Uncategorized

Ngar Nyi Ya Thar – Articles

အရက်အခြေပြု မုဒိမ်းမှုဝေဆာ ဘုန်းတော်ကြောင့်ပါ သမတရေ
ငါးညှီရသား
မေ ၂၀၊ ၂၀၁၃


ကျွန်ုပ်တို့ငါးမည်ရပြည်ရွှေဘိုတွင် အဲလေ ရောင်လို့ ငါးညှီရရွှေဘိုသူ၊ ရွှေဘိုသားတွေ အနံ့ဆိုးကြီးကို အလိုမတူဘဲ ရှူရှိုက်နေကြရသည်။
ယင်းအနံ့ဆိုးပြဿနာကို အာဏာပိုင်များရော၊ ဖွံ့ဖြိုးရေးဆိုပြီးဖွဲ့ထားသည့်အာဏာ့မပိုင်တပိုင်များရော မသိချင်ယောင်ဆောင်သည့်အကျင့်ပါလာသည့်အားလျော်စွာ၊ သိသော်လည်း မသိအောင် အမှောင်ချထားသည့်အားလျော်စွာ မသိကျိုးကျင်ပြုနေနေကြသည်။ မြို့ကတော့ မကျေနပ်မှုတွေ တရွရွထနေပေပြီ။
ယင်းအနံ့ဆိုးကြီး ဘယ်မျှဆိုးသနည်းဆိုလျှင် ညဖက် ညဖက် လေကောင်းလေသန့်လေးရှူချင်လို့များ၊ လမ်းမသလားလေနှင့်၊ သင့်နှာခေါင်းကို ငရုတ်ကျည်ပွေ့နှင့်ထောင်းသကဲ့သို့ စို့ကနဲဖြစ်သွားပေမည်။ ဤသည်ပင်လျှင် အနီးအပါးမဟုတ်ချေသေး၊ ခပ်ဝေးဝေးကသူ တွေသာရှိသေးသည်။
ယင်းသို့ တမြို့လုံးကို ဂရုမစိုက်၊ အနံ့မှိုင်းတိုက်နေသည်ကား ရွှေဘုရင်မအရက်ချက်စက်ရုံကြီးပေတည်း။
ယင်းကားအမျိုးအမည်မသိ အရက်ဆိုးများထုတ်လုပ်ရောင်းချရာ စက်ရုံတခုဖြစ်ပေတော့သတည်း။
ယင်းသည် မြို့တွင်းမှာ တာဝန်မဲ့စွာ၊ ဥပဒေမဲ့စွာ၊ လူ့အသိကင်းစွာတည်ထားခြင်းဖြစ်လေသည်။ အာဏာပိုင်များသည်လည်း တာဝန်မဲ့စွာ၊ ဥပဒေမဲ့စွာ၊ လူ့အသိကင်းစွာ လက်ခံထားလေသည်။ ယင်းစက်ရုံတည်ရှိရာ အမှတ်(၆)ရပ်ကွက်ဆိုလျှင် အနံ့ဆိုးကြီးကို နည်းအမျိုးမျိုးနှင့်ရှူရိုက်ရရုံသာမက စက်ရုံမှကျလာသည့်ပြာများကိုလည်း ခွဲတမ်းချ ယူကြရလေသေးသည်။ မည်သူမျှ ဇိမ်ကျကျနှင့် အိမ်ခါးပြင်တွင် နှပ်နေ၍မရ။ စိတ်အေးလက်အေး မစားသောက်ရ။ ပြာမှုန်အလွင့်၊ အထုံနှင့်ဟုဆိုရမလိုပင်။
ရေဆိုးထုတ်ခံရသည့်ရွာများဆိုသည်ကတော့ ဆိုးကျိုးပေါင်းသောင်းခြောက်ထောင်ခါးစည်း၊ ရင်စည်း၊ စိတ်ချုပ်တည်း၊ လူချုပ်တည်းခံနေကြရပေသည်။
ယင်းတို့ရပ်ရွာ၏ သာစွချောင်းမြောင်းများ တထောင်းထောင်းထကုန်ပြီ။ ကူးခတ်ဆော့ကစားသည့် ကလေးများမရှိတော့ပြီ။ ငါးများပေါလော၊ မြွေပေါလောနှင့်၊ ရွံ့တောငါးရှဥ့်၊ အဆိပ်သင့်ကြပြီ။
နွားသောက်ရေပျောက်၊ သုံးရေပျောက်ကြပြီ။ ဓာတုမကင်း၊ ရေအပင်းများကိုသောက်၍နေကြရသည်မှာ နှစ်ပေါင်း ၂၀ နီးနီးရှိချေပြီ။
ယင်းအရက်ချက်စက်ရုံမှထွက်သည့် ဘီအီးအမှုန့်ဆိုသည်များကို ဖျော်သောက်သည့်ကဇော်သမားများ ခြောက်လအကြာလောက်မှာ အသက်ပျောက်ကြတာကိုထောက်ရှုလျှင် ဓာတုအဆိပ်ပမာဏကို ရိပ်မိကြပေလိမ့်မည်။
ယင်းသို့ ပိုင်ရှင်ကိုယ်ကျိုးမှလွဲ၍ ဘယ်သူဘယ်ဝါမှ ကောင်းကျိုးမပြုလေသည့်၊ ကုန်ထုတ်စွမ်းအားများ သိမ်ဖျင်းနုံ့နဲ့သွားစေသည့်၊ မိသားစုပေါင်းများစွာ၊ မိခင်ပေါင်းများစွာ၊ အိမ်ရှင်မပေါင်းများစွာ အမြဲမပြတ် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေစေသည့်သေမင်းတမန်စက်ရုံကို ဘယ်မသမာသူ့ခွင့်ပြုချက်နှင့် မြို့ထဲ၊ အရပ်ထဲမှာလည်ပတ်နေသည်မသိရပေ။
ယခုအခါတွင် နိုင်ငံတော်ဆိုသဟာက အရက်ချက်စက်ရုံတစ်ရုံခွင့်ပြုလိုက်သည့်သတင်းတစ်ပုဒ်ကို စိတ်မချမ်းမြေ့ဖွယ်ရာ ဖတ်လိုက်ရပြန်ပေ သည်။
အော် ကျုပ်တို့တိုင်းပြည်မှာ အရပ်သမားကလွဲလို့ ဘာများထွန်းကားအုံးမှာပါလိမ့်။
အရက်ကိုအခြေပြုပြီး မုဒိမ်းမှုတွေလည်း ဝေဆာတော့မည်ပ။
တရက်တရက်လူသတ်မှုပေါင်း ရာချီရှိနေသည့်တိုင်းပြည်ဖြစ်နေသည်ကို မသိရှိကြလေရော့သလား။
မုဒိမ်းမှုတွေလည်း ပဒေသာပင်ပေါက်သလို ပေါက်နေသည်မှာ ဘုန်းတော်ကြောင့်ဟု ဆိုရလေမည်လား။ လူ့အဖွဲ့အစည်းတခုလုံး ဝရုန်းသုဉ်းကားဖြစ်နေသည်ကို မသိကြတော့ဘူးလား။ အာဏာရှိရင် သူဌေးပိုက်ဆံ ယူပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးခွင့်ရသလိုမျိုး ဘာ့ကြောင့်များပြုမှုနေကြတာပါလိမ့်။
ကျုပ်တို့သမတကြီးက ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကိုများ အိပ်မက်မက်ထားပါလိမ့်။ မသမာခွင့်တွေ၊ ယုတ်မာခွင့်တွေ၊ ပက်စက်ခွင့်တွေ ဘာ့လို့များ အလျှံပယ်ဖြစ်နေပါလိမ့်။
ဒီလိုတွေဖြစ်နေတာဟာ လူယုတ်မာတွေဘဲ ကြီးစိုးမင်းမူနေကြလို့လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts