>Maylay Lwin, Want to Home back – SUU 66

>

အိမ်ပြန်ချင်တယ်
မေလေးလွင်
ဇွန် ၉၊ ၂၀၁၁
သမီးလက်ကိုဆွဲ

အဖြူအစိမ်းလေးနဲ့ တွဲလို့

အမေ ကျောင်းကိုပို့တော့

ငိုတယ် …. အမေ အိမ်ပြန်ချင်တယ်။


ကျောင်းဝတ်စုံ အသစ်လေးနဲ့ပေမယ့် အမေ့သမီး မပျော်ခဲ့ဘူးနော်။ အမေ့ ထမီစကိုဆွဲရင်း မျက်ရည်တွေ၊ နှပ်တွေနဲ့ ဂျီကျနေတဲ့သမီးကို အမေက တတွတ် တွတ် ချော့နေခဲ့တယ်။ အမေ့သမီးလေး ပျော်သွားမှာပါတဲ့။ သူငယ်ချင်းအသစ်တွေ လည်း အများကြီးပဲရမှာတဲ့။ ဟုတ်လို့လား အမေ။ သူငယ်ချင်းအသစ်တွေလည်းရ မှာပဲ။ ဆရာမလေးနဲ့ စာတွေ သင်ရမှာပါပဲ။ ပြီးတော့ မုန့်တွေလည်း စားချင်စားရမှာပဲ။ ဒါပေမယ့် အမေ့နားမှာတော့ မနေရတော့ဘူး မဟုတ်လား။ သမီး အိမ်ပဲပြန်ချင်တယ် အမေ။ အမေ့လိုမျိုး သူတို့က သမီးကို ချော့မှာမို့လို့လား၊ သမီးအိပ်ချင်လာရင် ပုံပြော ပြမှာမို့လို့လား။ သမီးပူဆာတဲ့အခါ အမေဆိုပြသလို သူတို့က သမီးကို သီချင်းဆိုပြ မှာမို့လို့လား။ သူတို့နဲ့တော့ ဆော့တော့ ဆော့ရမှာပေါ့မေမေ။ အမေလုပ်ပေးသလို စက္ကူရုပ်လေးတွေ လုပ်ပေးပါ့မလား။ ဆရာမက သီချင်းဆိုပြချင် ဆိုပြမှာပေါ့။ အမေ့ လိုတော့ သမီးကို ပေါင်ပေါ်မှာ မတင်ထားဘူးမို့လား။ အမေ့ … အိမ်ပြန်ချင်တယ်။

ဝမ်းစာရှာ အစုစု
အမေနဲ့အတူ ပြုရင်း

နေပူရိပ် စပ်ခါး
မနားရသမျှ
ခဏခဏ ပူဆာ

အမေ … အိမ်ပြန်ချင်တယ်။


အမေ့ရင်ဘတ်နဲ့ထပ်တူကျနေတဲ့သမီးက အကြီးပီပီ အမေနဲ့တူတူ မိသားစု အတွက် အလုပ်လေးတွေလုပ်ရတဲ့ အခါ အလုပ်ခွင်က သမီးလို ကလေးလေးအတွက် ဘယ်လိုအေးချမ်းနိုင်ပါ့မလဲ။ အမေ့ကိုတော့ သမီးမစဉ်းစား တတ်ပေမယ့် သမီးက တော့ သိပ်မလုပ်ချင်ဘူးအမေ။ သမီးမဆော့ရတော့ဘူး။ နေလည်း ပူနေသေး တယ်။ ကျောင်းသွားချိန်ကိုလည်း အချိန်လုရသေးတယ်။ ဈေးတောင်းရွက်ရလို့ ခေါင်းက လည်း ပူပူထူထူကြီးဖြစ်နေပြီ။ ညနေတိုင်း ရေရောင်းရဖို့ ရေခပ်ရလွန်းလို့ လက်ဖဝါးမှာ လည်း ကျွဲပခုံးဆိုလား ဘုထနေတာပဲ။ ညပိုင်းတွေကျ လက်ဖက်ရည်ဆိုင်မှာ ပန်းကန် အငှားဆေးကူလုပ်ရဦး မယ်။ ဆေးတာ မစင်ရင် ပြောခံရသေးတယ်။ မနက်လည်း အ စောကြီးထပြီး အမေနဲ့တူတူ ဈေးရောင်းဖို့လုပ်ရေ တာ့ အိပ်ရေး လည်းမဝဘူးအမေ။ ဘာလို့ သမီးတို့လုပ်နေရတာလဲ။ အမေလုပ်နေလို့သာ လုပ်နေရပေမယ့် သမီးတော့ သိပ်မသိဘူးအမေ။ အမေတခုလုပ်တိုင်း ငါဝင်လုပ်ရင် အမေ သိပ်မလုပ်ရဘူးဆိုပြီးပဲ အမေလုပ်သမျှတွေ သမီး ဝိုင်းလုပ်ပေးနေတာပါ။ ဒီလိုချည်းတော့ နေပူထဲ ဘယ်နေချင် ပါ့မလဲ အမေရယ်။ အမေနဲ့တူတူနေရတဲ့ သမီးတို့အိမ်လေးမှာပဲ နေကြရင်ရော မရဘူး လား အမေ။ သမီး အလုပ်တွေနားပြီး အိမ်ပြန်ချင်တယ် အမေ။

ပြန်ချင်လျက် အပြန်ခက်ခဲ့တဲ့
ဒီအချိန် စိတ်ကူးလေး
ရိပ်ရိပ် လူး ထူးတဲ့ ဒီပင်လယ်ထဲ
တက်ကုန်နဲ့ ရွက်စုံဖွင့်
မာနခါးခါးတွေကို
မျက်ရည်နဲ့ ရောချ
ဩချ ရလောက်အောင်လည်း
အမေ့သမီး မောဟ များခဲ့ပါတယ်။


အမေ့နားမှာ ဒီလိုနေချင်နေခဲ့တဲ့သမီး အမေ့နားကနေ အဝေးကိုလာနေရ တယ်ေ နာ်။ ပြန်ချင် တယ် ပြန်မယ်စိတ်ကူးရင်းနဲ့ အမေ့ထံပါး အမှာစကားသာပါးရင်း သမီး ဒီပင်လယ်ထဲ ကူးခတ်နေခဲ့တာကြာေ ပါ့။ ဘဝဆိုတာကို တိုက်ပွဲတခုလို တက် အကုန်နဲ့ ရွက်တွေလည်းစုံနေအောင်ဖွင့်ရင်း သမီးတိုက်နေခဲ့တာ။ ငယ်ငယ်ကလိုတော့ ကိုယ့်ရဲ့အချိန်တွေအလုခံရတာကို ဝမ်းမနည်းနေဘူးပေါ့။ သမီးရဲ့မာနခါးခါးတွေက သမီးရဲ့ဝမ်းနည်းမှုကို အန်တုထားခဲ့တာပဲ။ တရိပ်ရိပ်တိုက်ခတ်နေတဲ့ ဘဝမုန်တိုင်း တွေကို သမီးကြုံခဲ့ရတာ နည်းတာမှမဟုတ်ဘဲ အမေရယ်။ အမေရှိတဲ့အိမ်လေးကို ငယ်ငယ်ကလိုမျိုး ပြည့်စုံတယ်မထင်ခဲ့တာ သမီးမှားသလား အမေ။ မိုးရွာရင် သံစုံတီး ဝိုင်းလို ကြားနေခဲ့ရတဲ့ မိုးယိုပေါက်တွေကို သမီးမုန်းတယ်။ ဝါးထရံတွေ တစချင်း ပဲ့ပဲ့နေလို့ အပေါက်တွေဖြစ်နေတာကို မုန်းတယ်။ နင်းလိုက်တိုင်း တကျွီကျွီမြည်တဲ့ ကြမ်းခင်းထိုးထိုးထောင်ထောင်ကို သမီးမုန်းတယ်။ အလုပ်လုပ်နေရင်း ထမင်းနပ်မှန် အောင်စားဖို့ မရှိနေတာကို မုန်းတယ်။ ကျောင်းသွားရင် ကျောင်းစရိတ်မလုံလောက် တာကို မုန်းတယ်။ လမ်းလျှောက် ရင်း ပြတ်ပြတ် သွားတတ်တဲ့ အမေ ပြန်ပြန်ချိတ်တွယ် ပေးထားတတ်တဲ့ ပလတ်စတစ်ကော်နဲ့ လုပ်ထား တဲ့ ကော်ဖိနပ် တဂွက်ဂွက်ကို မုန်း တယ်။ ဖိနပ်အသစ်ဆိုတာမျိုးက သမီးမှ သိပ်မဝတ်ခဲ့ရဘဲအမေ။ အဆုံးစွန် သမီး ကျောင်း မနေရတော့တာကို မုန်းတယ်။ အဲဒီအမုန်းတွေက သမီးကို မောဟတွေ ဖြစ် စေခဲ့တယ်ထင်ပါရဲ့။ မလုံခြုံဘူးလို့ ခံစားရတဲ့အိမ်ကလေးကို အမေ့အတွက် ပြန်ပြင် ပေးဖို့၊ ထမင်းစားချိန်အပြင် ကျန်အချိန်တွေမှာပါ အမေစားချင် တာကို စားနိုင်ဖို့၊ ညီမ လေး မောင်လေးတွေ ကျောင်းစရိတ်လောက်ဖို့၊ သမီးစီးခဲ့ရတဲ့ဖိနပ်မျိုး သူတို့ စီးရ မှာစိုး လို့၊ ပြီးတော့လေ အမေနဲ့တူတူ ညီမလေး မောင်လေး တို့ ပြည့်စုံပျော်ရွှင်ဖို့ ဆိုတဲ့ လောဘ တရားတွေနဲ့ သြချရလောက်အောင် သမီး မောဟများနေခဲ့တာပါမေမေ။

ခေါင်းမငုံ့စတမ်း အန်တု
ရန်ပြုစရာတွေကိုလည်း
မာန်မနုနေဘဲ ပြန်ရှုနေခဲ့ဖူးတယ်။


အမေ့သမီးက ငယ်ငယ်ကလိုတော့ သိပ်မငိုတတ်ခဲ့တော့ဘူးပေါ့အမေ။ ရေ ခြားမြေခြားမှာ ဘဝတွေ အဖုံဖုံကို ဆုံတွေ့ဖူးပြီးမှတော့ အမေ့သမီး မနုနွဲ့နေတော့တာ မထူးဆန်းလောက်တော့ပါ ဘူး။ ဖြတ်စားလတ်လျားေ တွ ပေါတဲ့နေရာမှာ နေနေရလို့ လည်း ကိုယ်တိုင်ဖြတ်စားမခံရအောင် ကာကွယ်၊ ဘဝတူတွေအတွက် အန်တု ရင်း အမေ့သမီးေ လ အရင်က အမေ့နားမှာတွယ်ကပ်ရင်း လူကြီးတွေဟောက်ရုံနဲ့တောင် မျက်ရည်ဝဲတတ်ခဲ့ တာ ကို အိပ်မက်တောင် ဖြစ်နေပါပြီအမေ။ ကိုယ်တိုင်ကြုံခဲ့ရဖူးတဲ့ ဘဝခါးသီးမှုတွေက သမီးကို သင်ပေးလိုက် တာပဲလား။ သေချာတာတော့ အမေ သင် ပေးခဲ့တာပါပဲ။ ဘဝမှာ ရိုးသားတာက တန်ဖိုးအရှိဆုံးဆိုတာ၊ ရှိသင့်တဲ့မာန ရှိနေဖို့ဆို တာ၊ သူတပါးအပေါ် အနိုင်ယူလိုစိတ်မထားဘဲ ကိုယ်တိုင်လည်း လွယ်လွယ်နဲ့ အရှုံးမ ပေးရဘူးဆိုတာ၊ ညီမျှတဲ့ စိတ်ထားကို၊ ပြီးတော့ ရိုးရာယဉ်ကျေးမှုကို၊ ဘာသာတရား ကိုင်းရှိုင်းမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်ဆိုတာတွေ အမေပဲ သင်ပေးခဲ့ တာတွေလေ။ အမေက တခြား အမေတွေလို ပါးစပ်ကမပြောတတ်ဘူး။ အမေ့အလုပ် တွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေကနေပဲ အမေ့ ကိုယ်ခွဲတခုဖြစ်တဲ့ သမီးက သိခဲ့ တတ်ခဲ့ရတာပါအမေ။

ပြန်ချင်လျှက် အပြန်ခက်နေတဲ့
အမေ့သမီးလေ…..
ဒီအချိန် အိမ်ကပြင်လေး
နေဝင်ရင် သာယာသံတေး
ကြားမယ်မထင်ဘဲ
နားလည်း မဆင်နိုင်တဲ့ ဒီအဝေးကနေ
အမေ ….. အိမ်ပြန်ချင်တယ်။


မျက်ရည်တွေ အိပ်မက်တွေကို ဥပေက္ခာပြုရင်း စမ်းတဝါးဝါးပေမယ့် အား တင်းလမ်းလျှောက်နေဆဲဖြစ်တဲ့ အမေ့သမီးလေ ပြန်ချင်လျက်နဲ့ အပြန်ခက်နေ တုန်း ပါပဲ။ အမေနဲ့တူတူ လျှောက်ခဲ့ရတဲ့ အိမ်ရှေ့ကလမ်းကို လွမ်းတယ်။ ညအိပ်ရင် အမေ့ ပေါင်ပေါ်မှေးလို့ အမေဆိုပြတဲ့ သီချင်းသံကို လွမ်းတယ်။ ညအိပ်တဲ့ အခါ ခြင်ထောင် မရှိဘဲ ဒီတိုင်းစီတန်းအိပ်နေတဲ့ မောင်နှမတွေရဲ့ ခေါင်းရင်းကနေ အမေ ယပ်ခတ်ပေး တတ် တာကိုလွမ်းတယ်။ မနက်မိုးလင်းတိုင်းမှာ အမေလုပ်ပေးတတ်တဲ့ ဆီမဆမ်းတဲ့ ပဲပြုတ်ထမင်းကြမ်းကို လွမ်း တယ်။ ကျောင်းသွားခါနီးတိုင်း ဖိနပ်ကို ပြန်ပြန်စစ်ပေးပြီး ပြတ်ခါနီးပြီဆို ပြန်ပြန်ချုပ်ပေးတတ်တဲ့ အမေ့လက်ရာဖိနပ်လေးကို လွမ်းတယ်။ အမေနဲ့တူတူရှိခဲ့တဲ့ သံစုံမြည်အိမ်ခေါင်မိုးလေးကို လွမ်းတယ်။ မနက် ဘုရားရှိခိုး တိုင်းမှာ အမေ့ကိုပါ ရည်မှန်းကန်တော့ပြီး ဒီအချိန်ဆို အမေဘာလုပ်နေပြီလဲ၊ ထပြီ လား၊ နေကောင်းရဲ့လား အဆင်ပြေမှာပါလို့ တွေးနေရင်းနဲ့လေ … ပြီးတော့လေ အမေ… အမေ့ကို အမေ့ကို အမေ့ကို လွမ်းတယ်။ သမီး အိမ်ပြန်ချင်တယ်အမေ။

● ● ●

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts