>Ashin Pinna Nanda – The Fools Choice

>

အကောင်းမကြိုက်ရင် လူမိုက်
အရှင်ပညာနန္ဒ
ဇွန် ၉၊ ၂၀၁၁
သုကရံ  သာဓုနံ သာဓု၊သာဓု ပါပေန ဒုဂတံ။
ပါပံ ပါပေန သုကရံ၊ ပါပ မရိယေဟိ ဒုဂတံ။ ။
ဂါထာလေးရဲ့ လိုရင်းအဓိပ္ပါယ်ကတော့ …
သူတော်ကောင်းဆိုတာ ကောင်းမှုပြုဘို့ ကောင်းတာတွေလုပ်ဘို့ လွယ်ကူပါတယ်။
လူကောင်းတွေကျတော့ မကောင်းမှုပြုလုပ်ဘို့ မကောင်းတာလုပ်ဘို့ ခက်ခဲတယ်တဲ့။
အဲ … လူမိုက်တွေကျတော့ မကောင်းမှုပြုဘို့  မကောင်းတာလုပ်ဘို့ လွယ်ကူပါတယ်တဲ့။
အတော်လေးကောင်းတဲ့အဆိုလေးပါ။
တိုက်တိုက်ဆိုင်ဆိုင် ဒီဂါထာလေးက ဗုဒဘာသာသမိုင်းမှာ ဘုရားကိုအံတုတဲ့ ဒေ၀ဒတ်ကို အကြောင်းပြုပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ အများသိကြတဲ့အတိုင်း ဒေ၀ဒတ်ဆိုတာ အဖျက်လုပ်ငန်းတွေလုပ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူပါ။ ခုတော့ ဒေ၀ဒတ်ထက် ဆိုးတဲ့  ဒေ၀ဒတ်တွေပေါ်လာလို့ ဒေ၀ဒတ်နာမည်တောင်အတော်လေး မှေးမှိန်တော့မဲ့သဘောရှိပါတယ်။

နေ့စဉ်သတင်းတွေမှာ ဗေဒါကျောင်းလို စေတနာ့ဝန်ထမ်းကျောင်းတွေ မဖွင့်ဘို့၊  အခမဲ့ဆေးခန်းတွေမဖွင့်ဘို့ ဒုက္ခရောက်နေသူတွေကို မကူညီဘို့ စစ်အာဏာပိုင်တွေ ဖိအားပေး ခြိမ်းခြောက်နေတာတွေကိုဖတ်နေရလို့ အဖျက်လုပ်ငန်းလုပ်တဲ့နေရာမှာတော့ အာဏာပိုင်တွေဟာ ဒေ၀ဒတ်ထက် လက်စောင်းထက်နေပါလားလို့ စဉ်းစားမိပါတယ်။
သူတပါးကောင်းတာလုပ်တာလဲ မကြိုက်။  ကိုယ်တိုင်လဲမလုပ်ဘဲ အနှောင့်အယှက်ပေးနေကြတာ အင်မတန်မှ ရှက်စရာကောင်းပါတယ်။  ဦးသိန်းစိန်အစိုးရအနေနဲ့  သူတပါးလုပ်တာမကြိုက်ရင် ကိုယ်တိုင်ကောင်းအောင် လုပ်ပြစေချင်ပါတယ်။
ကောင်းတာလုပ်ရင် လူတိုင်းက သဘောကျ ထောက်ခံလာမှာပါ။ ဗုဒဘာသာဝင်တွေဖြစ်ပြီး ဘာလို့များ စိတ်ကောင်းနှလုံးကောင်း မထားနိုင်ရတာလဲ။
တကယ်တော့ တိုင်းပြည်မှာကြုံတွေ့နေတဲ့ပြဿနာတွေဟာ စိတ်ကောင်းနှလုံးကောင်းနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ။ ခက်ခဲတဲ့ကိစ္စတွေ မဟုတ်ပါဘူ။း
တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေကြောင့် ပညာရေး ကျန်းမာရေး စတာတွေ အဘက်ဘက်က နိမ့်ကျနေတာတွေကိုလဲ အချိန်မှီပြုပြင်သင့်နေပါပြီ။ ၁၉၆၂ခုနှစ်ကစလို့ ပြန်ကြည့်ရင် နှစ်ပေါင်းငါးဆယ်နီးပါး စစ်အစိုးရအဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးနေတာတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အမြန်လုပ်ဆောင်ရမှာပါ။
စစ်အာဏာရှင်တွေမှာ ထားစရာနေရာမရှိလောက်အောင် ချမ်းသာနေပေမယ့် ပြည်သူလူထုအများစုကတော့ ဆင်းရဲမွဲတေမှုနဲ့ စားဝတ်နေရေးကြပ်တည်းမှု သံသရာထဲက ရုန်းမထွက်နိုင်သေးသလို ၀င်ငွေကနည်းပြီး အလုပ်အကိုင် ရှားပါးနေတာကြောင့် နေ့ဖို့ ညစာတောင် အနိုင်နိုင် ရှာဖွေစားသောက်နေရတာပါ။ အဲလိုဆင်းရဲသားကျောမွဲတွေ နေထိုင်မကောင်းတဲ့အခါ ငွေကြေးမတတ်နိုင်လို့ ဒုက္ခရောက်ရသူတွေ သေဆုံးရသူတွေဟာ မြန်မာပြည်မှာ ဒုနဲ့ ဒေးပါ။
လူထုရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စတာတွေကိုတော့ ဖြည့်ဆီးပေးခြင်းမရှိဘဲ သားစဉ်မြေးဆက် အာဏာသက်ရှည်ဘို့ အတွက်တော့ လူသတ်လက်နက်တွေဝယ်တဲ့နေရာမှာ အလွန်အကျွံသုံးစွဲထားတာပါ ။
စစ်အစိုးရရဲ့  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် တိုင်းပြည်မှာ ငွေကြေး ဘယ်လို သုံးစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး စစ်အစိုးရ ပြဌာန်းလိုက်တဲ့ နိုင်ငံ့ဘာ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ထဲမှာ ကာကွယ်ရေးစစ်အသုံးစရိတ်ကို ၂၅ ရာနှုန်းနီးပါး သုံးစွဲဖို့ သတ်မှတ်ထားပြီး၊ ကျန်မာရေးနဲ့ ပညာရေးကတွေမှာတော့ ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲဖို့ လျာထားကြောင်း ကြေငြာချက်ကိုကြည့်ရင် စစ်အစီုးရဟာလူထုအပေါ်ဘယ်လို သဘောထားတယ်ဆိုတာ သိသာပါတယ်။
ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အစိုးရအနေနဲ့ အလေးမထားခဲ့တာကြောင့် လူမှုဝန်ထမ်းစေတနာရှင်တွေက လူထုရဲ့လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အကူအညီတွေကို သူတို့တတ်နိုင်သမျှ ဆောင်ရွက်နေကြတာကို ၀မ်းမသာနိုင်ဘဲ အနှောင့်အယှက်ပေးနေတာတွေ ဖမ်းဆီးပြီးနှစ်ရှည်ထောင်ချနေတာတွေဟာ တကယ့်ကို မလုပ်သင့် မလုပ်ထိုက်တာတွေပါ။
ဒါ့ကြောင့် ဗုဒမြတ်စွာဘုရားရှင်က ဘေးအန္တရာယ်တွေဆိုတာ လူမိုက်တွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပြီး  ပညာရှိကြောင့်ဖြစ်တယ်ဆိုတာ မရှိပါဘူးလို့ ဟောတော်မူခဲ့ပါတယ်။
ခုလက်ရှိ စစ်အစိုးရအဆက်ဆက်ဟာ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေမလုပ်ဘဲ တိုင်းသူ ပြည်သား လူအများ ဆင်းရဲသည်ထက် ဆင်းရဲအောင် ကြောက်သည်ထက်ကြောက်အောင်လုပ်ပြီး အကြောက်တရားတွေနဲ့ အုပ်ချုပ်နေသရွေ ဘယ်တော့မှ တိုင်းပြည်အေးချမ်းသာယာလာမှာ မဟုတ်သလို မငြိမ်သက်မှု မကျေနပ်မှုတွေဟာလဲ ရှိနေအုံးမှာပါ။ တိုင်းပြည်နဲ့ လူထုအပေါ်မှာ အမြဲတမ်း မကောင်းကြံ၊ မကောင်းပြော၊ မကောင်းတာတွေလုပ်နေတာကိုကြည့်ရင် လူမိုက်လက္ခဏာ အပြည့်ရှိတယ်ဆိုတာကိုလည်း တွေ့ရမှာပါ။
ဒါ့ကြောင့်ထင်ပါရဲ့ ၅၅၀ဇာတ်တော်တခုထဲမှာ အကိတ္တိရှင်ရသေ့ကြီးက လူမိုက်ကို မမြင်ရ၊ မပေါင်းရလိုကြောင်း၊  လူမိုက်တွေနဲ့ စကားမပြောရလိုကြောင်း ဆုတောင်းထားတာကို တွေ့ရပါတယ်။ ဘာကြောင့် မမြင်လို၊ မတွေ့လိုပါသလဲလို့ သိကြားမင်းကမေးတော့ …
လူမိုက်ဆိုတာ နည်းလမ်းမကျတဲ့အကျင့်တွေကို နည်းမှန်လမ်းမှန်အဖြစ် ယူဆတတ်တယ်။ 
မလုပ်သင့်တာတွေကို လုပ်ဘို့ တိုက်တွန်းတတ်တယ်။
မကောင်းတဲ့နည်းလမ်းတွေဟာ သူ့အတွက် အကောင်းဖြစ်နေတယ်။
အကျိုးသင့်အကြောင်းသင့်ပြောရင် စိတ်ဆိုးတတ်တယ်။
လူ့ကျင့်ဝတ် ၀ိနည်းကို နားမလည်သူတွေဖြစ်ကြောင်း မိန့်ကြားထားတာကိုတွေ့ရလို့ စစ်အာရှင်တွေကိုများ တိုက်ရိုက်ပြောထားသလား ထင်ရအောင် တိုက်ဆိုင်နေတာကိုတွေ့ ရပါတယ်။
နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အများအကျိုးကိုဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေကို အားပေးပါ၊ ၀မ်းမြောက်ဝမ်းသာဖြစ်ပါ။ မနာလို ၀န်တိုစိတ်တွေကို ဖယ်ရှားပြီး ဗြဟ္မစိုရ်တရားတွေကို ပွားများစေချင်ပါတယ်။
အဲဒါကြောင့် စစ်အာဏာရှင်တွေအနေနဲ့၊ သူတို့ရဲ့ အပေါင်းအပါး နောက်လိုက်တွေ အနေနဲ့ အများအတွက်အကျိုးမရှိတဲ့ လူမိုက်လုပ်ရပ်တွေနဲ့ အပါယ်ငရဲရောက်မဲ့ မကောင်းမှု၊ အကုသိုလ်တွေကို  ရပ်တန်းက ရပ်ပြီး၊ လူသာဓုခေါ် နတ်သာဓုခေါ်မယ့် သူတော်ကောင်းအလုပ်တွေကို အမြန်လုပ်ဆောင်ဘို့ မေတ္တာတရားရှေ့ထားပြီး တိုက်တွန်းလိုက်ပါတယ်။ ။
(ဇွန် ၆၊ ၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts