ဟု ပေဖူးလွှာ မဂ္ဂဇင်းစာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း အခန်း ကဏ္ဍတွင် ပြောကြားသွားခဲ့လေသည်။
ဆရာမ မလေးလုံသည် ‘ပွင့်’ ကို အချိန်အတော်ကြာယူ၍ ရေးသားခဲ့ရသည်။ ထိုစဉ်က သူသည် ညာဘက်ကိုယ်တခြမ်းသေနေ၍ ညာလက်ဖြင့် ရေးနေရာမှ ဘယ်လက်ဖြင့် စာရေးတတ်ရန် အတော်လေ့ကျင့် ယူနေရချိန်ဖြစ်သည်။ ကိုယ်တခြမ်းသေစဉ်က အခြေအနေ တော်တော်ဆိုးခဲ့သည်။ စကားပင်ပြော၍ မရခဲ့ပေ။ စကားပြောနိုင်ဖို့ ကလေးကဲ့သို့ စကားပြန် သင်ရသည်။ ဤသို့ ညာလက်သုံး၍ မရတော့သဖြင့် ဘယ်လက်ဖြင့် စာရေးတတ်ရန် ကြိုးစားရသည်။ ဦးစွာ ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် အရေးလေ့ကျင့်သည်။ ထို့နောက် စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးကျင့်ပြန်သည်။ ထို့နောက် ဖောင်တိန်ဖြင့် အရေးကျင့်ရသည်။ သို့သော် မြန်မာစာကို ရေးနိုင်သော်လည်း အင်္ဂလိပ်စာကိုမူ မရေးတတ်သေး။ မြန်မာစာက တလုံးချင်းရေးရပြီး အင်္ဂလိပ်စာက ဆက်ကာဆက်ကာ ရေးရ၍ အခက်အခဲတွေ့ရသည်။ ထိုသို့ သူသည် ဘယ်ဘက်ဖြင့် ရေးနိုင်သည့်အခြေအနေသို့ရောက်မှ ပွင့်ကို ရေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဇွဲ သတ္တိ၊ လုံ့လကား ကြီးမားလှပေသည်။ ချီးကျူးစရာပင်။
ပွင့်ဝတ္ထုဖြင့် ဆုရစဉ်က မလေးလုံသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ မလေးလုံသည် စင်မြင့်ပေါ်သို့ ဆုတက်၍ယူရာတွင် သူ့ခြေတဖက် ကောင်းစွာမသန်စွမ်းသောကြောင့် အဖော်တဦး ကဘေးမှလိုက်ပါ၍ ဆုတက်ယူရသည်ဟု ဆိုသည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေများက သူ့ကို စင်မြင့်ပေါ်တွင် ကတိမ်းကယိမ်းဖြင့် ချော်လဲမည်လားဟုစိုးရိမ်ကာ ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။ သူသည် ဆုကိုလှမ်းယူသောအခါ အကူအညီ အဖေးအမ, မပါဘဲ သူ့သာသာ စုံရပ်၍ ယူနိုင်သည်။
သူသည် ရုပ်ရည်ချောမော၍ ကျက်သရေရှိကာ ရိုးရိုးယဉ်ယဉ် ယတ်စားတတ်သည်။ ဆံပင်ကို ဘီးစပတ် အမြဲထုံးလေ့ရှိသည်။ သူသည် ထိုခေတ်လူငယ်တို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေတိုင်း လွတ်လပ်ရေးရပြီးစ ပြည်တွင်း မငြိမ်မသက်မှုများကို အကြောင်းပြု၍ မိသားစုနှင့်အတူ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ပုသိမ်မြို့ ကျောင်းအုပ်ဆရာကြီး ဦးချစ်ထွန်းနှင့် ဒေါ်စောတင် တို့ဖြစ်ပြီး ပုသိမ်မြို့၌ ၁၉၃၅ခု၊ ဇူလိုင်လ ၁၉ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ယောက်တွင် တတိယမြောက်သမီးဖြစ်ပြီး အစ်ကို နှစ်ယောက်နှင့် ညီမ သုံးယောက်ရှိသည်။ စာရေးဆရာမ မလေးလုံ၏ ငယ်နာမည်မှာ ခင်သိန်းဆွေ ဖြစ်သည်။
ငယ်စဉ်က ပုသိမ်မြို့၊ အေဘီအမ်နှင့် စကောကရင်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ စာသင်တန်းတိုင်းတွင် စာတော်သည့်အပြင် ကျောင်းအားကစားပြိုင်ပွဲများ၌လည်း အောင်မြင်ထူးချွန်သည့် ဘက်စုံတော်သူ ကျောင်းသူတဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်မသက်မှုများကြောင့် မိဘများနှင့်အတူ ရန်ကုန်မြို့သို့ပြောင်းရွေ့လာပြီး လှိုင်မြို့နယ်၊ သုခလမ်းရှိ ဒေါ်သာထက် အထက်တန်းကျောင်း (ယခု အထက (၂) လှိုင်) တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ကိုးနှစ်အရွယ် ကလေးဘဝကပင် ကျန်းမာရေး စတင်ချူချာခဲ့သည်။ နှလုံးအားနည်းရောဂါရှိ၍ ဆော့ကစားရာတွင် မောသည့်ဒဏ်ကို ခံစားရသည်။ အဆိုပါကျောင်း၌ ၁၀ တန်းပညာသင်ယူနေစဉ် နှလုံးရောဂါဖြစ်ပွားလာသဖြင့် မိဘများက သူ့ကျန်းမာရေးအတွက် အထူးကုသစောင့်ရှောက်ခဲ့ရသည်။ ထိုသို့ ကုသနေသည့်ကြားမှ ကိုယ်ခန္ဓာလက် ယာဘက်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့နောက် သမားတော် ဆရာဝန်ကြီးများ၏ တိုက်တွန်းညွန်ကြားချက်အရ ကျောင်းမှထွက်လိုက်ရသည်။ ထိုရောဂါကို နှစ်ပေါင်းများစွာ ကုသရင်း မလျော့သော ဇွဲလုံ့လကြောင့် စာရေးဆရာမတဦး ဖြစ်လာခဲ့သည်။
ယင်းနှင့်ပတ်သက်၍ စာရေးဆရာမ မလေးလုံက အောက်ပါအတိုင်း စာညွန်ကလေးတခု ကျွန်တော့်အား ရေးသားပေးခဲ့ဖူးသည်။ ရေးပေးခဲ့သည့်ရက်စွဲမှာ ၁၉၇၈ ခု၊ အောက်တို ဘာလ ၁၂ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ဖြစ်သည်။
ကျေးဇူးပင် တင်မိပါသည်
ကျွန်မဘဝသည် ကျန်းမာရေး မပြည့်စုံပါ။ သို့သော် ကျွန်မ စိတ်မပျက်ပါ။ အားလည်း မငယ်ပါ။
ကျွန်မအဖို့ ကျန်းမာရေး မပြည့်စုံသောကြောင့် စာပေနယ်တွင် အခြေချနိုင်ခဲ့ခြင်း၊ ပြည်သူတို့၏ မေတ္တာကို ခံယူရခြင်း၊ မိတ်သင်္ဂဟ အများစု၏ ချစ်ခင်ကြင်နာမှုကိုရရှိခဲ့ခြင်းတို့ အတွက် ကျန်းမာရေး မပြည့်စုံခြင်းကို ကျေးဇူးတင်ပါသည်။
အကယ်၍ ကျွန်မာသာ ကျန်းမာရေး ပြည့်စုံခဲ့ပါက အခြားသော နေရာဌာနတခု၌ ဉာဏလုပ်သားတဦး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် အထက်ဖော်ပြပါ အချက်အလက် များကို ထိတွေ့ရရှိစေခဲ့သော စာပေလုပ်သားတဦးကား ဖြစ်လာလိမ့်မည် မထင်ပါ။
စာပေလုပ်သား ဖြစ်လာခဲ့ရာ၌ လွယ်ကူစွာ ဖြစ်လာခြင်းကား မဟုတ်။
ငွေပေးဝယ်၍မရသော၊ လုပ်ကြံဖန်တီး၍လည်း မရသော၊ စိတ်ရင်းစိတ်ခံမှ ‘စေတနာ၊ ဝါသနာ၊ ဝေဒနာ၊ အနစ်နာ’ တို့ကို ရင်းနှီးမြှုပ်နှံခဲ့ရပါသည်။
ဇွဲလုံ့လ၊ သတ္တိတို့ကို ဆုပ်ကိုင်ခဲ့ရသည်။
အခက်အခဲမှန်သမျှကို စိတ်ရှည်သည်းခံခြင်းဖြင့် ကျော်လွှားခဲ့ရသည်။
သည်အတွက် နောက်ဆုံး၌ ကျွန်မသည် စာပေနယ်တွင် နေရာကလေးတခု ရရှိပိုင်ဆိုင်ခဲ့ပါတော့သည်။ ထို့ကြောင့် ကျွန်မဘဝ၏ ကျန်းမာရေး မပြည့်စုံမှုကို ကျွန်မ စိတ်မပျက်၊ အားမငယ်သည့်အပြင် ကျေးဇူးတင်မိပါသည်ဆိုခြင်း ဖြစ်ပါသည်။
မလေးလုံ
၁၂ – ၁၀ – ၇၈
ည ၁၀ နာရီ ၁၀ မိနစ်
စာရေးဆရာမ မလေးလုံ၏ဘဝလမ်းမှာ ဘဝမရှုံးအောင် အားထုတ်ခဲ့ရသော ဇာတ်လမ်းဟု ဆိုနိုင်သည်။ စာပေဝါသနာအရင်းခံရှိသည့်အလျှောက် ဆေးရုံပေါ်တွင် အချိန်ယူ၍ ဝတ္ထုတို ကလေးများကို စတင်ရေးသားခဲ့သည်။ ထို့နောက် ငွေတာရီ မဂ္ဂဇင်းသို့ပေးပို့ခဲ့ရာ ငွေတာရီ မဂ္ဂဇင်းတွင် ‘ဘပုနောင်’ နှင့် ဂျန်တားအမည်ဖြင့် မလေးလုံ၏စာမူများ ပါလာခဲ့သည်။ စာရေးဆရာမ မလေးလုံ၏ ပထမဆုံးဝတ္ထုမှာ တိုင်းရင်းမေ ဂျာနယ်တွင်ပါရှိသော ‘အချစ်နှင့်တာဝန်’ ဝတ္ထုတိုကလေး ဖြစ်သည်။ အင်္ဂလိပ်ရုပ်ပြဝတ္ထုကို All in Picture ကို မှီးထားသည့်ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုမှစတင်၍ ‘မလေးလုံ’ဟူသော ကလောင်အမည်ကို ယူခဲ့သည်။
ထို့နောက် ဆရာမသည် တိုင်းရင်းမေ ဂျာနယ်အပြင် ယုဝတီ၊ ချိုတေးသံ၊ ငွေတာရီ၊ မြဝတီ စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားခဲ့လေသည်။ ဆေးကုသမှုကိုခံယူနေသည့် အတောအတွင်း အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကိုလည်း လေ့လာလိုက်စားခွင့်ရခဲ့သည်။ လက်ဝဲလက်ဖြင့် စာရေးရခြင်းမှာ လက်ယာဘက် ကိုယ်တခြမ်း မသန်စွမ်းသောကြောင့် ဖြစ်သည်။ သွားလာရာ၌မူ ဟန်ပျက်သည်ဟု မဆိုနိုင်ပေ။ သူ့ကလောင်အမည် ‘မလေးလုံ’ ယူခြင်းမှာလည်း တောဆန်သလိုလို ရှိလှသည်။ သူ့ရုပ်ရည်နှင့်ပင် လိုက်ဖက်သည်ဟု မထင်မိပေ။ သူက သူ့ ညီမသုံးယောက်၏ ငယ်အမည်သုံးခုကို အဖျားစွတ်ကောက်ယူ၍ မှည့်ထားသည်ဟု ဆိုသည်။ သူ့ကို သူ့ညီမများက ‘မမကြီး’ ဟုပင် ခေါ်ကြသည်။
သူသည် ဝတ္ထုများသာမဟုတ် ဝတ္ထုဟန် ဝတ္ထုပ္ပတ္တိစာအုပ်တအုပ်ကိုလည်း ရေးခဲ့သေးသည်။ စာအုပ်အမည်မှာ ‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ ဖြစ်သည်။ ပထမဆုံး မြန်မာစာပါမောက္ခနှင့် ဝိသုဒ္ခိမဂ်ကို အင်္ဂလိပ်ဘာသာသို့ အဦးဆုံးပြန်ဆိုခဲ့သူ မြန်မာပညာရှိကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိဆိုသော်လည်း သာမန်ရေးနေကျ ဘဝဖြစ်စဉ် စာအုပ်မျိုးမဟုတ်ဘဲ စာဖတ်သူများစိတ်ဝင်စားဖွယ်ဖြစ်အောင် ဝတ္ထုဟန်ဖြင့် ရေးသားထားသော အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ 
သူသည် အချိန်ယူ၍ ဆရာကြီးဦးဖေမောင်တင်နှင့် မကြာခဏ တွေ့ဆုံမေးမြန်းပြီး ရရှိသော အချက်အလက်တို့ကို အခြေခံကာ ဇာတ်လမ်း၊ ကာလနောက်ခံ၊ လူ့သဘာဝ အဖွဲ့သဘောမျိုးဖြင့် ဆင်ယင် ရေးသားထားလေသည်။ 
အဆိုပါစာအုပ်၌ ဆရာဇော်ဂျီ အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
“ထိုသို့ဖွဲ့ထားခြင်းသည် ဝတ္ထုတွင် လူ့သဘာဝအဖွဲ့ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆပါသည်။ ထို့ကြောင့် အတ္ထုပ္ပတ္တိသည် ဆရာကြီး၏ ခေတ်အခြေအနေ၊ ဆရာကြီး၏ အကြောင်းခြင်းရာတို့နှင့် စပ်လျဉ်း၍ သိစရာ၊ မှတ်စရာတို့ကိုသာမက နှစ်သက်ခြင်းနှင့်တကွ ခံစားမှုအသိုကိုလည်း ပေးနိုင်သည်ဟု ဆိုခင်ပါသတည်း”
ဆရာကြီး မောင်ထင်ကလည်း – 
“မလေးလုံ၏ စာပေသမိုင်းဝင် အတ္တုပ္ပတ္တိကို ဖတ်ရှုလိုက်သောအခါ ဣနြေ္ဒရှင် အမျိုးသမီးတဦး၏ ပျိုမျစ်သော စာပေဟန်၏အတွင်းသားထဲ၌ ဆရာကြီးဦးဖေမောင်တင်၏ ဇွဲ လုံ့လ သမာဓိတို့သည် ခိုင်ခံ့စွာ အင်အားအပြည့်အ၀နှင့် ပေါ်ပေါက်လာပါသည်။ နူးညံ့သောလက် ကလေးဖြင့် ကျောက်ဆစ်ကျောက်သားကို ခံ့ညားတင့်တယ်သော ပုရိသလက္ခဏာပေါ်အောင် ထုလုပ်သည့် အခြားအရာဖြစ်သည်ဟု ဆိုနိုင်စရာအကြောင်းရှိပါသည်” ဟု ချီးမွမ်းမှတ်ချက်ပေး ထားသည်။
‘ဖေမောင်ထင် သို့မဟုတ် ဘသက်ရှည်’ ဝတ္ထုဟန် အတ္ထုပ္ပတ္တိ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာမ မလေးလုံက ဤသို့ပြန်လည်ရှင်းလင်းပြထားသည်။
“အတ္ထုပ္ပတ္တိဟန် ရေးတာနဲ့ပတ်သက်ပြီး တချို့အယူအဆ နည်းနည်းလွဲနေတာရှိတယ်။ ဈတ္ထုဟန်နဲ့ရေးတော့ ဝတ္ထုကိုပဲ ဖန်တီးရေးတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ကျွန်မ ဖန်တီးရေးတာ မပါပါဘူး။ ဦးဖေမောင်တင် ပြောသမျှတွေကိုပဲ ဖတ်ကောင်းအောင် စီပြီး ရေးခဲ့တာပါ။ အတ္ထုပ္ပတ္တိရေးတဲ့သူတိုင်းဟာ ကာယကံရှင်ပြောတာကို ဖတ်ကောင်းအောင် စီပြီး ရေးတာချည်းပါပဲ။ ဘသက်ရှည် ပထမခန်းကလေးကိုပဲ ကျွန်မ စာမျက်နှာ တော်တော်ရအောင် ရေးထားတယ်။ ရိုးရိုးရေးမယ်ဆိုရင်တော့ ဦးဖေမောင်တင် ဘယ်နှခုနှစ်က မွေးတယ်၊ ဘာညာ ဆိုပြီး သုံးလေးငါးကြောင်းနှင့် ပြီးသွားမှာပေါ့။ အခုဟာက ဦးဖေမောင်တင်ကိုယ်တိုင် သူ့အဖေ၊ အဖေတွေအကြောင်းအသေးစိတ် ပြောပြတော့ ကျွန်မမျက်စိထဲမှာ ပေါ်လာတယ်။
“ကျွန်မ ပြောချင်တာကတော့ အကြောင်းအရာတွေက ရိုးရိုးစင်းစင်း လျှောက်ရေးမယ့်အစား အချို့ကို မြှုပ်ကွက်ကလေးလုပ်ထားပြီး ဝတ္ထုဇာတ်လမ်းကို အချိတ်အဆက် အကွက်ပေါ်မှ ပြန်ဖော်ပြတာမျိုးပါ။ ဖတ်သူကို စာပေအရသာ ခံစားစေလိုတဲ့ စေတနာပါ” 
‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ စာအုပ်သည် မလေးလုံ၏ စာပေသမိုင်းတွင် မှတ်တိုင်တခုအဖြစ် ထင်ရှားခဲ့သည်။ သူသည် လုံးချင်းဝတ္ထုများကိုသာမက ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်ပေါင်းများစွာကိုလည်း မဂ္ဂဇင်း၊ ဂျာနယ်များ၌ ရေးသားခဲ့သည်။
မလေးလုံ၏ ပထမဆုံး လုံးချင်းလက်ရာမှာ ၁၉၆၂ ခုထုတ်၊ ‘မေတ္တာအရင်းခံ’ ဝတ္ထုဖြစ် သည်။ မေတ္တာအရင်းခံဝတ္ထုသည် အင်္ဂလိပ်ဝတ္ထုတပုဒ်ကို အခြေခံပြီး ခရစ်ယာန်မိသားစု အိမ်ထောင်လေးတခုအကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။ သူရေးထားသော ‘သိမ့်’ ဝတ္ထုကို ညွန့်ဝင်း၊ ဝါဝါဝင်းရွှေတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ဆရာမသည် ကျန်းမာရေး ချူချာသည့်ကြားမှ ကွယ်လွန်ချိန်အထိ မဂ္ဂဇင်းဝတ္ထုတိုများနှင့် လုံးချင်းဝတ္တုတိုများကို ရေးသွားနိုင်ခဲ့သည်။ သူသည် ကွယ်လွန်ချိန် (၁၉၉၁ ခုနှစ်) အထိ စာပေသက်တမ်း နှစ် ၃၀ အတွင်း လုံးချင်းစာအုပ် ပေါင်း ၃၀ အုပ်ခန့် ရေးသွားခဲ့လေသည်။
ဆရာမ မလေးလုံ၏ လုံးချင်းဝတ္ထုများမှာ – 
မေတ္တာရင်းခံ (၁၉၆၂)၊ ပိုး (၁၉၆၅)၊ ပိုင် (၁၉၆၆)၊ ကေသာပိတုန်း ငွေမင်ရည်ဖုံးစေတော့ (၁၉၆၇)၊ သိမ့် (၁၉၆၉)၊ ထိပ်ထားလေး (၁၉၆၉)၊ ပင်မြက်မြေဇာ (၁၉၇၀)၊ နေလကြယ်စင် ကွယ်ပင်ငြားလည်း (၁၉၇၀)၊သစ္စာနယ်မြေသူ (၁၉၇၀)၊ ပုံ့ (၁၉၇၀)၊ မုန်းမာန်ရယ်ပြေသလို (၁၉၇၁)၊ မေတ္တာသံသရာ (၁၉၇၁)၊ ငွေကြယ်လှလှ ကြွေသောည (၁၉၇၃)၊ ဘယ်အငြိုးနဲ့ ကံဆိုးမိုးရွာတယ် (၁၉၇၃)၊ မောင့်မေတ္တာ ရစ်ခါနှောင်မှ (၁၉၇၃)၊ အီဖေကိုယ်နှင့် မကြီးဂျမ်း (၁၉၇၃)၊ မေတ္တာသွန်းဖြိုး မြတ်နိုးသူမယ် (၁၉၇၃)၊ အသည်းပန်းတစ်ခက် ပေးဆပ်ချင်လျက် (၁၉၇၃)၊ ထိပ်တန်းဝတ္တုတိုများ (ဒဂုန်ရွှေမျှား၊ ညိုဝင်း၊ အောင်လင်း၊ တင့်ဆန်း၊ မလေးလုံ)၊ (၁၉၇၃)၊ မြတ်လေးနွယ် (၁၉၇၄)၊ ချစ်ခွန်းတိတ်တိတ် ရင်သိမ့်သိမ့် (၁၉၇၄)၊ မော် (၁၉၇၄)၊ ဘဝဆိပ်ကမ်းသာ (၁၉၇၄)၊ ဆောင်းလေဝှေ့တော့ နှင်းငွေ့ပြယ် (၁၉၇၄)၊ ဖေမောင်တင် သို့မဟုတ် ဘသက်ရှည် (၁၉၇၅)၊ ချစ်ပါတယ်မောင့်ကို (၁၉၇၅)၊ မေတ္တာစကားဆိုမယ် (၁၉၇၅)၊ လှေလူးလူး လှိုင်းမူးမူး (၁၉၇၆)၊ ခပ်ပိပိလိမ် (၁၉၇၈)၊ နေရယ် လရယ် ချစ်သူရယ် (၁၉၇၈)၊ ကြေးမုံရိပ်သွင် (မလေးလုံ၊ ရွှေသဉ္စာ၊ ရန်အောင်ပြေ၊ ခင်ညိုထွန်း၊ ယုဝတီင်္သိဂီမြင့်နှင့် အခြားစာရေးဆရာများ) (၁၉၇၈)၊ သီလနှင့် ပြည့်စုံသော မိန်းမနှင့် အခြားဝတ္ထုတိုများ (၁၉၈၃) တို့ဖြစ်သည်။
သူသည် စာပေဝါသနာအလျောက် ‘လုံမလေး’ မဂ္ဂဇင်းကို ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ထောင်သည်။ အဆိုပါမဂ္ဂဇင်း၌ အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ထမ်းရွက်သွားသည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလထုတ်တွင်ပါရှိသော ‘ပန်းကိုတော့ ပန်လျက်ပါပဲ’ ဝတ္ထုတိုမှာ သူ၏ နောက်ဆုံးရေးခဲ့သောလက်ရာ ဖြစ်သည်။ 
မလေးလုံသည် စာပေဝါသနာဖြင့် မနေမနား ကြိုးပမ်းတတ်သူဖြစ်သည်။ မဂ္ဂဇင်း ထုတ်ဝေခြင်းလုပ်ငန်းမှာ စာပေထုတ်ဝေခြင်းလုပ်ငန်းထက် ကရိကထများပြားရှုပ်ထွေး လှသောကြောင့် သူ့ကျန်းမာရေးကိုပင် တဖြည်းဖြည်း စိုးရိမ်စရာဖြစ်လာသည်။ သို့သော် သူ့ဝါသနာကို အစ်ကိုနှင့် ညီမများက ဝိုင်းဝန်းဖြည့်ဆည်းပေးကြသည်။ သူ့အား ဂျာမန် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ (အရှေ့ဂျာမနီ) ဟမ်းဘို့တ်(Humboldt) တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာအန်နီ မာရီအက်ရှဲလ် (မြန်မာအမည် ဒေါ်နှင်းဆီ) က မိတ်ဆက်ပေးရန်ဟု ပြောလာသဖြင့် တနေ့ သူနှင့် မိတ်ဆက်ပေးခဲ့ရသည်။ မလေးလုံသည် သူ့ဝတ္တုဝေဖန်ချက် တောင်းခံသည်။
မလေးလုံသည် စာပေတာဝန်များကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ဆောင်ရွက်ရင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများကိုလည်း အထူးတလည် စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့သည်။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ မိတ်ဆွေအပေါင်းအသင်းများ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို ကူညီဖြေရှင်းပေးလေ့ ရှိသူလည်းဖြစ်သည်။ အထူးသဖြင့် ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားသခင်၏ အဆုံးအမတော်နှင့်အညီ စိတ်နှလုံး ကောင်းမွေးမြူသူဖြစ်သည်။ 
နောက်ပိုင်းတွင် သူနှင့် ကျွန်တော် မဆုံဖြစ်တော့ချေ။ ထို့နောက် ၁၉၉၁ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သူ ကွယ်လွန်ကြောင်း ကြားသိရသောအခါ ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်။ စာရေးဆရာမ မလေးလုံသည် ၁၉၉၁ ခု၊ ဧပြီလထုတ် လုံမလေး မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြမည့် သန်လျင်ဖေသွင်၏ ‘အခြားသောပညာရှိတစ်ပါး’ (The Other Wise Man) ဘာသာပြန် ဝတ္ထုရှည်ကြီးကို ကွယ်လွန်မည့်နေ့နံနက် အရုဏ်ဦးအထိ ကိုယ်တိုင်တည်းဖြတ် ပြင်ဆင်ခြင်း ပြုသွားလေသည်။
သူကွယ်လွန်သွားသောအခါ အသက် ၈၁ နှစ်အရွယ်ရှိ မိခင်ကြီး ဒေါ်စောတင်နှင့် အစ်ကိုတဦး၊ ညီမသုံးဦး ကျန်ရစ်ခဲ့သည်။ သူ၏ ရုပ်ကလာပ်ကို နာနတ်တော ခရစ်ယာန်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။
မည်သို့ဆိုစေ စိတ်ထားဖြူစင်၍ စာပေတာဝန်ကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ရွက်ဆောင်ခဲ့သော ဆရာမ မလေးလုံသည် ကောင်းမြတ်သော တမလွန်ဘဝ၌ အေးချမ်းစွာ နားခိုနေမည်မှာ မလွဲဧကန်ပင်တည်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts