>Phyu Phuy Thin – Contemporary politics from youth perspective (30)

>

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၀)
ဖြူဖြူသင်း
ဇွန် ၈၊ ၂၀၁၁
တလောတုန်းက နိုင်ငံရေးသမားဟောင်းများတဖြစ်လဲ စာရေးဆရာများ၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်များက လွှတ်တော်တွင်း နိုင်ငံရေး ဆိုတဲ့အသံတွေ အတော်လေးညံအောင် ပြောကြ ဆိုကြတာတွေ နားမဆန့်အောင် ကြားခဲ့ရသေးပါတယ်။ 
ခုထက်ထိတော့ မီဒီယာအမည်ခံ အစိုးရအလုပ်ကျွေးပြု စာစောင်တွေလောက်မှာသာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွေ့ကြုံတွေ၊ မေးမြန်းခန်းလောက်သာ ဖတ်ရပါသေးတယ်။ ဘာနဲ့အလားသဏ္ဍာန် တူသလဲဆိုတော့ ပေါ်ပြူလာဖြစ်လုဆဲ ပေါ်ပြူလာဖြစ်လောက်တယ် ဆိုတဲ့ တက်သစ်စ အဆိုတော်၊ သရုပ်ဆောင်တွေကို အင်တာဗျူးပေးတာမျိုး ဖြစ်နေတာတော့ ရင်မောစရာပါ။

“လွှတ်တော်နိုင်ငံရေးဆိုပြီး ဇွတ်ပြောနေကြတာပါဗျာ။ တရက်လား ကျနော်တို့ နေ့စဉ် မြင်နေရတာပဲလေ၊ ၁၅ မိနစ် လွှတ်တော်ခေါ်တယ်ဗျာ၊ ဘယ်လောက်များ ဟာသကြိုက်နေတဲ့ လူတွေလည်းတော့ မသိဘူး။ ၁၅ မိနစ်နဲ့ အပြီးသတ်လိုက်တဲ့ လွှတ်တော်မျိုးက ကျနော်တို့ တိုင်းပြည်က စတာပေါ့၊ အစကတည်းကကို လွှတ်တော် နာယကကြီး ဆိုတဲ့လူက ပြောထားသားလားဗျာ၊ ငြင်းခုန်နေတာနဲ့ အချိန်မကုန်နေနဲ့၊ ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့။ ကောင်းပါတယ်၊ တိုင်းပြည်ရေးရာ ၁၅ မိနစ်တာဆိုပြီးတော့ နိုင်ငံတကာကိုတောင် ဖြန့်သင့်တယ်။ ဒါမှ ဒီမိုကရေစီဆိုတာ လွှတ်တော် ကိုယ်စားလှယ် ၄၀၀ လောက် ၁၅ မိနစ်တွေ့ရတယ်ဆိုတာ သိသွားမှာပေါ့။ အတုယူမယ့် တိုင်းပြည်တွေကလည်း အတုယူနိုင်တာပေါ့။ 
နို့မို့အလကားနေ သမ္မတကိုလည်း စောဒကတက်၊ ဟိုစီမံကိန်းဆိုလည်း စောဒကတက်၊ နိုင်ငံခြားရေးရာလည်း စောဒကတက်ဆိုရင် မဖြစ်တော့ဘူးလေ။ ခုလို စီစီမံမံလုပ်ထားတာ ၄၅ မိနစ်လောက် ဆွေးနွေးရင် ဘယ်လောက် ကောင်းလေမလဲဗျာ။ ဒီမိုခရက် ဒီမိုခရက် ဆိုတဲ့ အထူးအဆန်း လူသားတွေလည်း ၁၅ မိနစ် ဒီမိုခရက် ဖြစ်ဖူးသွားတာပေါ့။ 
ဒီတိုင်းသွားရင် ဟာသစာရေးဆရာတို့၊ ဟာသရုပ်ရှင်ဆိုတာတွေ ပျောက်သွားနိုင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ည ၈ နာရီတိုင်ရင် ဝတ်ရုံကြီးတွေခြုံ ပေါင်ချိန်လိုပဲ တူတွေထုတူပါတယ်။ ဒီလူလည်း ရုပ်ရည်အားဖြင့်တော့ ကျန်တာကတော့ မြန်မာ့အသံက လူတယောက်က ဝင်ဝင်ပြောပေးလူတွေက မြန်မာပီပီပဲ ချိတ်လုံချည်တွေဝတ်၊ ခေါင်းပေါင်းတလူလူနဲ့ ကုန်းကုန်းကွကွကြီးတွေလုပ်ဆိုတော့ ကျနော်တို့ကတော့ သဘောကျတယ်။ ဗီစီဒီသရုပ်ဆောင်တွေ လိုပေါ့နော်၊ အဲ့လိုဆိုတော့ ကျနော်တို့အတွက် လမ်းခင်း တံတားဆောက်တာအပြင် လူပေါင်း ၄၀၀ ကျော်ဟာ ဗီစီဒီတွေ ပြပေးတော့ အရမ်းကျေးဇူးတင်တယ် ပြောရမှာပေါ့”
ဒါကတော့ စိတ်အချည်ပေါက်နေတဲ့ လူငယ်တယောက်က အပြင်းအထန် ဝေဖန်ပြသွားတာပါ။ တကယ်တမ်းတော့ ဒီလိုလွှတ်တော်နိုင်ငံရေး တွင်ကျယ်လာတာနဲ့အမျှ လူထုနိုင်ငံရေး ပျောက်သွားလေမလား ဆိုတဲ့ အာဏာရှင်တွေရဲ့ စိတ်မူမမှန်မှုကို လူထုက ကောင်းကောင်း သိနေပြီးသားပါ။ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း ဟီရိသြတပတရားကို ဆင်ခြင်သင့်နေပါပြီ။ ကိုယ်စားလှယ်တွေအနေနဲ့ မိမိကို ပြည်သူက ဘယ်လောက်ထိ ယုံကြည်တယ်၊ မဲ ဘယ်လောက်ပေးခဲ့တယ်ဆိုတာတောင် သိပါရဲ့လားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။
အမှန်ကို အမှန်အတိုင်းဝန်ခံရဲဖို့ လိုအပ်ပါတယ်။ ကိုယ်က မဲနိုင်ခဲ့တာလား၊ အာဏာရှင်အလိုကျ ဝင်ကပြ အသုံးတော်ခံရတာလား၊ အာဏာရှင်ခင်းကျင်းတဲ့ ဒီမိုကရေစီဇာတ်ပျက်ထဲမှာ လူရွှင်တော် ဝင်လုပ်နေရတာလားဆိုတာ ကိုယ့်ဖာသာ အသိဆုံးပါ။ ရွေးကောက်ပွဲကြိုကာလတွေမှာတုန်းက ပြောခဲ့တဲ့ ပြည်သူတွေရဲ့အသံကို လွှတ်တော်မှာ ဖွင့်ဟမယ်ဆိုတဲ့ အချင်းအရာတွေ ပြောခွင့်ရမရဆိုတာလည်း ဒီပုဂ္ဂိုလ်တွေက ပြည်သူလူထုထက် သိနေပြီးသားဖြစ်ပါတယ်။ 
အခု အမိန့်ပေးတာတွေ လိုက်လုပ်နေရသူ တပ်မတော်သားတွေကတောင် မိမိနဲ့မထိုက်တန်တဲ့ ရာထူးတွေပေးလို့ ငြင်းပယ်လိုက်တယ် ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီလုပ်ရပ်တွေ မှန်မမှန်လို့ ကျမအနေနဲ့ မပြောလိုပေမယ့် မိမိနဲ့ထိုက်တန်တယ်၊ မတန်ဘူးဆိုတာကို သိနေတာကိုက ဒီ တဦးတယောက်ချင်းစီမှာရှိနေတဲ့ အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်ပါတယ်။
ဒါကြောင့် အမိန့်တွေနဲ့သွားတာတွေကို ဥပဒေကြောင်းအရ ပြုပြင်ချင်ပါတယ်ဆိုတဲ့ လူတွေအနေနဲ့ ထပ်မံ စဉ်းစားစရာတွေဖြစ်နေပါပြီ။ တဆင့်ချင်းစီသွားမှ ဒီမိုကရေစီရမယ်ဆိုတဲ့ အိုင်ဒီယာမျိုးဟာ တိုင်းပြည်နဲ့ လူမျိုးကို စော်ကားတာလို့များ ဘာကြောင့် မစဉ်းစားကြလေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။ လွှတ်တော်နိုင်ငံရေး ဘယ်လောက် ရှင်သန်နေနေ လူထုအကျိုးမပြုနိုင်ရင်တော့ လွှတ်တော်ဆိုတာလည်း အလကားသက်သက်လို ဖြစ်နေမှာပါ။ 
ဒီလွှတ်တော်မှာ ဘယ်သူ့တင်ပြချက်တွေကို ထောက်ခံတယ်။ ဘယ်သူ့အဆိုပြုချက်ကတော့ ဘာဆိုတာမျိုးတွေကိုလည်း ခုထိ ထုတ်ဖော်မပြောနိုင်ကြသေးပါဘူး။ ကျမတို့ ဒီမိုကရေစီ လိုချင်တာပါ။ စကားလုံးတွေ လိုချင်နေတာ မဟုတ်ပါဘူး။ တရုတ်စကားပုံတခုရှိပါတယ်။ “မြင်သာတဲ့နေရာမှာ ဖွက်ပါ” ဆိုတဲ့ စကားရပ်လေးပါ။ ပြည်သူကို ကိုယ်စားပြုချင်း မပြုချင်းဆိုတာ အသားထားလိုက်လို့ လွှတ်တော်အစည်းအဝေး ကျင်းပနေတာတွေကိုတော့ နေ့စဉ်နီးပါး မြင်တွေ့နေရပါတယ်။
ဒီ လွှတ်တော်က ထင်သာမြင်သာရှိနေတဲ့နေရာ တခုပါ။ ဒီ ထင်သာမြင်သာနေရာမှာ ကျမတို့ လိုချင်နေတဲ့ ဒီမိုကရေစီဟာ မြေမြှုပ်ခံထားရသလို ဖြစ်နေတာပါ။ ဒါကြောင့် ကျမတို့ လူငယ်ထုတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ စစ်စစ်မှန်မှန် ဒီမိုကရေစီကို ဖော်ထုတ်ကြပါစို့လို့ ကျမ ဆန္ဒပြုလိုက်ရပါတယ်။
ကျမ မဖြူဖြူသင်းပါ။
(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
သရုပ်ဖော် ကောက်ကြောင်းပန်းချီ – မင်းကျော်ခိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts