ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – Civil War, Anmesty & Monetary Crisis in Burma

>

ပြည်တွင်းစစ်၊ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ဒေါ်လာဈေး
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၁
            “လက်ရှိတပ်မတော်ကနေပြီးတော့ တိုင်းရင်းသားတွေကို စစ်တိုက်နေတာက လွှတ်တော်ရဲ့သဘောထားလား၊ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေလား။ စစ်တပ်ရဲ့ နဂိုမူလသဘောထားပဲလား ဆရာ။”
            စစ်တပ်မှာက သူတို့ကွန်စတီကျူးရှင်းထဲမှာ နယ်ခြားစောင့်တပ် ဖွဲ့ရမယ်လို့ သတ်မှတ်ထားပြီးသား၊ သူတို့ကွန်စတီကျူးရှင်းက အတည်ဖြစ်တယ်ဆိုရင် စစ်တပ်ရဲ့ စစ်ဦးစီးချူပ်အောက်မှာ ဘော်ဒါဂတ်တွေ ရှိရမယ်လို့ ပြောထားပြီးသားဆိုတော့ ရှောင်နေလို့ မရတော့ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသားတွေဖက်ကလည်း အချင်းချင်း မဟာမိတ်တွေ ဖွဲ့ထားကြပြီးသားဖြစ်တယ်ဆိုတယ်။ သူတို့ဖက်က ခုခံစစ်နဲ့ ပြန်ပြီး တုန့်ပြန်မယ်လို့ ဆုံးဖြတ်ပြီးပြီပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေက သူတို့ကို လာထိရင် ခုခံစစ်နဲ့ ပြန်တိုက်မယ်ဆိုပေမယ့်လည်း တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ကချင်အပါအ၀င် ငြိမ်းချမ်းရေးကိုတော့ ခေါ်နေဆဲပဲ ဖြစ်တယ်။ ဒီလို ငြိမ်းချမ်းရေးခေါ်နေတဲ့အချိန်မှာ စစ်တပ်က ၀င်တိုက်တယ်ဆိုတာကတော့ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။
            “ဘာဖြစ်လို့ ကချင်တိုင်းရင်းသားအဖွဲ့ ကေအိုင်အိုကို တိုက်ရတာလဲ ဆရာ။”
            ကျနော်ထင်တာကတော့ ကချင်တိုင်းရင်းသားအဖွဲ့က ဟိုးအစွန်အဖျားမှာဆိုတော့ ကျန်တဲ့အဖွဲ့တွေက ၀ိုင်းကူမယ်ဆိုရင်တောင် ကူဖို့ မလွယ်ဘူးပေါ့။ မြန်မာပြည်တောင်ဖက်မှာဆိုရင် ကရင်မှာ ဖြစ်တယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက ၀ိုင်းကူနိုင်မယ် ထင်တယ်လေ။ ဒါကြောင့် ကချင်အဖွဲ့ရဲ့ နယ်မြေထဲ ၀င်ပြီး တိုက်တယ်ပေါ့။ တိုက်တယ်ဆိုတာကလည်း ကချင်တို့က သူတို့နယ်ထဲ ၀င်လာတဲ့ စစ်တပ်တွေကို ပြန်ဆုတ်ပေးပါလို့ တောင်းဆိုတဲ့ကြားထဲကနေ နောက်မဆုတ်ဘဲ စစ်တပ်ကတိုက်တာလို့ ဆိုတယ်။
            “ဒါက မြန်မာပြည်မှာ ပြည်တွင်းစစ်ပြန်ဖြစ်ပြီလို့ ဆိုနိုင်သလား ဆရာ”
            အခု ဒီကိစ္စဟာ သာမန်ကိစ္စလိုမျိုး သဘောမထားနိုင်ဘူး။ အရင်တလောက SSA တောင်ပိုင်းကို တိုက်တယ်။ နောက်ဆို ကေအင်ယူတို့၊ ကယားတို့ကို တိုက်လာနိုင်တယ်။ စစ်တပ်အနေနဲ့က ဖြန့်ပြီးတော့ တနံတလျား တိုက်လာနိုင်တယ်လို့ ပြောနိုင်တယ်။ စစ်တပ်အနေနဲ့ကလည်း တိုက်မယ်ဆိုရင်လည်း တိုက်နိုင်တဲ့ အင်အားရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကိုလည်း လက်မခံဘူး။ တွေ့ဆုံဆွေးနွေး စကားပြောဖို့လည်း လက်မခံဘူးဆိုရင် စစ်တပ်ဟာ အဲသည်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်တိုက်ပြီး ဖြေရှင်းမယ့်သဘောပဲ ဖြစ်လာတယ်။ ဒီလိုဆိုရင် မြန်မာပြည်တွင်းမှာ ပြည်တွင်းစစ်ဖြစ်ဖို့ အစဖြစ်တယ်လို့  ပြောနိုင်ပါတယ်။ စစ်အုပ်စုက တွေ့ဆုံဆွေးနွေးရေးကို တိုင်းရင်းသားတွေနဲ့လည်း မလုပ်နိုင်ဘူး၊ လက်နက်ကိုင်ပြီး အကြမ်းဖက်ဖြေရှင်းတော့မှာလား။ ဒါကို ကျနော်တို့က စောင့်ကြည့်ရမယ်
            “ပြည်တွင်းစစ်ဖြစ်လာတယ်ဆိုရင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေက ဘာပြောလာကြမယ် ထင်သလဲ ဆရာ”
            ကချင်အဖွဲ့ကိုယ်တိုင်ကလည်း ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို နအဖစစ်အစိုးရလက်ထက်မှာကော၊ အခု ကြံ့ဖွံ့အစိုးရလက်ထက်မှာပါ လုပ်ကိုင်ဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်လေ။ အမျိုးသားညီလာခံ တက်တာ၊ ရွေးကောက်ပွဲ ၀င်တာ၊ ပြီးတော့ တိုင်းရင်းသားအဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေး စကားပြောဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာ အားလုံး မြင်တဲ့ အတိုင်းပဲလေ။ ဒီလို တိုင်းရင်းသားအဖွဲ့ကိုတောင် စစ်တပ်က စစ်ရေးနဲ့ အရေးယူတယ်ဆိုတော့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကလည်း စဉ်းစားရမှာပေါ့။
            “ပြည်ပအိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်ကိုယ်တိုင်က ဘယ်လိုတုန့်ပြန့်သလဲ ဆိုတာကိုလည်း စဉ်းစားကြလိမ့်မယ် ထင်သလား ဆရာ”
            ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လို့ စစ်ပြေးတိုင်းရင်းသားတွေကို တရုတ်အာဏာပိုင်တွေက လက်မခံဘူး၊ ပြန်ပို့တယ်ဆိုရင် နောက်တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေဖြစ်လာရင်ကော ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုယ်တိုင်က ဘယ်လိုရင်ဆိုင်ကြမှလည်း သူတို့လည်း စဉ်းစားကြရတော့မယ်။
            “ဒါဆိုရင် လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းပေါ့လေ။ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကြားထဲက လက်နက်တွေကိုင်ထားပြီးတော့ ငြိမ်းချမ်းရေး ယူတာတို့၊ စေ့စပ်ဆွေးနွေးတာတို့ကို ဘယ်လို မြင်သလဲ ဆရာ”
            ဒါကတော့ ကျနော်တို့အနေနဲ့ တိုင်းရင်းသားတွေက အခု စစ်တပ်ကို အကြိမ်ကြိမ်ခေါ်နေတဲ့ စေ့စပ်ဆွေးနွေးရေးတို့ ဘာတို့ဆိုတာကို စစ်တပ်တွေရဲ့ ထုံးစံတွေဘာတွေကို မသိတဲ့အတွက် ကျနော်တို့အနေနဲ့ သေသေချာချာ မပြောနိုင်သော်လည်း၊ တိုင်းရင်းသားတွေက သဘောရိုးနဲ့ ကမ်းလှမ်းတယ်လို့ မြင်ပါတယ်။ ပြီးတော့လည်း စစ်တပ်ချင်း ယှဉ်ကြရင် တပ်မတော်စစ်အုပ်စုရဲ့ အင်အားက ကွာတာကိုး။ ဒါကြောင့် တိုင်းရင်းသားတွေက စေ့စပ်ဖို့ ကမ်းလှမ်းကြတယ်လို့ မြင်ပါတယ်။ ဘာပဲပြောပြော စေ့စပ်မှု ကမ်းလှမ်းတာကို စေ့စပ်တဲ့နည်းနဲ့ပဲ ဖြေရှင်းသင့်တယ်။ ပြည်တွင်းစစ်မီးပွားမယ့်နည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ မြင်တယ်။
            “ဟုတ်ကဲ့ပါဆရာ။ နောက်တခု မေးချင်တာကတော့ ၈၈မျူိးဆက်မိသားစုတွေ၊ ဒီမိုကရေစီအရေးတော်ပုံမျိုးဆက်မိသားစုတွေ ယခင်အပတ်က တွေ့ဆုံပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုမယ်လို့ ပြောဆိုဖြစ်ကြတယ် ဆရာ။ ဆိုတော့ အသစ်တက်လာတဲ့ ကြံ့ဖွံ့အစိုးရရဲ့ သမ္မတကြီး သိန်းစိန်တို့မှာက ယခင်စစ်အစိုးရရဲ့ တရားစီရင်ချက်တွေကို သူတို့က ပြန်လှန် စစ်ဆေး မေးခွန်းထုတ်ခွင့် ရှိပါ့မလား”
            ကျနော့်အမြင်ကတော့ အခုတက်လာတဲ့ အရပ်သားအစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန်တို့မှာ လွတ်ငြိမ်းချမ်းသာခွင့် ချပေးခွင့်ရှိတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ပြစ်ဒဏ်ကနေ တနှစ်လောက်ကိုပဲ လျော့ပေါ့ပေးနိုင်ခွင့် ရှိတာာ ဖြစ်နေတယ်။ သမ္မတရဲ့ သြဇာ၊ သူ့ အာဏာက သည်လောက်ပဲ အကန့်အသတ်ရှိတယ်လို့ပဲ ပြောရမလား မသိဘူးပေါ့။ နောက်ပြီး သမ္မတကြီးရဲ့ အကြံပေးထဲက နေဇင်လတ်တို့ဘာတို့က  နောက်ထပ် လာစရာရှိပါသေးတယ်လို့ ပြောနေတော့ ဘယ်လိုမျိုး လာမယ်လဲတော့ မသိဘူး။ ကွန်စတီကျူးရှင်းထဲက အဆိုအရ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မီတီ ဟုတ်လား၊ စစ်ကောင်စီရဲ့ အဆုံးအဖြတ်မပါသေးလို့လား။ သမ္မတက စတိပဲပေးတာ ဖြစ်နေသေးတယ်။ စစ်အုပ်စုရဲ့ တပ်မတော်ရဲ့ စစ်ကောင်စီက တကယ့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးနိုင်တာလားလို့ မေးစရာ၊ စောင့်ကြည့်စရာ ဖြစ်လာတယ်။
           
            “ဒီတခါမှာ သူတို့ဖက်က လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို ယခင်တုန်းက ဗိုလ်ချူပ်ခင်ညွန့်ကို သူတို့ကိုယ်တိုင် ဖြုတ်ချပြီးတဲ့နောက်၊ ကိုမင်းကိုနိုင်တို့တွေကို လွှတ်ပေးလိုက်သလိုမျိုး ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ မလုပ်နိုင်ရတာလဲ ဆရာ …”
            ကျနော်ပြောချင်တာက လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စဆိုတာ တမျိုးသားလုံးနဲ့ ဆိုင်နေတယ်။ သာမန်လူငယ်နိုင်ငံရေးလှုပ်ရှားသူတွေကို ပေးရုံနဲ့ ပြီးတာမဟုတ်ဘူး။ အခု စစ်တပ်က ဖမ်းဆီးထားတဲ့ အကျဉ်းထောင်တွေထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အများကြီးရှိနေတယ်။ SNLD က ဦးခွန်ထွန်းဦးတို့တတွေ ရှိနေတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့တတွေ ရှိနေတယ်။ အင်န်အယ်ဒီပါတီလိုမျိုးက ခေါင်းဆောင်တွေ ရှိနေတယ်။ မျိုးဆက်သစ် လူငယ်တွေ၊ ကျောင်းသားတွေလည်း အများကြီး ရှိနေတယ်။ သူတို့တွေက အခုလို နိုင်ငံရေးခေါင်းဆောင်တွေ၊ မျူိးဆက်ဟောင်း မျိုးဆက်သစ်တွေကို လွှတ်ပေးလိုက်လို့ တိုင်းပြည်မှာ ဒီမိုကရေစီရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာမှာကို မလိုလားလို့၊ မဖြစ်ပေါ်စေချင်လို့ မလုပ်နိုင်တာလို့ မြင်တယ်။ အခုအချိန်မှာကလည်း သူတို့ကို ပြည်တွင်း ပြည်ပကပါ ဖိအားတွေ ပေးနေတာကိုလည်း ရှိနေတော့ သမ္မကြီးကိုယ်တိုင်ရဲ့ သဘောထားလား၊ စစ်ကောင်စီတွေ ဘာတွေရဲ့ သဘောထားလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
            “ဟုတ်ကဲ့ပါဆရာ။ တဆက်တည်းပဲပေါ့လေ။ တိုင်းပြည်မှာ အမျိုးသားရေးအကြပ်အတည်းတွေ ဖြစ်နေတယ်။ ပြည်တွင်းစစ်ကို ဦးတည်နေတယ်။ နိုင်ငံရေးအကျဉ်းသားတွေကလည်း တိုင်းပြည်အနှံ့မှာ ချုပ်နှောင်ထားတယ်။ စီးပွားရေးကလည်း ကြပ်တည်းလာတယ်။ အခုဆိုရင် ဒေါ်လာငွေဈေးတွေ ပျက်တယ်။ ကုန်ဈေးနှုန်းတွေက တက်သည်ထက် တက်နေတယ်။ ဒါကို မြန်မာငွေဈေး ခိုင်မာလာပြီ။ စီးပွားရေး ကိုင်တွယ်မှု အပြောင်းအလဲတွေ ရှိလာပြီ ပြောလာကြတယ်။ အဲဒါ ဟုတ်သလားဆရာ”
            ကျနော်မြင်တာက စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဟုတ်ပါဘူး။ အခုဖြစ်နေတာက ဒေါ်လာဈေးပျက်တယ်။ လူတွေမှာ အလုပ်အကိုင်တွေ ပျက်ကုန်တယ်။ ကုန်ဈေးနှုန်းတွေက တက်သည်ထက် တက်လာတယ်။ စီးပွားရေးက အကြပ်တည်းဆုံးကို ရောက်လာတယ်။ အစိုးရနဲ့ အပေါင်းအပါတွေကိုယ်တိုင်ရဲ့ လက်ထဲမှာ ဒေါ်လာတွေ အမြောက်အများကို တိုင်းပြည်သယံဇာတတွေ ရောင်းချပြီး၊ အဆောက်အအုံတွေ ရောင်းချပြီး ရထားတယ်။ သူတို့က သူတို့ဒေါ်လာတွေကို ဈေးကွက်ထဲမှာ ဖြည့်ပြီး ထပ်ထည့်လိုက်တယ်။ ကျပ်ငွေကို သူတို့က ထိန်းလိုက်သလိုဖြစ်သွားတယ်။ ဒီလိုဖြစ်တာက စီးပွားရေးကိုင်တွယ်မှုတွေ ဘာတွေအရ ဖြစ်တာမဟုတ်ဘူး။ အစိုးရက တိုင်းပြည်ရဲ့ ငွေကြေးစီးဆင်းမှုတွေကို မကိုင်တွယ်၊ မဖြေရှင်းဘဲထားလို့ ဖြစ်တယ်လို့ ပြောချင်တယ်။ စီးပွားရေးပုံသဏ္ဍန်အရ မြန်မာငွေကြေး တောင့်တင်းလာတာမဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေက တက်သည်ထက် တက်နေတာပဲ။ Monetary Crisis ပေါ့။
           
            “ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်တယ်”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts