>Than Soe Hlaing -Naypyidaw – the city of diserted streets with dusty buildings 3

>

နေပြည်တော် သို့မဟုတ် ဖုန်မြို့တော်နှင့် လူမရှိသည့် လမ်းမကြီးများ (၃)
သန်းစိုးလှိုင်၊
မေလ ၂၇ ၊ ၂၀၁၁

တောထဲမှ မြို့တော် နေပြည်တော်
ယခုနေပြည်တော်ဟု ခေါ်ဆိုနေကြသည့် တောင်ညိုသွားကားလမ်းနဘေးမှာ မြို့တည်ဖို့ ဘယ်သူရွေးခဲ့ပါသလဲ။ ရွေးချယ်ခဲ့သူမှာ ယခု အကျဉ်းစံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဖြစ်သည်ဟု နီးစပ်သူတချို့က ပြောသည်။
ထိုဒေသတွင် မြို့တည်ရန် ဆုံးဖြတ်ခြင်း မပြုမီ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ရဟတ်ယာဉ်ပေါ်မှလိုက်လံကြည့်ရှုပြီး ပရဆေးဥယျာဉ်ရှိရာ အနီး (ယခု ကြပ်ပြေး ရွာတ၀ိုက်)ကို ရွေးချယ်ခဲ့သည်ဟု အဆိုပါ သတင်းတွင် ဆိုသည်။
မည်သို့ပင် ဖြစ်စေ နအဖ အစိုးရရွေးချယ်လိုက်သည့် နေပြည်တော်မြို့ တည်ရာနေရာသည် ၁၉၅၀ ခုနှစ်များဆီက ဗကပ ဟုခေါ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ဌာနချုပ် စခန်းချခဲ့ရာ အစိုးရစစ်တပ်နှင့် တိုက်ပွဲများ တိုက်ခဲ့ရာနေရာလည်း ဖြစ်နေသည်။
ပျဉ်းမနားမြို့သည် မြန်မာပြည်မြေပုံ၏ အလယ်တည့်တည့်နေရာခန့်တွင် ရှိသည်။ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက်၏ ထက်ဝက်တွင်ကျနေသည့် သဘောဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်ဟောင်း တဦးကတော့ ပျဉ်းမနားဒေသကို မြန်မာနိုင်ငံ၏ နှလုံးသား ဟုတင်စား ခေါ်ဆိုသည်။
ဗိုလ်ချုပ်ခင်ညွန့် နေရာရွေးချယ်ခဲ့စဉ်က ထိုဒေသကို ကာကွယ်ရေး ၀န်ကြီးဌာနကိုသာ အခြေစိုက်ဖို့သာ ရည်ရွယ်ခဲ့ပြီး အရပ်ဘက် ရုံးဌာနများအနေဖြင့် ရန်ကုန်တွင်သာ အခြေစိုက်နေမည့် စဉ်းစားခဲ့သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ တချို့က ပြောဆိုသည်။
စစ်ဌာနချုပ်ကိုသာ ပျဉ်းမနားဒေသ၊ အရှေ့ရိုးမအနီး ပြောင်းရွှေ့ဖို့ စိတ်ကူးထားပြီး ပြောင်းခါနီးအချိန်တွင်မှ အရပ်ဘက်ဝန်ကြီးရုံးများကိုပါ နေပြည်တော်သို့ တပါတည်းခေါ်ရန် ဆုံးဖြတ်ခဲ့ဟန် တူသည်။ ထို့ကြောင့် ကြပ်ပြေးနေပြည်တော်ဘက်မှ ရုံးများ၊ ၀န်ထမ်းအိမ်ရာများကို အလျင်အမြန် လိုက်ဆောက်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ဝန်ထမ်းများပြောင်းခါစ နေစရာလုံလုံလောက်လောက် မရှိသေး။ ပျဉ်းမနားဒေသသည် အောက်မြန်မာပြည်၏ မိုးများသော၊ စွတ်စိုသော ရာသီဥတုမျိုး အဆုံးသတ်မြို့ ဖြစ်ပြီး ထိုမြို့ကို လွန်ပြီး အထက်သို့တက်သွားသည့်အခါ အညာဒေသတွင်ပေါက်ရောက်သည့် သစ်ပင်ဝါးပင်များကို တွေ့ရမည်ဖြစ်သည်။
 
(ဇီဝိတဒါနဆေးရုံ ဆောက်လက်စ မြင်ကွင်း)
ပျဉ်းမနားဒေသသည် အပူပိုင်း မိုးများသည့်ဒေသ ဖြစ်၍လည်း စိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေး သိပ္ပံ၊ သစ်တော သင်တန်းကျောင်းတို့ကို အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလက ဖွင့်လှစ်ရန် ရွေးချယ်ခဲ့သလို လွတ်လပ်ရေး မရမီ ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် ကွန်မြူနစ်ပါတီကလည်း ဗဟိုဌာနချုပ် စခန်းချရာဒေသ အဖြစ်ရွေးချယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
ထိုကာလတုန်းက ခင်ပွန်းဖြစ်သူက ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်သဖြင့် ပျဉ်းမနားမြို့မှ တောင်ညိုဒေသသို့ တောခိုရာ လိုက်ပါခဲ့ပြီး ဆယ်စုနှစ် တခုမျှ နေထိုင်ခဲ့သူ အမယ်အိုတဦးက ဟိုအချိန်က တိုက်ပွဲကြားထဲ ပါတီ နဲ့အတူ တိမ်းရရှောင်ရ၊ လိုက်ပါရခဲ့ရသည့် နေရာတွေသည် ယခု ၀န်ထမ်းအိမ်ယာတွေ တည်ဆောက်ထားသည့် နေရာများပင် ဖြစ်သည်ဟု ပြန်ပြောင်း ပြောပြသည်။ ထိုစဉ်က တောနက်ပြီး ပုန်းစရာ ခိုစရာများခဲ့သည်။ ယခုကာလ အနေအထားနှင့် ကွာခြားသည်ဟုလည်း ပြောသည်။
ပရွက်ဆိတ်များ ခြုံတောများနှင့် နေပြည်တော် ၀န်ထမ်းအိမ်ရာ
 ပျဉ်းမနားမှ တောင်ညိုကားလမ်းအတိုင်းလာမည် ဆိုလျင် သပြေကုန်းရွာကျော်ပါက လက်ဝဲဘက်တွင် ရောင်စုံတိုက်တွေကို စတင်မြင်ရမည် ဖြစ်သည်။
ထိုမြင်ကွင်းကား ၂၀၀၆ ခုနှစ်ကြပ်ပြေး နေပြည်တော် သို့ အစိုးရအဖွဲ့ပြောင်းပြီးမကြာမီပင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်ပြီး ယခုအခါမှာ တောင်ညိုသွားရာ ကားလမ်းတလျှောက် ဗူးကွဲရွာဘက်ဆီအထိ မြင်တွေ့နေရသည်။ ၀န်ထမ်းများ ပြောင်းလာခါစက ရေက မမှန်သေး၊ လျှပ်စစ်မီးတော့ ၂၄ နာရီရပြီဟု ထိုစဉ်က ပြောင်းရွှေ့ခဲ့ရသူတွေက ဆိုသည်။  အလျင်အမြန် တည်ဆောက်သည့် ၀န်ထမ်းအိမ်ရာများမှာ တတိုက်နှင့် တတိုက် လက်ရာမတူညီကြ။ အရွယ်အစားနှင့် ပုံသဏ္ဍန်သာတူညီပြီး အတွင်းအပြင်အဆင်တွေက ကန်ထရိုက်ရသည့် ကုမ္ပဏီအပေါ်မူတည်ပြီး ကွဲပြားသွားကြသည်။ ဆောက်ပြီး လပိုင်းနှစ်ပိုင်းမျှသာရှိစဉ် တံခါးရွက်ပြုတ်ထွက်သည့် အဖြစ်မျိုး သံမံတလင်း ကြမ်းပြင်ကို လှည်းလိုက်လျင် သဲတွေပါလာသည့် အဖြစ်မျိုးလည်း ကြုံကြရသည်ဟု ၀န်ထမ်းများက ပြောသည်။
(၀န်ထမ်းအိမ်ယာနဲ့ အရာရှိစီးကားများ) 
ဝန်ထမ်းအိမ်ရာတိုက်တွေမှာ ဂမူများ (ပတ်ဝန်းကျင်ထက် အနည်းငယ်မြင့်နေသည့် မြေ) ပေါ်မှာ ဆောက်ထားသဖြင့် ပတ်ဝန်းကျင်တွင် လျှိုများ ချောက်ကမ်းပါးများဖြင့် ၀န်းရံနေသည့် သဘောလည်း ဖြစ်သည်။ ဂမူများရဲ့ အပေါ်မျက်နှာပြင်ကို မြေညှိစက်ဖြင့် ညှိလိုက်ပြီး တိုက်ခန်းများ ဆောက်ထားခြင်းကြောင့်လည်း တိုက်တန်းများအကြား လမ်းသွယ်များ ဆက်သွယ်ရာလမ်းများမှာ အရပ်မျက်နှာ ထောင့်မကျပဲ သွားနေကျမဟုတ်သူများအဖို့ မျက်စေ့လည် လမ်းမှားစရာတွေချည်းဖြစ်သည်။
တနေရာနှင့် တနေရာ ဝေးကွာလှမ်းသည့် အဖြစ်က သာမန် ရာထူးအဆင့်ရှိ ၀န်ထမ်းများအဖို့ သွားရေးလာရေး ကုန်ကျစရိတ်ပိုစေသည်။ စက်ဘီးဖြင့် သွားလာ၍ မလွယ်ကူလောက်အောင် ဝေးကွာလှသည်။ ဈေးနှင့် အနီးဆုံး တိုက်ခန်းသည် ၁ မိုင်ဝန်းကျင်ကွာလှမ်းပြီး အဝေးဆုံး ၀န်ထမ်းအိမ်ရာများ ဆိုပါက ၂ မိုင် ၃ မိုင်မျှကွာလှမ်းသဖြင့် ကိုယ်ပိုင်ကား သို့မဟုတ် ဆိုင်ကယ် မရှိပါက မိမိ အစီအစဉ်ဖြင့် ဈေးဝယ်ထွက်ရန် မလွယ်ကူပေ။
ရုံးမှ ဖယ်ရီကိုစောင့်ပြီး ရုံးပြန်ချိန် ဖယ်ရီဖြင့် ကြိုသည့်အခါမျိုးမှာသာ ၀ယ်ကြရသည်။ အိမ်အနီးအနား ၀န်းကျင်တွင်တော့ ကော်ဖီမစ်လို၊ အခြားမုန့်ခြောက်လို ဆိုင်ငယ်များ၊ အချို့သောဝန်ထမ်း မိသားစုများက နေအိမ်တွင် ရောင်းချသည့် နေရာတွင် ၀ယ်ယူကြရသည်။
မန်နေဂျာအဆင့်၊ လက်ထောက်ညွှန်မှူးအဆင့် အရာရှိငယ်များနေထိုင်သည့် ၀န်ထမ်းအိမ်ရာများဘက်တွင်မူ ရုံးမှပေးထားသည့် မာဇဒါဂျစ်များ ရုံးကားများရပ်ထားသည်ကို တွေ့မြင်ရသည်။ သို့ပေမယ့် ဌာနမှရသည့် ခွဲတမ်းဓါတ်ဆီမှာ တနေရာနှင့် တနေရာဝေးကွာလှသည့် နေပြည်တော်တွင် ပိုပိုလျှံလျှံမရှိဟု စိုက်ပျိုးရေး ၀န်ထမ်းတဦးက ပြောသည်။
ဝန်ထမ်းတိုက်ခန်းများမှာ ပုံစံတူ ၄ ထပ်တိုက်များဖြစ်ပြီး အိမ်ခန်းတခန်းတွင် ဧည့်ခန်း၊ အိပ်ခန်း ၃ ခန်းနှင့် မီးဖိုချောင်ပါဝင်သည်။ သုံးရေတင်ဖို့ ကိုယ်ပိုင် ရေစုပ်မော်တာ တပ်ဆင်ထားသည်။ သုံးသည့်ရေမှာ ဆည်ရေဖြစ်သဖြင့် ပျဉ်းမနားမြို့မှ ရေတွင်းရေ၊ စက်ရေတွင်းရေများထက်တော့ သုံး၍ ကောင်းသည်။  အိမ်တိုင်း အိမ်တိုင်းလည်း Family Entertainment မှ ရုပ်သံကို ကေဘယ်ဖြင့် သွယ်တန်းထားပေးသည်။ အခြားမြို့များတွင် အခပေးကြည့်ရသည့် ချယ်နယ်များအား နေပြည်တော်ဝန်ထမ်းများအတွက် အခမဲ့ကြည့်ခွင့်ပြုထားသည်။ နေပြည်တော်ပြောင်းခါစ ဌာနဆိုင်ရာ ၀န်ထမ်းအများစုမှာ နေပြည်တော်သို့ လိုက်မပြောင်းလို၍ အလုပ်မှထွက်ကြလွန်းသည့် အချိန်ကတည်းက ၀န်ထမ်းများ လာချင်အောင် ဆွဲဆောင်မှုတခုအဖြစ် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
(မြို့မဈေးမြင်ကွင်း) 

အမှိုက်သိမ်းစနစ်မရှိသည့် နေပြည်တော်
နေပြည်တော် ၀န်ထမ်းအိမ်ရာများတွင် အမှိုက်သိမ်းစနစ်မရှိသည်မှာ တော်တော်ထူးဆန်းသည်။ မြို့ပြအိမ်ရာအဖြစ် မယူဆသည်လား၊ သို့မဟုတ် ကျယ်ပြန့်လွန်းသည့်အတွက် သိမ်းဆည်းရမှာ လက်ဝင်သည့်အတွက်ကြောင်းလား မသိ။ ၀န်ထမ်းအိမ်ခန်းတိုင်းက မိမိတို့တိုက်၏ နီးစပ်ရာ ချုံတောထဲ အမှိုက်တွေကို စွန့်ပြစ်ကြသည်။ ခြုံတောများထဲတွင် မီးဖိုချောင်သုံး အမှိုက်များ၊ ပလပ်စတစ်အိတ်များ၊ စားကြွင်းစားကျန်များဖြင့် ယင်တအုံအုံနှင့် ရှိသည်ကိုတွေ့ရသည်။
မြေညီထပ်တွင် နေသူများအဖို့ အဆိုပါ အမှိုက်ပုံများမှပေါက်ပွားသည့် ယင်ကောင်များ၏ ဒဏ်ကိုလည်း ခံကြရသည်။ ယင်ကောင်များဒဏ်ကိုသာ ခံကြရသည်မဟုတ် ၊ အခြားသော အင်းဆက်များဖြစ်သည့် ပရွက်၊ အင်းဆက်ပိုးကောင်အမျိုးမျိုး ဒဏ်ကိုလည်း ခံကြရသည်။ မြေညီထပ်များအဖို့ ပတ်ဝန်းကျင်ရှိ ခြုံများ တောများထဲပေါက်ပွားသည့် အင်းဆက်ပိုးကောင်းအမျိုးမျိုး ၀င်ရောက်လာသည်ကို ကြုံတွေ့ရသည်။
ညနေစောင်းသည်နှင့် ပြူတင်းပေါက်များကို ပိတ်ထားကြရသည်။ နို့မဟုတ်လျင် ခြင် များအုပ်လိုက်ဝင်ရောက်လာမည့် အန္တရာယ်နှင့် ကြုံရသည့် အတွက်ဖြစ်သည်။ အင်းဆက်ပိုးမွှားများ အဘယ်ကြောင့် ဒီလောက်ပေါသနည်းဟု မေးလျင် လူတွေက တောကြိုအုံကြား အိမ်ဆောက်ပြီးနေသည့် အတွက်ကြောင့်ဟုပင် ဖြေရမည် ထင်သည်။ ပတ်ဝန်းကျင်တွင် အင်းဆက်ပိုးမွှားတွေ နေထိုင်ကျက်စားရာ တောတောင်နှင့် သစ်ပင်တွေ ဒီအတိုင်းရှိနေပြီး လူနေအိမ်က ကျူးကျော်ဆောက်လုပ်ထားသည်က အကြောင်းရင်း ဖြစ်လိမ့်မည်။
ပြူတင်းပေါက်နှင့် ၀ါးတရိုက်မျှ သာသာကွာလှမ်းသည့် နေရာတွင် ၀ါးရုံများ၊ သစ်ပင်ခြုံနွယ်များဖြင့် ပိတ်နေသည်ကိုတွေ့ရမည် ဖြစ်သည်။ ၀ါးအသုံးလိုလျင်တော့ အိမ်ဘေးရှိ လျှိုထဲ ချောက်ထဲ ဆင်းခုတ်ရုံသာ။ ခြုံထဲ တောထဲမှ ပရစ်သံ၊ တခါတရံ မျောက်အော်သံများပင် ကြားရလေ့ရှိသည်။ တောကြက်တွေ ထပျံသွားတာ ရှဥ့်တွေ အစာရှာနေတာကိုလည်း နေ့စဉ်တွေ့မြင်ရလေ့ရှိသည်။
ဤသည်မှာ နေပြည်တော်ဝန်ထမ်း အိမ်ရာမှ မြင်တွေ့ရလေ့ရှိသည့် မြင်ကွင်းများပင်ဖြစ်သည်။
(ဆူပါမားကက်ကြီးများ)  
ဆူပါမားကက်ကြီးများနှင့် ဟိုတယ်ကြီးများ
နေပြည်တော်တွင် ရန်ကုန်မြို့မှ ဈေးဝယ်စင်တာအချို့က သူတို့၏ ဆိုင်ခွဲများကို သွားရောက်ဖွင့်လှစ်ကြရသည်။ နိုင်ငံအကြီးအကဲများ၏ မျက်နှာသာပေးမှုကိုရဖို့ အတွက် အရင်းအနှီးများပြီး ပြန်ဝင်မည့် ၀င်ငွေက တွက်ချေမကိုက်စေဦးတော့ နေပြည်တော်တွင်လည်း
ရင်းနှီးမြှုပ်နှံမှုလုပ်ကြရသည်။
ကက်ပီတယ် ဟိုင်ပါမတ် နှင့် အိုးရှင်း ရှော့ပင်းစင်တာကြီး နှစ်ခုမှာ ရန်ကုန်မှာရှိသည့် ရှော့ပင်စင်တာများထက် ပိုကြီးမားသည်။ သစ်ပင်ကြီးကြီးမားမားမရှိသည့် ကွင်းလယ်ခေါင်တွင်  လေးထောင့်ပုံ သေတ္တာကြီးများ ချထားသကဲ့သို့ရှိသည်။
ကက်ပီတယ်မတ်သို့ ရောက်သည့် နေ့က နေ့ခင်းနေပူကျဲကျဲတွင် တရုတ်နိုင်ငံသား လင်မယား နှစ်ယောက်ကားကိုယ်တိုင်မောင်းလာပြီး ဈေးလာဝယ်သည်ကို မြင်တွေ့ရသည်။ အသက်အရွယ် ၃၀ ကျော်သာရှိလိမ့်မည် ဖြစ်ပြီး မည်သည့် လုပ်ငန်းဖြင့် လာရောက်ကြသည်တော့ မသိရ။ လက်ရှိ ကာလမှာ ကျောက်မျက်ပြပွဲ ပြီးဆုံးပြီ ဖြစ်သဖြင့် ကျောက်မျက်လာဝယ်သည့် ကုန်သည်များတော့ ဟုတ်ဟန်မတူ။
(ကျောက်မျက်ပြတိုက်) 
အခြားသောမြင်ကွင်း တခုကတော့ ဟိုင်းလပ်စ် ဆာ့ဖ်ကားနှင့် စစ်အရာရှိ မိသားစုတွေ ဈေးလာဝယ်သည့်မြင်ကွင်း ဖြစ်သည်။ တောက်ပြောင်လျက်ရှိသည့် ဆာ့ဖ်ကားပေါ်မှ စစ်အရာရှိသားသမီး တွေဆင်းလာပြီး လိုက်ပို့သူက အမြောက်တပ် တံဆိပ်ပါသည့် ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်သည်။  အောက်ထပ်တွင် စားသောက်ကုန်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အအေးခံထားသည့် အသားငါးများ တဆိုင်လုံးပြည့်မျှ ခင်းထားသလို၊ အ၀တ်အထည် ဖက်ရှင်ဆိုင်များလည်း ရှိသည်။
အပေါ်နောက်တထပ်တွင် အ၀တ် အထည်ဖက်ရှင်ဆိုင်တွေ ရှိပြီး အပေါ်ဆုံးထပ်တွင် ကော်ဖီဆိုင်၊ ဂျပန်အစားအသောက် ကဲ့သို့သော လူလတ်တန်းလွှာများသာ စားနိုင်သည့် စားသောက်ဆိုင်များ တွေ့ရသည်။ နေ့ခင်း ချိန်မို့ လူရှင်းနေသည်။ ထိုဈေးဝယ်သူများထဲတွင် ဤနယ်ခံများထဲမှ ဖြစ်ဟန်တူသည့် အဖွားအိုနှင့်မြေးငယ်တွေကိုလည်း တွေ့ရသည်။ ကြီးမားသည့် ဈေးဝယ်စင်တာလိုမျိုးကိုလာကြည့် ဟန်တူသည်။ နေပူထဲမှလာပြီး ဆူပါမားကက်ထဲ ၀င်ကြည့်ကာ နောက်ဆုံး ရေသန့်ဗူးတဗူး ၂၀၀ ကျပ်ဖြင့်ဝယ်ကာ အ၀င်ဝဘေးတွင် ခဏထိုင်နားပြီး ရေခဲရေသောက်ကာ ချွေးသုတ်နေကြသည်ကို တွေ့ရသည်။
 အဆိုပါမြင်ကွင်းမှာ နေပြည်တော်၏ အလင်းနှင့် အမှောင် ခြားနားချက်များသည့် ပန်းချီကားတချပ်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ဈေးဝယ်စင်တာကြီးများ။ အထက်တန်းကျသည့် စားသောက်ဆိုင်များသည် နေပြည်တော် ဇာတိချက်မြှုပ်ဒေသခံများနှင့် မသက်ဆိုင်ပဲ စစ်အစိုးရ အဖွဲ့ဝင် အရာရှိများ၊ ၀န်ကြီး၊ ဒုဝန်ကြီးများနှင့် စစ်အစိုးရနှင့် အကျိုးတူလုပ်ကိုင်ကြသူ လုပ်ငန်းရှင်များ အတွက်သာဖြစ်သည့်ဆိုသည့် သဘောပင်။
လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင် ရောက်စဉ်က ဟိုတယ်ဇုန်တွင် ဟိုတယ် ၅ လုံး ၆ လုံးသာရှိခဲ့ပေမယ့် ယခုအခါမှာ ဟိုတယ်တွေ တန်းစီနေပြီ။ နောက်ထပ်လည်း ဆောက်လက်စတွေ ဆောက်ဖို့လျာထားသည့် မြေကွက်တွေ တတန်းကြီးတွေ့နေရသည်။ ကျောက်မျက်ပွဲက ဟိုတယ်လုပ်ငန်း အရှိန်ရလာအောင် လုပ်ဆောင်ပေးခဲ့သည့် သဘော။
၃ လတကြိမ် ကျောက်မျက်ကုန်သည် ၃ ၊ ၄ ထောင် ၁ပတ် ၁၀ ရက်လာတည်းခိုသည့်အတွက် ဟိုတယ်တွေ သူ့နဲ့ငါ အပြိုင်အဆိုင် ဆောက်လုပ်နေကြသည်။ ဟိုတယ်များ၏ ပတ်ဝန်းကျင်တွင်တော့ မြေညှိစက်ဖြင့် ထိုးထားသည့် မြေသားဝါ၀ါတွေ၊ အချို့နေရာမှာတော့ မြက်ခင်းတွေတွေ့ရလိမ့်မည်။
သို့သော် သစ်ပင်ကြီးကြီးမားမား အရိပ်ရသည့် အပင်တပင်တလေမှ မတွေ့ရ။ လေတိုက်သည့်အခါ ဖုန်တွေက မျက်စေ့တဆုံး လွင့်ပါသွားနေကြသည်။
လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင်က ဟိုတယ်ဇုန်ရှိရာ လမ်းတလျှောက်တွင် အခြားမည်သည့် အဆောက်အဦမှ မတွေ့ရပေ။ ယခုတော့ ဈေးဝယ်စင်တာကြီးတွေ၊ ကျောက်မျက် ပြတိုက်၊ ကျောက်စီမ်းဥယျာဉ်တွေ ဟိုတယ်တွေနှင့် စည်ကားသည့် လမ်းမကြီးတလမ်း အဖြစ်ပြောင်းလဲသွားသည်။ လမ်းလယ်တွင် အလှစိုက်အုန်းပင်တွေ၊ အက်ကြောင်းတွေပေါ်နေပြီဖြစ်သည့်  ကွန်ကရစ်လမ်းမကြီးကို ပြန်လည်ဖာထေးနေသည့် အလုပ်သမားတွေကိုလည်း မြင်တွေ့ရပေလိမ့်မည်။
  
(ဇိမ်ခံဟိုတယ်ကြီးတခု၏ အ၀င်ဝမြင်ကွင်း)
နေပြည်တော်မှ အပြန်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့ ထွက်သည့် လမ်းနဘေးတွင် လုံးချင်းအိမ်များ အပြိုင်းအရိုင်းဆောက်နေသည်ကို မြင်တွေ့ရသည်။ ၂ ထပ်တိုက်တွေ အရွယ်အစားအမျိုးမျိုး တန်းစီဆောက်လုပ် နေသည်ကိုတွေ့ရသည်။ ဘယ်သူတွေ ဆောက်တာလဲ ။ ရောင်းဖို့လား  အစိုးရချပေးသည့် မြေကွက်လားမေးကြည့်တော့ ကြံ့ဖွံ့ပါတီမှ လူကြီးများအတွက် လုံးချင်းအိမ်တွေဟု ဆိုသည်။ အချို့ ဌာနဆိုင်ရာ အရာရှိများလည်း ထိုအကွက်ထဲတွင် ၀ယ်ယူထားကြသည်ဟု သိရသည်။ အများစုကတော့ ကြံ့ဖွံ့ပါတီမှ လူကြီးအိမ်တွေဟု ဆိုသည်။
(နေပြည်တော်က လူနဲ့ကားကလွဲပြီး မြင်ရသည့် လမ်းမကြီးများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts