>Gyaw Dee’s Joke (4)

>

အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာ
ဂျော်ဒီး
မေ ၂၀၊ ၂၀၁၁
(စစ်အာဏာရှင် ခေတ်နှောင်း)
ဗုဒ္ဓံ … မြတ်စွာဘုရား ဆင်းတုများကို ဗိုက်ဖောက်၍ ဌာပနာ ယူပါ၏။
ဓမ္မံ … တရားတော်မြတ်ကို မထီမဲ့မြင် လုပ်ချင်ရာ လုပ်ပါ၏။
သံဃံ … သံဃာတော် အရှင်မြတ်များကို … သေနတ်နှင့်ပစ် … တုတ်နှင့်ရိုက် … လူဝတ်လဲကာ ထောင်ချပါ၏။
၁။ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ဘုရားသာသနာနှစ် ၂၅၀၀ လွန်လေပြီးရကား … ဤ … အဓမ္မ ကြပ်ပြေး နေပြည်တော်၌ … အဓမ္မရာဇာ ကြပ်ပြေးမင်းတြားကြီး … ငါ … ဖြစ်တော်မူလတ်၏ …။
၂။ ဤ … ငါ မင်းကြားကြီး၏ ဖေကြီးပေါက်ဖော် … ပထွေးတော် ကုလားနှင့် အဝေးအနီး တိုင်းပြည်ကြီးငယ် အသွယ်သွယ်မှ သားရေတမြားမြားကျရှာသော လောဘခေါင်အိုး မိတ်ဆိုး ဆွေညစ် သခင်သစ်တို့အား … တိုင်းပြည်တဝှမ်း မြေပေါ်မြေအောက် လှန်လှောက်တူးဆွရသမျှ သယံဇာတ အဝဝကို လည်းကောင်း …။ ပြည်သူပြည်သား နယ်ခြားမြို့စွန် … မြစ်မချောင်းသွယ် … ရွှံ့ဗွက် အိုင်ငယ် မကျန် ကျွန်သီးကျွန်ခိုင်အဖြစ် (ငါ့မယား … ငါ့သားသမီး … ငါ့ဥစ္စာ … မပါရွေ့) ကျီးထိုး လောက်စား ထားရာနေ စေရာသွားစေနိုင်ရန်လည်းကောင်း … ရက်ရက်ရောရော လှူတော်မူလတ်၏။
၃။ ဖေကြီးပေါက်ဖော် ပထွေးတော် ကုလား နှင့် လောဘခေါင်အိုး မိတ်ဆိုးဆွေညစ်များ ပြန်လည် ပေးသနားသော တံစိုးလက်ဆောင် အစုစုကို ငါ့အိတ်ထောင်တွင်း အပြည့်အတင်း ဖြည့်တင်းပြီးသကာလ … ကျန်ရာမျှဝေ … ငါ … ခိုင်းစေသမျှ စေသည့်ကျွန်၊ ထွန်သည့်နွားများ အရိုးအရင်းမျှ လျှက်ကြစေရန်လည်း ရက်ရက်ရောရော စွန့်ကြဲတော်မူလတ်၏ …။
၎။ ထိုထိုသော အလှူပေးရခြင်းအကျိုးငှာ တိုင်းသားပြည်သူ ငြူစူစိတ်ဝမ်း တစက်မျှ မလန်းရအောင် … ငါနှင့်မတူ ငါ့ရန်သူ မှတ် … သတ်ဖြတ်ညှဉ်းဆဲ ထောင်သွင်း အကျဉ်းချစေလျက် … လွတ်ရက်မရှိ … အနှစ် ၁၀၀ … ၅၀ တိုင် … သံတိုင် အချုပ် ခိုင်ခိုင်တုတ်ခဲ့သော … ငါ … လုပ်ခဲ့သမျှ အကုသိုလ် အဝဝထက် အဆ … ရာထောင်မက … ဝိဘာဂ ဝဋ်ကြွေးကို ဘတလုံးတဝတည်း ပြန်လည် ခံစားရပါစေသား …။ မြေတွင်း တူးမြောင်း … လိုဏ်ခေါင်းသွယ်သွယ် … ၌ … နှစ်ပေါင်း ကုဋေကုဋာ ပိတ်ဆို့ ခံနေရပါစေသား။
ထို … လိုဏ်ခေါင်းငရဲ … အနုမြူ မီးကျီးခဲတွင် ရဲရဲကင်ခံရသကဲ့သို့ တံကျင်လျှိုနေရသော ကာလ၌ … ငါ … သူတပါး အားပြုခဲ့သလို … ငါ့မိသားစုကို … စိတ်ကြေ ကိုယ်နွမ်း မပန်းစေလိုရွေ့ … ငါနှင့်အတူ … ငါ့အသက်နှင့်တူသော … မျက်စေ့ မျက်ဆန် … ဖြစ်တော်မူထသော … ငါ့မယား … ငါ့သမီး.. ရှုမငြီးသည့် … မျောက်ထီး မျောက်မ … ဘုစုခရု … မြေးတစုအပြင် … ငါစေ ခိုင်းသမျှ … မြေမကျအောင်… ဘောင်းတော်ညိတ် … စိတ်တော်သိ … တပည့်လက်ပါးစေ … ဝေလေလေတို့ …။ ကြီးကြီးငယ်ငယ် … ရွယ်ရွယ်လတ်လတ် … တယောက်မကျန် … ငါ၏ အဖို့ဘာဂ … အကုသိုလ်အဝဝကို … ငါနှင့်ထပ်တူ … ခပ်သိမ်းအတူ ရပါစေသတေး …။ အရေးအရာ … ယူပါစေသတေး …။
၅။ ငါ၏ … အမှုအကုသိုလ် အစုစုကြောင့် … ဤ … ဘဒ္ဒကမ္ဘာတွင် … ရှာကာမှရှား နိုင်ငံရေး အကျဉ်းသားများစွာ ပိုင်ဆိုင်ထသော … အာဆီယံ ဒုက္ခအိုးလေး … ဘဝမှ … ဥက္ကဋ္ဌဆိုးလေးဘဝအဖြစ် … သေမည့်နှစ်တွင် … ဖြစ်စေသတေး …။
စားရမှာလည်း … လူ့အခွင့်အရေး ချိုးဖောက်မှုတည်းသော သဲတရှပ်ရှပ် …။ ပစ်ရမှာလည်း … သဘာဝဓာတ်ငွေ့၊ ရွှေ ငွေ ကျောက်သံ … သယံဇာတ … တဝင်းဝင်း…။ လည်ပင်းတနင်နင် … သားရေ
တငင်ငင်နဲ့ စုံလုံးကန်း … ပါးစပ် ပိတ် … ဘာ … ယံ … ညာ … ယံ … အကာအရံ ပေးနေသော … အိမ်နီးချင်းဆိုး … သူခိုးဓားပြ … လောဘအိုး … အားလုံး … ငါနှင့်အတူ … ကမ္ဘာ့အလည် … မျက်နှာငယ် … တံတွေးခွက် ပက်လက် … ဖြစ်စေသတေး…။
၆။ ထိုသော … ကာလ … ထိုဘဝ၌ … အူကြောင်အူကြား ကိုယ့်ဘာသာစကားကိုမျှ … အဓိပ္ပာယ် နားမလည် … အမိန့်တော် ပေါက်ကရ … ထုတ်တတ်လှသော … “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ဘာမှန်း မသိရှာထသော ရူးပေါသွပ်နှမ်း … သမ္မတလူကြမ်းအဖွဲ့မှ အကန်းများနှင့် အဖူးရစေ …။
လိုဏ်ခေါင်းငရဲ .. အနုမြူ မီးကျီးထဲ … ၌ … ရဲရဲ ဖုတ်ကင် … တံကျင်လျှိုခံဘဝမှ … မလောက်လေး မလောက်စား … တစက္ကန့်မျှ လျှော့ပေါ့လေကြောင်း … မောင်းထု ကြော်ညာ … အုတ်အော်သောင်းတင်း … အရှက်ကင်းမဲ့ … လူပုံအလယ် … ငယ်ထိပ်ပေါ်… သေးနဲ့ပန်းပြသလို … အစော်အကား … မခံရပါလိုသတေး …။
ဤ … လိုဏ်ခေါင်းငရဲ … အနုမြူ မီးကျီးခဲထဲမှ တမိနစ် … တစက္ကန့်မျှ မဆိုထား … ဘဝအသင်္ချေ … သိန်းသန်းကုဋေ … ကုဋာ … လွတ်လမ်း မရလိုပါသတေး…။
(ကြပ်ပြေးနေပြည်တော်အနီး … ဥပ္ပါတသန္တိ စေတီတော် … တွင်း … အောက်ဘက် ငရဲပြည်သို့
မျက်နှာမူသော … အရပ်၌ … ရေးထိုးထားသော … အဓမ္မကြပ်ပြေး နေပြည်တော် အဓမ္မရာဇာ မင်းတြားကြီး ကြောက်စာ)
(တူးဖော်တွေ့ရှိသူ … ကြောက်စာဝန် … ဂျော်ဒီး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts