>interview with Yaw Hton of KIA


>

KIA ဒေသ တိုက်ပွဲ ဆက်လက်ဖြစ်ပွား (ဒုဗိုလ်မှူးကြီးယော်ထုံနှင့် မေးမြန်းခန်း)
အေးနိုင် / DVB
ဇွန် ၁၅၊ ၂ဝ၁၁
ကေအိုင်အေ ဌာနချုပ်တည်ရှိရာ တရုတ်မြန်မာနယ်စပ်မှ လိုင်ဇာမြို့ (ဓာတ်ပုံ – မိုးမခ)


အစိုးရတပ်နဲ့ ကေအိုင်အိုအကြား တိုက်ပွဲကြီးတွေ မနေ့ညနေကစလို့ ရပ်စဲနေပေမယ့် တိုက်ပွဲငယ်တွေ ကြိုကြား ဆက်လက် ဖြစ်ပွားပါတယ်။ နှစ်ဘက်အကြား တိုက်ပွဲငယ်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာပါ ကူးစက်နေပါတယ်။ ကချင် ကျေးရွာတွေက ဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်လာနေကြပြီး လိုင်ဇာ ကေအိုင်အို ဌာနချုပ်ကို မနေ့ကလေးရာနီးပါးရောက်နေကြသလို လမ်းတလျှောက်မှာလည်း ဒုက္ခသည် ထောင်ချီပြီး နယ်စပ်ကို ထွက်လာနေကြတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
အစိုးရတပ်တွေဘက်ကရွာသားတွေကိုနယ်စပ်ကိုမသွားဖို့ခြိမ်းခြောက် ပြောဆိုတာတွေရှိတယ်လို့ ကေအိုင်အို တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ကေအိုင်အို သတင်းထုတ်ပြန်ရေး ကော်မတီက ဒု-ဗိုလ်မှူးကြီးယော်ထုံကို မေးမြန်းထားပါတယ်။

မေး – ကေအိုင်အိုနဲ့ အစိုးရကြား တိုက်ပွဲ နောက်ဆုံး အခြေအနေကို ပြောပြပါလားခင်ဗျ။
ဖြေ – လောလောဆယ် ငြိမ်နေတယ်။ မနေ့ညနေကတည်းကငြိမ်နေတယ်။ ဒါပေမယ့် ချောင်ကြိုချောင်ကြားမှာတော့ ရှိတာပေါ့။ မပြောပလောက်ပါဘူး။

မေး – အခုတိုက်ပွဲတွေက ပြန်ရပ်တယ် ဆိုတာ ကေအိုင်အိုနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒါမှမဟုတ် နိုင်ငံတော်အစိုးရနဲ့ သဘောတူပြီးတော့ ရပ်တာလား။ တဖက်သတ် ရပ်တာလား။ ဘယ်သူ့ဘက်က စရပ်တာလဲ
ဖြေ – ဘယ်သူမှမရပ်ဘူး။ နှစ်ဖက်စလုံးက အပစ်အခတ်မလုပ်ဘဲနဲ့ နေတဲ့သဘောပါပဲ။

မေး – တိုက်ပွဲတွေက ရွှေလီဘက်ကိုပါ ကူးစက်တယ်လို့ ကြားတယ်။
ဖြေ – ရွှေလီ၊ နမ့်ခမ်းကို သွားတဲ့လမ်းလေ။ မန်တလင်းလမ်းမှာ နည်းနည်းဖြစ်တယ်လို့ ကြားတယ်။ မပြင်းထန်ဘူး။ ခဏပဲ ပြီးသွားတာ။

မေး – ကေအိုင်အိုတပ်နဲ့ အစိုးရတပ်နဲ့ဖြစ်တာက တရုတ်နိုင်ငံက ရေကာတာ ဆောက်လုပ်ရေးဒေသတွေမှာ ကေအိုင်အိုတပ်တွေကို အစိုးရဘက်ကနေ ရှိမနေစေချင်ဘူး ဆိုပြီးတော့ ဝေဖန်တယ်။ ဗိုလ်မှူးကြီးတို့က ဘာပြောချင်လဲ။ ဒီဟာ ဖြစ်နိုင်ခြေရှိလား။
ဖြေ – သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ ဆိုတာ အတိအကျ ပြောလို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ပြောသလို ဘယ်တော့မှ ဖြစ်မလာဘူး။ အမြဲတမ်း ကျနော်တို့ဘာသာ နေနေတယ်။ ဒါကြောင့် အဓိက ရည်ရွယ်ချက်က ဘာလဲ၊ ကျနော်တို့ မသိဘူး။ ရေအားလျှပ်စစ်ကို အကြောင်းပြပြီးမှ ကျနော်တို့ကို သူတို့လိုချင်တဲ့ ပုံစံ ရအောင် လုပ်တဲ့ သဘောပဲ။ ကျနော်တို့သုံးသပ်တာကျတော့ အဲဒီ တာပိန် ရေအားလျှပ်စစ်ထဲမှာ သူတို့ လာတိုက်တယ်။ လာတိုက်ပြီးမှ ကျနော်တို့ဘက်က အခက်ကြုံလာလို့ရှိရင် တခြား အားနည်းတဲ့နေရာမှာသူတို့အဲလိုလုပ်ဖို့အလားအလာ ရှိသလိုပါပဲ။ ကျနော်တို့ သုံးသပ်ကြည့်တာတော့။
သမ္မတ ဦးသိန်းစိန် အရင်တုန်းက အစိုးရအဖြစ် အရွေးမခံရခင်တုန်းက ကေအိုင်အိုကို အပြတ်ရှင်းမယ် ဆိုပြီး ပြောတယ် ဆိုတဲ့ အချက်တွေ ကျနော်တို့ ကြားရတယ်။

အဲဒါ အကောင်အထည် ဖော်သလားလို့ ကျနော်တို့လည်း နည်းနည်းတော့ ထင်တာပေါ့။ ဒါပေမယ့် အဲဒီဟာကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ခုလို တနေရာ၊ နှစ်နေရာလောက်နဲ့တော့ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် သူတို့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ အခုထက်ထိက မသိရသေးဘူး။

မေး – ကာကွယ်ရေး ဦးစီးချုပ် အသစ် မင်းအောင်လှိုင် တက်လာတော့ သူကလည်း တိုက်ရည် ခိုက်ရည် ရှိတာကို ပြချင်တဲ့အတွက် ကေအိုင်အို ဒုတိယအင်အား အကောင်းဆုံးကို တိုက်တာလို့ ဝေဖန်တာ ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။
ဖြေ – ဒါကတော့ ကျနော်တို့ မပြောတတ်ဘူး။ သူတို့ကကျနော်တို့ကို တိုက်ချင်နေတာ တော်တော် ကြာပြီ ထင်တယ်။

မေး – ကေအိုင်အိုနဲ့ အစိုးရကြား တိုက်ပွဲတွေမှာ တိုက်ပွဲ ဆက်တိုက်ရေး မတိုက်ရေးနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ အယူအဆ မတူတာတွေ ဖြစ်တယ်လို့ ကျနော်တို့ ကြားသိနေရတယ်။ အဲဒါ ဘယ်လောက်ထိ မှန်တယ်လို့ ဗိုလ်မှူးတို့ကော ကြားထားလဲ။
ဖြေ – ဘယ်လောက် မှန်တယ် ဆိုတာ အတိအကျတော့ မပြောတတ်ဘူး။ နဲနဲပါးပါးတော့ ကြားတယ်။

မေး – တိုက်ပွဲဖြစ်တာ လေးငါးရက် ရှိပြီ ဆိုတော့ စစ်ပြေးဒုက္ခသည်တွေ အခြေအနေက ဘယ်လို ရှိလဲ။
ဖြေ – စစ်ပြေး ဒုက္ခသည်တွေက ဗန်းမော်နား တဝိုက်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အကုန်လုံး လိုင်ဇာဘက်မှာ မနက်ကတည်းက အခုထက်ထိ လာနေတုန်းပဲ။ မနက် စစချင်းတုန်းက ၁ဝဝ တောင် မပြည့်ဘူး။ ဒါပေမယ့် မနေ့ညကဆိုရင် သုံးလေးရာ ဖြစ်လာပြီ။ ဒီနေ့တော့ ထောင်နဲ့ချီပြီး ရှိလာမယ် ထင်တယ်။

မေး – ဘယ်နေရာတွေကအဓိကထားပြေးလာတာရှိလဲ။
ဖြေ – အဓိကနယ်စပ်မှာစုပြုံနေကြတယ်။ လိုင်ဇာတဝိုက်မှာပေါ့။ ကျနော်တို့ တရုတ်ပြည်ဘက် ဝင်သွားတာလည်း နည်းနည်းပါးပါး ရှိတယ်။ ဒါပေမယ့်ဒီလိုင်ဇာမှာကကျနော်တို့နည်းနည်းပဲဖြစ်သေးတယ်။ အဲဒါကြောင့်ဒီမှာပဲလာနေကြတယ်။ ကားလမ်းတလျှောက်က ရွာတွေက တယောက် နှစ်ယောက်ပဲ ရှိတော့တယ်။ အကုန်လုံး ဒီမှာ တက်ပြေးလာကြပြီ။ ဘာလို့လဲ ဆိုတော့ စစ်တပ် ရှိတဲ့နေရာကျတော့သူတို့က ပြည်သူတွေကိုလည်း မထွက်ခိုင်းဘူး။ ထွက်ပြေးရင် ကျနော်တို့ ပစ်သတ်မယ်။ ရွာကိုလည်း မီးရှို့ပစ်မယ်လို့ပြောတယ် တဲ့။

မေး – အဲတော့ တရုတ်ပြည် အစိုးရက ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ တရုတ်ပြည်ထဲမှာ ဒုက္ခသည်စခန်းတွေ ဆောက်ပေးတာ ရှိသလား။
ဖြေ – အခုထက်ထိတော့ တရုတ်ပြည်နယ်စပ်ကို သွားတဲ့သူတွေ အနေနဲ့ ကိုယ့် ခင်ရာခင်ရာပေါ့။ ဟိုဘက်လည်းဆွေမျိုးရှိတာကို။ အလုံးအရင်းနဲ့ ဟိုဘက်သွားတာ မဟုတ်သေးဘူး။ အဲဒီ လူအများစုက လိုင်ဇာမှာပဲ ရောက်နေကြတယ်။

မေး – ဗိုလ်မှူးကြီးတို့က ဒုက္ခသည်တွေကို ဘယ်လိုမျိုး ကူညီ စောင့်ရှောက်နေလဲ။
ဖြေ – ကျနော်တို့အနေနဲ့ စားရေးသောက်ရေး၊ နေထိုင်ရေးတွေ ကျနော်တို့စီမှာ စီစဉ်ပေးထားတယ်။

မေး – ဗိုလ်မှူးတို့ဆီကို လူသားချင်းစာနာတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေကော လာပြီးတော့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက လူတွေကော လာကြည့်တာရှိပြီလား။
ဖြေ – အခုတော့ ဘယ်သူမှ မလာသေးဘူး။

မေး – ဒီနေ့မနက် လေးနာရီ ငါးဆယ့်ငါးမှာ မိုးကောင်း၊နမ္မတီးကြား၊ ရထားကူးတံတား ဗုံးကွဲတယ်တဲ့။ အဲဒါကော အန်ကယ်တို့ ကြားပြီးပြီလား။
ဖြေ – ကြားတော့ ကြားတယ်။ ဘယ်သူ လုပ်တယ်ဆိုတာ အခုထက်ထိ သတင်း မရသေးဘူး။

မေး – မနေ့ညက ၇နာရီမှာ ဝိုင်းမော်ဘက်က တံတားမှာဗုံးကွဲတယ်၊ အဲဒါကော။
ဖြေ – အဲဒါတော့ နန့်ချောင်းတံတားမှာ ဗုံးကွဲတာ ရှိတယ်။ ကေအိုင်အေ စစ်သားတွေကြောင့်တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲဒီဒေသခံတွေပဲ ဖြစ်နိုင်တယ်။

မေး – အခု နယ်စပ်မှာ တရုတ်တပ်တွေ နေရာ ချထားတယ် ကြားလို့။
ဖြေ – တရုတ်တပ် ချထားတာတော့ မတွေ့ဘူး။ အဲဒီ တရုတ် နယ်ခြားစောင့်တပ်နဲ့ ရဲနဲ့ သူတို့ကတော့ အမြဲတမ်း ရှိတယ်လေ။ သူတို့ ဟိုဘက်က ထူးခြားချက်တော့ မရှိဘူး။ ခါတိုင်းတော့ နယ်ခြားဖြတ်လက်မှတ်ပေါ့။ အဲဒါတွေ မပါရင်တော့ လုံးဝ ဖြတ်ခွင့်မရှိဘူး။ ဒါပေမယ့် အခု လောလောဆယ်တော့ ကျနော်တို့ လူကြီးတွေနဲ့ ဆွေးနွေးထားတော့ မပါရင်လည်း ဟိုဘက်ဖြတ်ခွင့် ပေးလိုက်တာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts