မောင်ရင်ငတေ

Maung Yin Nga Tay – Articles

 ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
မေ ၁၆၊ ၂၀၁၃

● ရွှေပြည်တော်သို့ငွေပို့ကြမလား
 တလောက မောင်ရင်ငတေရဲ့ မိတ်ဆွေတယောက်နဲ့ ပတ်သက်ပြီး ဗမာပြည်ကို ငွေလွှဲဖို့အကြောင်း ပြောကြရင်း Western Union ရှိရာဆီသို့ ရောက်သွားခဲ့ပါတယ်၊ ဝက်စ်တမ်းယူနီယံနဲ့ ထိတွေ့ခဲ့တာ ဒီဥရောပကို စတင်ရောက်ရှိ ကတည်းကပါ၊ ဝက်စ်တမ်းယူနီယံအပြင် MoneyGram ဆိုတာလည်း ရောက်ဖူးပါတယ်၊ အရင်ရောက်ရှိဖူးတဲ့ အခါတွေကတော့ သိပ်ပြီးထူးထူးခြားခြား ပြောစရာမရှိပါဘူး၊ ခုတခါကတော့ နည်းနည်းထူးခြားတယ်လို့ ပြောရင်ရမှာပါ၊ အရင်အခါတွေကတော့ ပို့စရာရှိတာပို့ပြီး ဖုန်းဆက် ဂဏန်းဆယ်လုံးပြော ငွေထုပ်ခိုင်း ငွေရပြီးရင် ပြီးသွားတာပါဘဲ၊ ခုတခါကတော့ ကိုယ်ပို့ ချင်တဲ့သူရှိရာ ရွှေပြည်တော်ကို တိုက်ရိုက်ပထမဆုံးအကြိမ် ပို့ဖြစ်လို့ပါဘဲ၊ တခြားမိတ်ဆွေတွေ အသိတွေကတော့ သူတို့လည်း ပို့ပြီးကြကြောင်း ရောက်ကြောင်း စမ်းပို့ကြည့်ပါလားလို့ ပြောကြလို့ ပို့ဖြစ်လိုက်တာပါ၊ ငွေ ပို့တယ်ဆိုလို့ ငွေအားလုံးက မောင်ရင်ငတေရဲ့ငွေမဟုတ်ပါဘူး သူများငွေနဲ့ ကိုယ့်ငွေရာဂဏန်း ပေါင်းပို့ဖြစ်တာပါ၊ ဒီလိုရောပို့တော့ ပို့ခက ပိုသက်သာသွားတယ်လေ၊

ဝက်စ်တမ်းယူနီယံငွေလွှဲနှုန်း တယူရို တထောင့်တရာ့တဆယ့်ခြောက်ကျပ်

မောင်ရင်ငတေတို့ လွန်ခဲ့သောအနှစ် ၂၀ ကျော်ကာလကစပြီး နိုင်ငံခြားသားအလုပ်သမားရာထူးနဲ့ တရားဝင်ရောတရားမဝင်ပါ အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ပြီး ရွှေပြည်တော်ရှိ ရွှေမျိုးသားချင်းတွေရဲ့ အကြောင်းအမျိုးမျိုးနဲ့ လိုအပ်လာတဲ့ အိမ်အသုံးစရိတ်တွေအတွက် ငွေပို့ပေးခဲ့ရပါတယ်၊ အကြိမ် ပေါင်းမနည်းပါဘူး၊ ရွှေမျိုးသားချင်းတွေကလည်း ငွေမလိုဘူးဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး မဟုတ်ပါလား၊ ဖောင်းပွလာတဲ့ နေထိုင်စရိတ်တွေ ကုန်ပစ္စည်းဈေးနှုန်းတွေနဲ့အတူ ဖောင်းပွလာတဲ့ ငွေဈေးနှုန်းတွေကလည်း မယုံကြည်နိုင်စရာ ကိန်းဂဏန်းတွေပါ၊ အရင် နှစ်နှစ်ဆယ်က တဒေါ်လာ ဆယ်ဂဏန်းက အခုတော့ ထောင်ဂဏန်းသို့ အဆုံးစွန်အောင် ရောက်ခဲ့ပြီးပါပြီ၊
၁၉၈၀ ခုမတိုင်မီ ကာလများက မောင်ရင်ငတေ ကြားဖူးခဲ့တဲ့ ငွေဈေးနှုန်းဆိုတာက ဒေါ်လာဈေးနှုန်း မဟုတ်ပါဘူး၊ ဒေါ်လာဆိုတာက အဲဒီအချိန်က နိုင်ငံခြားသွား ပညာတော်သင်တွေရဲ့ အသိုင်းအဝန်း ရယ် ကြယ်ငါးပွင့် သင်္ဘောသားတချို့ရယ်နဲ့ အရမ်းကျဉ်းမြောင်းတဲ့ အနေအထားဘဲ ရှိပါသေးတယ်၊ ရွှေတိုင်းပြည်ရဲ့ အခြေအနေကလည်း နိုင်ငံခြားငွေနဲ့ နိုင်ငံခြားဆိုတာ ငါတို့နဲ့မဆိုင်သေးဘူး ပြောလို့ ရအောင် ရွှေရောင်ပြောင်နေသေးတာကိုး၊ ၁၉၈၈ ခုရောက်ခါနီးလာတော့ သင်္ဘောသားဆိုတာက အတော်ကို ခေတ်စားလာပါပြီ၊ အိမ်နားက ကြယ်ငါးပွင့်လိုင်းက အေဘီဆိုလား ဘိုဆင်ကြီးဆိုလား သူတို့မိသားစုတောင်မှ လူရာဝင်ပြီး ရပ်ကွက်ထဲမှာ အရေးတယူပြုလာကြတာကိုတော့ သတိထားမိ ခဲ့ရပါတယ်၊ အဲဒီသင်္ဘောသားကြီးက ရိုးရိုးသားသားပါ၊ ပြည်တွင်းရေကြောင်း သင်္ဘောသားကနေ ပင်လယ်ကူးသင်္ဘောသား ဖြစ်ခဲ့ပြီး နိုင်ငံတော်တော်များများရဲ့ ဆိပ်ကမ်းတွေကို ရောက်ခဲ့ဖူးသူပါ၊ သူ့ရဲ့အတွေ့အကြုံတွေ သူရောက်ခဲ့ဖူးတဲ့နေရာ ဒေသတွေအကြောင်း ပြောတာကို နားထောင်ရင်း မောင်ရင်ငတေလည်း နိုင်ငံခြားဆိုတာ ဟောလိဝုဒ်ရုပ်ရှင် ကားတွေထဲကလို သေနတ်သံတဒိုင်းဒိုင်း အပြင် အခြားစိတ်ဝင်စားဘွယ်ရာများကို ပိုသိရှိလာခဲ့ရပါတယ်၊ အဲဒီအချိန်ကစလို့ မောင်ရင်ငတေ တို့လို လူငယ်ခြေကျ ချာတိတ်ပေါက်စတွေဟာ ဒေါ်လာငွေဆိုတာအပြင် ဒေါ်လာထွက်ရှိရာနိုင်ငံ ဒေါ်လာအသုံးပြုရာဒေသတွေကို စိတ်ဝင်စားရုံမကဘဲ ကိုယ်တိုင်ကိုယ်ကျရောက်ဖူးချင် ထိတွေ့ချင် စိတ်တွေက တစတစ ပို၍ပို၍ များပြားပြီးလာကြပါတယ်၊ ရပ်ကွက်ထဲမှာတော့ ဒေါ်လာဈေးထက် ထိုင်းငွေဈေးကို ပိုပြီးကြားကြရတဲ့ ကာလဖြစ်မှာပါ၊ မှောင်ခိုပစ္စည်းတွေ အရမ်းခေတ်စားတဲ့ခေတ် မဟုတ်လား၊ စိန်ဂျွန်းဈေးတို့ လေဟာပြင်ဈေးတို့ရယ် ဗိုလ်ချုပ်ဈေးခေါ်တဲ့ စကော့ဈေးတို့ရယ်မှာ မိတ်အင်ထိုင်းလန်း မှောင်ခိုပစ္စည်းတွေကို သွားရောက်ငေးမောခဲ့ရတာကို ကောင်းကောင်းကြီး မှတ်မိပါသေးတယ်၊ ယူနန်မိတ် ချိုင်းနားမိတ်တွေ ရွှေပြည်တော်မှာ တိုးမပေါက်သေးတဲ့ အချိန်ပါ၊ ထိုင်းဘတ်ငွေ စဈေးကောင်းခဲ့တဲ့ အချိန်ပေါ့လေ၊ သုံးဘတ်ကိုတကျပ်ကနေ ဘတ်တိုက်ကျပ်တိုက် ဖြစ်သွားလို့ ညီးညူနေတဲ့ မောင်ရင်ငတေရဲ့ ဘကြီးတယောက် အသံကိုလည်း ပြန်လည်ကြား ယောင်မိပါသေးတယ်၊ ခုပေါက်နေတဲ့ ဘတ်ဈေး ကျပ်ဈေးကိုများ သေရွာကဘကြီး ကြားမိရင်တော့ ထများဆဲမလားဆိုတာကို တွေးမိရပါသေးတယ်၊
ဒေါ်လာထွက်ရှိရာ ဒေသတွေကို စိတ်ဝင်စားနေကြတဲ့ မောင်ရင်ငတေတို့လို ဘွဲ့ရရောဘွဲ့မရရော တရာ့ကိုးတွေတရာ့တဆယ်တွေဟာ ၁၉၈၈ ခုနှစ် ဆိုရှယ်လစ်လွန် ကာလများမှတော့ ပြည်တွင်းမှာ ဘာအလုပ်လုပ်စားရမလဲ မသိတော့တဲ့အပြင် စကားတောင်မှကျယ်ကျယ် မပြောရဲတဲ့ အချိန်ကာလ ဖြစ်လာနေတော့ ကိုယ်နဲ့နီးစပ်ရာ ပတ်သက်ရာပတ်သက်ကြောင်းတွေနဲ့ တောခိုဖို့ မြို့ခိုဖို့အတွက် အောက်လမ်းအထက်လမ်းများနဲ့ ရွှေပြည်တော်ကြီးကို စွန့်ခွာလာခဲ့ကြပါတော့တယ်၊ အဲဒီ သံသရာ အထဲမှာ တခြားသောသူ တချို့ကတော့ ကျွတ်တန်းဝင်သူများအဖြစ် ပြည်တော်ပြန်ဝင်သွားကြပေမဲ့ မောင်ရင်ငတေတို့လို သူတချို့ကတော့ ထူလို့လား အလို့ဘဲလား ညံ့လွန်းလိုလားတော့ မသိပါဘူး အခုထိတော့ လုံးခြာလိုက်နေဆဲ ရှိပါသေးတယ်၊

မူလပထမ ဝက်စ်တမ်းယူနီယံ သတင်းပို့သူများ ၁၉၁၁ ခုနှစ်

ငွေပို့ငွေလွှဲတဲ့အကြောင်း ရေးချင်တာကနေ လမ်းလွဲတော့မယ်၊ အဲဒီလို နိုင်ငံခြားတိုင်းပြည်ရောက် အလုပ်လုပ်ကြ ငွေတွေပို့ခဲ့ကြရာမှာ တခါဖူးမျှ တရားဝင်ဆိုပြီး မပို့ဖူးဘူးသူတွေ ၉၉ ရာခိုင်နှုန်းရှိမယ် ထင်ပါတယ်၊ ငွေပို့ချင်ရင် လူကြုံနဲ့သော်၎င်း (ဒါမျိုးကအရမ်းနည်းပါတယ်) တရားမဝင်ငွေလွှဲသူတွေ လို့ဘဲပြောလို့ရမဲ့ ငွေဟွန်တီသမားများကိုသာ အမြဲအားကိုးအားထားပြုခဲ့ကြရတာပါ၊ တရားဝင်လွှဲဖို့ ကလည်း အင်တာနေရှင်နယ် အသိအမှတ်ပြုတဲ့ ဘဏ်လုပ်ငန်းမှ မရှိတာမဟုတ်လား၊ တခြားသော နိုင်ငံသားတွေ အသီးသီး ငွေလွှဲကြတဲ့ အခါတိုင်းမှာ သူတို့လိုပို့ချင်ပေမဲ့ ပို့ရမဲ့လမ်းကြောင်းက မရှိလို့ တဆင့်ခံပြီး ပို့နေခဲ့ရတာပါ၊ ဥရောပနိုင်ငံကို ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်တော့ အာရှမှာလို ရွှေ တိုင်းပြည်ကြီးနဲ့ ဆက်စပ်ပြီး စီးပွားလုပ်ကိုင်သူ ရွှေလူမျိုးတွေကလည်းမရှိ ဆိုတော့ကာ ငွေပို့ချင်တဲ့ အခါတိုင်းမှာ ငွေဟွန်တီသမားတောင်မှ ပြင်သစ်ပြည်မှာမရှိလို့ ငွေပို့ဖို့အခက်အခဲကြုံတွေ့ရပါတယ်၊ ဝက်စ်တမ်းယူနီယံကို သွားပြီးစုံစမ်းကြည့်တော့ သူတို့ရဲ့ ကွန်ပြူတာ အင်တာနက် နိုင်ငံစာရင်းမှာ Birmanie ဆိုတာလည်းမရှိ Burma ဆိုလည်းမတွေ့ Myanmar ဆိုပြီးပြောပြန်ရင်လည်းမသိနဲ့ ဟိုး ပစိဖိတ်တို့ အတ္တလန်တစ်တို့ သမုဒ္ဒယာအလယ်က ကျွန်းပိစိလေးတွေနဲ့ မှားလိုမှားနဲ့ လူမသိသူမသိ ကိုယ်ပိုင်နိုင်ငံ ပျောက်ကွယ်နေသလိုပါဘဲ၊ အဲဒီတော့ကာ ငွေပို့ပေးချင်တဲ့အခါ ဝက်စ်တမ်းယူနီယံနဲ့ ငွေလွှဲဟွန်တီသမားများ နေထိုင်ကြရာ နိုင်ငံများဖြစ်တဲ့ ဂျပန်တို့ အမေရိကန်ပြည်တို့ စင်္ကာပူတို့ ဘန်ကောက်တို့ကို တဆင့်ခံပြီးမှ ပေးပို့ရတော့ ငွေလွှဲခတွေက နှစ်ခါပေးရတော့တာပါဘဲ၊

 နေရာတကာမှာ တွေ့မြင်နေရတဲ့ ဝက်စ်တမ်းယူနီယံ ငွေပို့ဋ္ဌာနများ
၁၈၅၁ ခုနှစ် အမေရိကန်ပြည်ထောင်စု Englewood, Colorado ဒေသမှာ  ကြေးနန်းပို့ဆောင်ရေး လုပ်ငန်းနဲ့ စတင်တည်ထောင်လုပ်ကိုင်လာတဲ့ ဒီ Western Union အမည်ရတဲ့ ဒီနာမည်ကိုတော့ ကနေ့ခေတ် ပင်လယ်ရပ်ခြားဒေသတွေမှာ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြတဲ့ မောင်ရင်ငတေတို့ လိုလူမျိုးတွေ မသိမဖြစ် ဆိုသလို သိရှိနေကြမှာပါ၊ မူရင်းလုပ်ငန်း ကြေးနန်းစာတွေ ပို့နေတာကနေ မန်နီအော်ဒါခေါ်တဲ့ ငွေလွှဲလုပ်ငန်းကို တဆတဆ တိုးချဲ့လုပ်ရင်း အခုခေတ်အခါမှာတော့ သူများ တိုင်းပြည်တွေမှာ အလုပ်သွားရောက် လုပ်ကိုင်နေသူ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက သူတွေရဲ့ အားပေးမှုများနဲ့ ဒီဝက်စ်တမ်းယူနီယံ လုပ်ငန်းကြီးက အတော်ကိုကြီးထွားလာခဲ့ပါပြီ၊ အင်တာနက် ခေတ်သစ်နဲ့အတူ တိုးချဲ့နေတဲ့ ဝက်စ်တမ်းယူနီယံအုပ်စုကြီးမှာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော် နိုင်ငံကြီးလည်း နောက်ဆုံးနေရာကနေ ပါဝင်လာပါပြီ၊ နှစ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ် နောက်က လိုက်ရနေခဲ့ရသလို ဒီထက်မက ရှေ့ရောက်ဖို့တော့ လိုအပ်နေပါသေးတယ်၊ အင်တာနက် အိုင်ဖုန်း အိုင်ပက် ခေတ်သစ်ကာလမှာလည်း ဝက်စ်တမ်းယူနီယံလည်း အမြဲတိုးချဲ့နေတာပါ၊ ခေတ်ကာလ တွေက ဘယ်လိုပင်ပြောင်းပြောင်း တနိုင်ငံကနေ တခြားတနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင် နေကြရသူတွေ အရေအတွက်က တိုးလာတာဘဲရှိပါတယ်၊ ဒါကြောင့် ဝက်စ်တမ်းယူနီယံကလည်း မတိုးချဲ့လိုမရဘူးလေ၊ မရှိမဖြစ်ဝက်စ်တမ်းပေါ့၊ အရင်အစဦး မောင်ရင်ငတေ ကြားဖူးခဲ့တာကတော့  ဝက်စ်တမ်းယူနီယံနဲ့ ငွေပို့ရင် ပေးပို့သူနဲ့ လက်ခံရယူသူ နှစ်ဦးအကြားမှာ ပေးပို့ရမဲ့ လျှို့ဝှက်ဂဏန်းဆယ်လုံးအပြင် ဘာအိုင်ဒီစာရွက်မှ မလိုအပ်ခဲ့ဘူး ဆိုတာပါဘဲ၊ ဒီနေ့ကာလမှာတော့ ပေးပို့သူရဲ့ အမည်ရယ် နိုင်ငံရယ် မှတ်ပုံတင်တခုရယ်နဲ့ ပို့ပေးလိုက်ပြီး လက်ခံရသူက သူကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်နဲ့ လျှို့ဝှက်ဂဏန်း ဆယ်လုံးကိုပြောပြီး ပို့လိုက်တဲ့ငွေကို ထုတ်ယူရုံပါဘဲ၊ အလွန်လွယ်ကူ လျှင်မြန်သော ငွေပို့နည်းပါ၊ ဘဏ်စာရင်းရှိစရာလည်း မလိုအပ်ပါဘူး၊ ဘဏ်စာရင်းတခုကနေတခု ပို့တဲ့နည်းထက် အများကြီးလွယ်ကူ လျှင်မြန်တာပါ၊ တခုဘဲရှိတာက ငွေပို့ခပါဘဲ၊ အကြမ်းအားဖြင့် ယူရိုတထောင်ပို့မယ်ဆိုရင် ပို့ခ ယူရို ၅၀ လောက်ပေးရပါမယ်၊ ငွေများများပို့ခဲ့ရင်တော့ ပို့ခနှုန်းက နည်းသွားမှာပါ၊ ငွေပို့ငွေယူများပြားတဲ့တိုင်းပြည် ဥပမာအနေနဲ့ တရုတ်ပြည်တို့ သီရိလင်္ကာတို့ အာဖရိကမြောက်ပိုင်းတိုင်းပြည်များ ပိုလန်ပြည်တို့လို နိုင်ငံမျိုးတွေကို ပြင်သစ်ပြည်ကနေ ပေးပို့မယ် ဆိုရင်တော့ အထူးစပယ်ရှယ် ပို့ခနှုန်းထားတွေနဲ့ သက်သာစွာပေးပို့နိုင်ပါတယ်၊ ပြင်သစ်ပြည်မှာ ရောက်ရှိနေထိုင်တဲ့ ရွှေပြည်တော်သား အရေအတွက်က အထူးနည်းပါးတာမို့ ပို့ခနှုန်းသက်သာဖို့ မမြင်မိပါဘူး၊ ပုံမှန်နှုန်းထားနဲ့သာ ပေးရဖို့များပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် အခုလို အဲဒီနည်းနဲ့ ပို့ပေး နိုင်တဲ့ နိုင်ငံများစာရင်းမှာ နောက်ဆုံးဘိတ်နေရာ နံပတ်နှစ်ရာမှာ ချိတ်ခဲ့ပေမဲ့ ရွှေပြည်တော်သို့ ပေးပို့နိုင်ပါပြီ၊ အင်တာနက်ခေတ် ဆက်သွယ်ရေး ဖွင့်ဖြိုးလာမှုရဲ့ ကောင်းမှုတခုပါ၊ အဲလိုမျိုးတွေရဲ့ အကျိုးကျေးဇူးကို နောက်ဆုံးကြမှ ခံစားခဲ့ရတဲ့ ရွှေပြည်တော်သားတွေအတွက် နစ်နာခဲ့ရတာတွေ ကတော့ အများကြီးရှိခဲ့ပါတယ်၊ ရွှေနိုင်ငံတော်အတွက်လည်း ဘာအခွန်အခမှ မရရှိခဲ့တဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံး ဒီအပြောင်းနဲ့အတူ ဆက်လက်ပြီး ပြောင်းနိုင်ပါစေလို့သာ မရဲတရဲ ဆုမွန်ကောင်း တောင်းလိုက်ပါပြီ၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts