>couples in Rgn, N Korea and Child soldiers

>မိုးမခတောထဲက သတင်းအပိုင်းအစများ

ရန်ကုန်က စုံတွဲ၊ မြောက်ကိုရီးယား၊ ကလေးစစ်သား
အဝေးကြည့်မှန်ပြောင်း

မတ် ၃၊ ၂၀၁၀ ကန်တော်ကြီးမှ စုံတွဲတတွဲ (ဓာတ်ပုံ – wsj.com)


ရန်ကုန်က စုံတွဲတို့အတွက် သတင်းဆိုး

အာဏာပိုင်တို့က ရန်ကုန်မြို့က ပန်းခြံလိုမျိုးနေရာတွေမှာ “မြန်မာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော အမြင် မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ယခုလဆန်း ပိုင်းမှ စတင်၍ အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်း” သတင်းရတယ်လို့ WEEKLY ELEVEN ဂျာနယ် အင်တာနက် စာမျက်နှာမှာ ရေးထားတာ တွေ့ရပါတယ်။

ဒီအတွဲတွေကို ချောင်းမြောင်းကြည့်ရှုတဲ့သူတွေကို ဘယ်လို အရေးယူမယ် ဆိုတာတော့ မဖော်ပြထားပါဘူး။ ချောင်းကြည့်တာဟာ ဥပဒေနဲ့ လွတ်ကင်းပုံ ရပါတယ်။

အရေးယူတော့မယ် ဆိုတော့ စုံတွဲတွေဟာ ရုပ်ရှင်ရုံလိုမျိုး နေရာတွေကို ရွေ့သွားကြဖွယ် ရှိတယ်လို့ ယူဆပါတယ်။

အရေးယူမယ့် ပုံစံက ဒီလိုပါ။ “ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူ မေးမြန်း၍ သက်ဆိုင်ရာ မိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည် ဖြစ်ကြောင်း – – – နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့် သတင်းစာများတွင် ရေးသား ဖော်ပြသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း” လို့ ဆိုပါတယ်။

ဂျာနယ်ထဲ ပါချင်တဲ့ စုံတွေတွေအတွက်တော့ အခွင့်အလမ်းတွေ ရပြီပေါ့ခင်ဗျာ။

မြောက်ကိုရီးယား ခရေဇီ
ဒီတခါတော့ လေးလေးပင်ပင် နိုင်ငံရေးအကြောင်း ပြောပါရစေ၊ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီက တရုတ်ပြည်ကို အလည်သွားမယ်လို့ ဂျပန်ပြည်ထုတ် မာအိနိချိ သတင်းစာက ဒီကနေ့ ရေးလိုက်ပါတယ်။ တရုတ်ပြည်ရောက်တုန်း သိပ်မဝေးတဲ့ နေပြည်တော်ကို မသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ။ နေပြည်တော်က ဗိုလ်ချုပ်ကြီးများကလည်း ရင်ခုန်နေရောပေါ့ခင်ဗျာ။

ပြီးခဲ့တဲ့လ ၁၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဗိုလ်ချုပ်မှူးကြီး ကင်မ်ဂျုံအီ မွေးနေ့ကို ရန်ကုန်မှာ လုပ်တယ်၊ နေပြည်တော်က နံပတ် ၅ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတယောက်အပါဝင် ခေါင်းဆောင်တချို့ တက်ခဲ့တယ်လို့ ရန်ကုန်မြို့က မိုးမခ အထောက်တော် တယောက်က သတင်းပို့ပါတယ်။ (သိပ်တော့ အထင်မကြီးနဲ့လေ၊ သူက သတင်းစာဖတ်ပြီး ပြန်ပြောပြတဲ့ သဘောပါ)။

နေပြည်တော်က လမ်းမကြီးတခုကိုတောင် ကင်မ်ဂျုံအီ လို့ နာမည်ပေးထားမယ် ထင်ပါရဲ့။

နိုင်ငံတော်နဲ့ ကလေးစစ်သား
ကလေးတွေကို မြန်မာ့တပ်မတော်ထဲမှာ တာဝန်တွေ ပေးနေပြီလို့ သတင်းတွေမှာ ကြားရပါတယ်။ သတင်းဌာနတွေဟာ အဆိုးမြင်ဝါဒီတွေလို့ ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က စွပ်စွဲတာဟာ မှန်နေပြီပေါ့။ ဒီလို နိုင်ငံတော်က တာဝန်ပေးတာကို သတင်းဌာနတွေက “ကလေးစစ်သား”တွေ ရှိတာ မကောင်းဘူးလို့ ဆိုကြလေရဲ့။

သတင်းဌာနတွေနဲ့ နိုင်ငံတော်နဲ့ဟာ ဘယ်တော့မှ အမြင်တူကြတော့မယ် မထင်ပါဘူး။ နိုင်ငံတော်က ကောင်းစေချင်လို့ လုပ်ပေးနေတဲ့ထဲမှာ တပ်မတော်ထဲက ကလေးတွေကိစ္စလည်း ပါတာပေါ့။ ကလေးတွေက စစ်တိုက်တမ်း ကစားရတာကို ၀ါသနာပါတယ် မဟုတ်လား။ ဒီအချက်ကို သိတဲ့ ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က ကလေးတွေကို စစ်ထဲ ထည့်လိုက်တာပေါ့။

ကလေးတွေနဲ့ သင့်တော်တဲ့ သေနတ်တွေတောင် စီစဉ်ပေးထားသေးတယ်၊ မနှစ်တုန်းက သတင်းတွေမှာ ပါတယ်မဟုတ်လား၊ မြန်မာ့တပ်မတော်မှာ စစ်သားတွေကိုင်တဲ့ သေနတ်တွေဟာ လေးလံရှည်လျားတဲ့ သေနတ်တွေ မဟုတ်တော့ဘူး၊ ပိုပြီးပေါ့ပါး ပိုပြီး သေးငယ်သွားပြီ ဆိုပဲ။ ဒါဟာ ကလေးတွေအတွက် အင်မတန် အဆင်ပြေစေတာပေါ့။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts