>Maung Swan Yi – Tin Moe and Boston

>

တင်မိုးနဲ့အတူ ဘော်စတွန်မြို့ကို အလည်ရောက်ခြင်း
မောင်စွမ်းရည်
မေ ၂၀၊ ၂၀၁၁


‘‘ဘော်စတွန်’’ တဲ့
အဖော်မွန်နဲ့ ရောက်ခဲ့ပြီ။
ငြိမ်းချမ်းသာယာ
ကမ္ဘာအနှံ့ ပညာဖြန့်ဝေ
‘‘ဟားဗဒ်’’ မြေမှာ
ရေအေး ငါကသောက်
ဆေးလိပ် သူကသောက်
ရေအေးသောက်သူ ရင်မအေး
ဆေးလိပ်သောက်သူ ရင်မပူ
ဟိုပူသည်ငေး၊ ဟိုတွေးသည်ရောက်
တထောက်တနား၊ အလွမ်းပွားရင်း
လွမ်းအားလျှံခဲ့
ကန်ဘောင်အင်းလျား ပွားစည်းကံ့ကော်
ရမ်းရော်မြည်တမ်း၊ ‘‘ဇဂျမ်းကန်မြဲ’’ *
ကန်ထဲကကြာ၊ ဝေဒနာတွေ
သည်မှာခွာချ၊ ထားခဲ့ကြစို့
စိမ်းမြမြရေ၊ ရစ်ခွေရွေ့ရွေ့
‘‘ချားမြစ်’’ ဆိုတဲ့ ဟိုတကွေ့မှာ
ချောင်းကိုခွာလို့ တိုးရှာတဲ့မြစ်
နေရာသစ်ရဲ့ ချောင်းမြစ်တရား
ခဏပွားရင်း တံတားမြစ်ကူး
သွားပြန်လူးလာ နေခြည်ရှာခဲ့
အေးရာရောက်တော့ အပူလို
ပူရာရောက်တော့ အအေးကြိုက်
လူ့အလို နတ်မလိုက်
နတ်အကြိုက်ကို လူမလို
ပူလိုပြန်တော့ အေး၊ အေးလိုပြန်တော့ ပူ
လူ့အလိုတွေ တလူလူ
ဆေးလိပ်ခိုးနဲ့ အတူတူ
မင်းနွေးပေမဲ့ ငါမပူ
မတူခြင်းက သဘာဝ
လူ့မောဟနဲ့ လူ့သောက
ဘော်စတွန်မှာ တရားရ၊ ရတဲ့တရာ တခဏ
နောက်ခြေတလှမ်း၊ တလှမ်းစ
‘‘ဂျမ်း’’ ** ကတပုဒ်၊ ‘‘စွမ်း’’ တပုဒ်
တပုဒ်တလွမ်း ကဗျာရ။
* ဇဂျမ်းကန်မြဲ – တင်မိုးတို့ရွာ
** ဂျမ်း – တင်မိုးရဲ့ အမည်ရင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts