>New Policy for Book Publication but still Restrictions Remain

>

မူဝါဒပြောင်းဟုဆိုသော်လည်း ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေ စိုးမိုးထားဆဲ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၉၊ ၂၀၁၁
စာပေစိစစ်ရေး မှယနေ့ကျင်းပသည့် စာပေစိစစ်ရေးဆိုင်ရာ မူဝါဒပြောင်းလဲမှုကို အသိပေးရှင်းလင်းသည့်ပွဲတွင် ဂျာနယ် နှင့် မဂ္ဂဇင်း ၁၇၈ စောင်အကျုံးဝင်သည့် တင်ပြီးမှ ထုတ်သည့်စနစ်အစား ထုတ်ပြီးမှ တင်သည့်စနစ်ဖြင့် ပြောင်းလဲခွင့်ပြုလိုက်သော်လည်း ၁၉၆၂ ခု တော်လှန်ရေးကောင်စီ အစိုးရက ရေးဆွဲပြဌါန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေမှာမူ အသက်ဝင်ဆဲဖြစ်သည်ကိုတွေ့ရသည်။
၁၉၆၂ ခုနှစ် တွင် ဦးနေ၀င်း ဦးဆောင်သည့်  တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးနောက် ပါလီမန်ခေတ်က ခွင့်ပြုခဲ့သည့် ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့်များ ရုပ်သိမ်းခံရပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေကြောင့် သတင်းစာများ၊ စာစောင်များနှင့် လုံးချင်း စာအုပ်များအားလုံး ထုတ်ဝေခြင်း မပြုမီ စာပေစိစစ်ရေး ဌာနသို့ ကြိုတင်တင်ပြရပြီး ထိုသို့တင်ပြခြင်း မပြုဘဲ ပုံနှိပ်ထုတ်ဝေခဲ့လျင် ထုတ်ဝေသူသာမက ပုံနှိပ်သူများပါ ဖမ်းဆီးပြီး Press Act ဟုခေါ်ဆိုသည့် အထက်ပါ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နည်းဥပဒေ ဖြင့် အပြစ်ပေးခဲ့သည်။
ထိုဥပဒေအရ အပြစ်ပေးသည်ပြစ်ဒဏ်မှာ မဆလခေတ်တွင် ထောင်ဒဏ် အများဆုံး ၃ လနှင့် ဒဏ်ငွေဖြစ်သော်လည်း န၀တ၊ နအဖ လက်ထက်တွင်မူ ထောင်ဒဏ် နှစ်နဲ့ချီအပြစ်ပေးခဲ့သည်။  ထိုဥပဒေကြောင့် ဆယ်စုနှစ်နှင့်ချီကာ လွတ်လပ်စွာထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု ၁၉၈၂ ခုနှစ်က ထိုဥပဒေဖြင့် အရေးယူခံခဲ့ရဖူးသူ တဦးကပြောသည်။
ယနေ့ သိမ်ဖြူလမ်း ပြန်ကြားရေး ၀န်ကြီးဌာန ရုံးတွင်ကျင်းပသည့် ရှင်းလင်းပွဲတွင် အမျိုးအစား ၅ မျိုးတွင် အကျုံးဝင်သည့် မဂ္ဂဇင်း၊ ဂျာနယ်၊ အထွေထွေစာမူများအား ရိုက်နှိပ်ခြင်းမပြုမီ ကြိုတင်တင်ပြရန် မလိုတော့ဘဲ ထုတ်ဝေဖြန့်ချိမည့်နေ့တွင် စာပေစိစစ်ရေးသို့ တင်ပြပြီး ဖြန့်ချိခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တို့ကအသိပေးခဲ့သည်။ အဆိုပါ ၅ မျိုးတွင် အကျုံးဝင်သည့် စာစောင် မဂ္ဂဇင်းနှင့် လုံးချင်းများအား လာမည့် သောကြာနေ့ ( ၁၀ ရက်နေ့) မှစတင် ကျင့်သုံးမည်ဟုလည်း ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ 
ယခု ထုတ်တင်စနစ်သစ်တွင် အကျုံးဝင်မည့် အမျိုးအစားများမှာ အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေးစာပေ၊ နည်းပညာ၊ အားကစား အကြောင်းအရာများဖြစ်ပြီး ထိုအကြောင်းအရာများတွင် အပတ်စဉ်ဂျာနယ် ၈၂ စောင်နှင့် မဂ္ဂဇင်း ၉၆ စောင် အကျုံးဝင်သည်ဟုလည်း သိရသည်။ အဆိုပါ အုပ်စုကို အုပ်စု ၁ ဟုခေါ်ဝေါ် သုံးစွဲပြီး ကျန် သတင်းဂျာနယ်၊ မဂ္ဂဇင်း နိုင်ငံရေး၊ စီးပွားရေး ၊သမိုင်းဆိုင်ရာ အစရှိသည့် အကြောင်းအရာများမှာမူ နကိုအတိုင်း ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ကြိုတင်တင်ပြဖို့ လိုအပ်နေဆဲ ဖြစ်သည်။ 

 

 (List of Magazines and Journals in Group 1)
အုပ်စု  ၁ မှ ဂျာနယ်မဂ္ဂဇင်း၊ လုံးချင်းစာအုပ်များနှင့် သက်ဆိုင်သည့် အမှုကိစ္စများ ပြဿနာများ ပေါ်ပေါက်လျင် ဖြေရှင်းရန် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်များနှင့် စာပေစိစစ်ရေးမှ ၀န်ထမ်းများပါဝင်သည့် ကော်မတီဖွဲ့စည်းပြီး အဆိုပါကော်မတီက ဖြေရှင်းဆုံးဖြတ်မည်ဟုလည်း ယနေ့ ထုတ်ပြန်သည့် ညွှန်ကြားချက်များတွင် ဖေါ်ပြထားသည်။
ယနေ့ ဖြန့်ဝေလိုက်သည့် စာပေစိစစ်ရေးနှင့် ပုံနှိပ်ထုတ်ဝေသူများ နှင့်သက်ဆိုင်သည့် မူဝါဒနှင့် ညွှန်ကြားချက်များတွင် အခြေခံဥပဒေ သစ် ပုဒ်မ ၃၅၄ (က) အရ နိုင်ငံသားများအားလုံး ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ပေးရမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။
သို့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သီးခြားထုတ်ပြန်သည့် ညွှန်ကြားချက် (၄၆) တွင်မူ ဒို့တာဝန် အရေး သုံးပါးအား ဆန့်ကျင်ထိပါးရေးသားခြင်း မပြုရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန့်ကျင်ရေးသားခြင်း မပြုရ အပါအ၀င် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့က ပြဌာန်းထားသော စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီဆိုသည့် ညွန်ကြားချက် ၁၂ ချက်ကို တိကျစွာလိုက်နာရန် ညွှန်ကြားချက်ဖြင့် ထိန်းချုပ်ထားရှိသည်ကို တွေ့ရသည်။
အစိုးရသစ် အာဏာလွှဲယူပြီး နှစ်လကျော်အကြာတွင် စာပေစိစစ်ရေး၏ မူဝါဒများ ပြောင်းလဲကျင့်သုံးမည်ဟု ထုတ်ပြန်ကြေညာသော်လည်း လူအများအဓိက စိတ်ဝင်စားသည့် သတင်းဂျာနယ်များအား တင်ပြခြင်းမပြုပဲ ထုတ်ဝေခွင့်  မပေးသေးသကဲ့သို့ လွတ်လပ်သည့် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ကိုလည်း ခွင့်ပြုခြင်း မရှိသေးပေ။
ယနေ့တွေ့ဆုံပွဲတွင် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုရန် ရှိမရှိ အမေးကို ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဖြေကြားရာတွင် ထိုကိစ္စမှာ ယခုကျင့်သုံးမည့် မူဝါဒသစ်၏ အောင်မြင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာနိုင်သလို ထိုကိစ္စရပ်များအား အမြဲတမ်း ပိတ်ဆို့ထား၍လည်း မရဟုပြောဆိုခဲ့သည်။်
မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ ၆ စောင်ရှိသော်လည်း အစိုးရပိုင်၊ စစ်တပ်ပိုင်နှင့် မြို့တော်စည်ပင်သာယာပိုင် သတင်းစာများသာဖြစ်ပြီး ပုဂ္ဂလိကပိုင် သတင်းဂျာနယ်များမှာ ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးအား ၃ရက်ခွဲပြီး တင်ပြရသဖြင့်  တပတ်တွင် တကြိမ်သာထုတ်ဝေနိုင်သည့် အနေအထားလည်းဖြစ်သည်ဟု သတင်းဂျာနယ် အယ်ဒီတာတဦးကပြောသည်။
ယနေ့လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ် အမျိုးအစားမှာ ၁၇၆ မျိုးဖြစ်ပြီး မဂ္ဂဇင်း အမျိုးအစားမှာ ၁၈၂ မျိုးဖြစ်သည်ဟု ယနေ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ချက်အရသိရှိရသည်။
(ပူးတွဲပါ ဓာတ်ပုံများ – အသစ်ထုတ်ပြန်သည့် ပြန်ကြားလွှာ စာအုပ်မှ စာမျက်နှာများ)
[ ထုတ်ပြန်ချက်စာအုပ်ကို သည်မှာ အပြည့်အစုံတင်ပြထားပါတယ် – ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts