U Win Tin

Question with U Win Tin – Thein Sein’s Way or High Way?

ဦးသိန်းစိန်ရဲ့ သွားရာလမ်း … တကြောင်းတည်းသော လမ်းတဲ့လား …

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ မေ ၂၀၊ ၂၀၁၃

လွန်ခဲ့တဲ့ စနေနေ့က အင်န်အယ်ဒီပါတီရဲ့ နာယက၊ အတိုက်အခံခေါင်းဆောင်၊ စာနယ်ဇင်းသမား၊ ဟံသာဝတီဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ပထမဦးဆုံးပြောဖြစ်တာက ဆရာရဲ့ ဒီလှိုင်းခေါင်းကြီးတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ဆက်ထားတဲ့အတွက် ပရိသတ်က အထူးအားပေးကြတဲ့အကြောင်း၊ မိုးမခစာမျက်နှာမှာလည်း ကူးယူတင်ဆက်ဖြစ်တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ ဆရာက အံ့သြပြီး “ဟုတ်လား၊ ကောင်းတာပေါ့ကွာ” လို့ ပြောပါတယ်။ သူကိုယ်တိုင်ကတော့ အင်တာနက်နဲ့ အမြဲထိတွေ့နေသူမဟုတ်တဲ့အတွက် ဆရာရဲ့ ပရိသတ်များ၊ သို့မဟုတ် စာနယ်ဇင်းသမားလူငယ်များကနေ ကူးယူပြီး တင်ဆက်နေတာဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီတပတ်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ …

လက်ရှိအခြေအနေမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းမှာ ပြည်တွင်း ပြည်ပက အစိုးရများ၊ အဖွဲ့အစည်းများ၊ အတိုက်အခံနိုင်ငံရေးသမားများ အင်အားစုများက ၀ိုင်းဝန်း ပတ်သက်ပြီး ၀င်ရောက် ဖော်ဆောင်နေကြတာကို မြင်တွေ့နေရပါတယ်။ ယခင်စစ်အစိုးရလက်ထက်အဆက်ဆက် ဖိနှိပ် ချုပ်ခြယ် ဖမ်းဆီး နှိပ်ကွပ်ခြင်းကို ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့ အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နဲ့ တကွသော ၈၈ မျိုးဆက် ခေါင်းဆောင်တွေ၊ ကိုဇာဂနာတို့ကဲ့သို့ စာပေ အနုပညာရှင်တွေအပါအ၀င်က ဦးသိန်းစိန်နဲ့တကွ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ စစ်ဗိုလ်ဟောင်းများနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တိုင်းပြည်အရေးကို ကြိုးပမ်းနေကြတာကို တွေ့နေရပါတယ်။ ၎င်းတို့ကဲ့သို့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ လေးစားယုံကြည်မှုကို ခံယူထားတဲ့ အတိုက်အခံနိုင်ငံရေးသမားများ အင်အားစုများသာမက အခြား လူတန်းစားအသီးသီး၊ ကဏ္ဍအသီးသီး၊ နေရာဌာနအသီးသီးက ပြည်တွင်း ပြည်ပက လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များကလည်း အဆိုပါ ဦးသိန်းစိန်တို့ရဲ့ လမ်းကြောင်းမှာ တက်ကြွစွာ ၀င်ရောက် ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် မေးခွန်းကတော့ ဦးသိန်းစိန်ရဲ့သွားရာလမ်းက မြန်မာပြည်သူလူထုနဲ့ ဒီမိုကရေစီအတွက် ဖြောင့်ဖြူးသာယာတဲ့ လမ်းဖြစ်နေပြီလား ဆိုတာပဲ ဖြစ်ပါတယ်။

ဆရာက ဖြေကြားရာမှာ …

ခုချိန်မှာ လက်ရှိအစိုးရခင်းနေတဲ့လမ်းပေါ့ကွာ၊ သူတို့ဖော်နေတဲ့ ပုံရိပ်တွေ ဘာတွေလဲလို့ ကြည့်လိုက်ရင် … အပြောင်းအလဲတွေ လုပ်နေတယ်။ ဒီမိုကရေစီရေးတွေလုပ်နေတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်နေတယ်ဆိုတဲ့ လမ်းကြောင်း။ အဲသည်မှာ ဘာသွားတွေ့လဲဆိုတော့ တလောက ဒီဗီဘီသတင်းထောက်လဲလုပ်ခဲ့တဲ့၊ အရင်အေဘီအက်စ်ဒီအက်ဖ်ရဲဘော်တယောက်ဖြစ်ခဲ့တဲ့ ကိုထက်အောင်ကျော်ဆိုတဲ့သူ ဗမာပြည်ပြန်လာပြီး စာအုပ်တွေ ဘာတွေ ထုတ်တယ်။ အင်တာဗျုးတွေ ဘာတွေမှာလည်း ပြောတာ ဆိုတာတွေလုပ်တယ်။ အဲသည်မှာ သူ့ကို မေးမှာပေါ့ကွာ၊ လက်ရှိတိုင်းပြည်အခြေအနေအကြောင်း သဘောထားတွေ ဖြစ်မှာပေါ့။ အဲသည်မှာ သူ ဖြေတာကို ကျနော် ဘယ်လိုကြားခဲ့ရသလဲ ဆိုတော့ အခုလက်ရှိမှာတဲ့ ဦးသိန်းစိန်တို့ ခင်းတဲ့လမ်းက ဖြုးနေသလို ဖြစ်နေတယ် တဲ့။ အဲဒီလမ်းကြောင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်တို့သာမက အခြားနိုင်ငံရေးအင်အားတွေ၊ လူပေါင်းများစွာ၊ အဖွဲ့အစည်းပေါင်းများစွာက လျောက်နေကြတာတော့ ကျနော်ကိုယ်တိုင်ကတော့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတယ်။ ဘယ်လမ်းကြောင်းကို လျောက်ရမှန်းတောင် မသိဘူးဖြစ်နေတယ်။ ကျနော်ကတော့ မြန်မာပြည်လာပြီး လေ့လာတာပဲလို့ ဖြေသွားတယ်။

အဲသည်လို အခြေအနေမျိုးတွေ မြန်မာပြည်မှာ ဖြစ်နေတော့ … ဦးသိန်းစိန်ရဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင် ဖြူးနေတယ်ပေါ့ကွာ။ ငြိမ်းချမ်းရေးတို့၊ စီးပွားရေးတို့၊ လူမှုရေးတို့၊ ဒီမိုကရေစီဖော်ဆောင်ရေးတို့ စတဲ့အပိုင်းတွေကို ဖော်ဆောင်နေတဲ့ဆီမှာ အကူအညီတွေ ရတယ်။ ပြည်ပက အစိုးရ အဖွဲ့အစည်းတွေကလည်း ထောက်ခံတယ်။ ခုနင်ကလို ဒေါ်အောင်ဆန်းစုကြည်တို့လို့ ပြည်သူလူထု ထောက်ခံအားကိုးတဲ့ အတိုက်အခံတွေကလည်း လက်ရှိအစိုးရနဲ့အတူတူ ဒီလမ်းကို လျောက်မယ့်ပုံစံမျိုး သတင်းတွေက ဖြစ်နေ၊ မြင်နေရတော့ ခုနင်ကလိုမျိုး လူတွေက ဖြူးနေတယ်ဆိုပြီးတော့ တော်တော်များများက လျောက်လာကြတယ်။ ဘေးကလူတွေ အတော်များများကလည်း ဒီလမ်းကပဲ လျောက်စရာရှိတော့တယ်၊ ဒီလမ်းကပဲ သွားစရာပဲ ရှိတော့တယ်ဆိုပြီးတော့ ပြောဆိုကြတာမျိုး ဖြစ်လာတာပေါ့။

ဒါပေမယ့် ကျနော့်အနေနဲ့ ပြောချင်တာကတော့ လူတွေအတော်များများက ဒီလမ်းတလမ်းပဲ ရှိတော့တယ်လို့ ဆိုနေကြပေမယ့်၊ အခြားလမ်းတလမ်းက ရှိနေသေးတယ်။ အခြားလမ်းတလမ်းကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ဖုန်တသောသောနဲ့ သာသာယာယာတော့ မဟုတ်ဘူး။ အဲသည်လမ်းမှာ မြန်မာပြည်မှာ စီးပွားရေးအရ စားဝတ်နေရေးအရ အဆင်မပြေတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ အလုပ်ပြုတ်နေတဲ့သူတွေ၊ မြေယာတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့သူတွေ၊ ခရိုနီတွေ စစ်အာဏာရှင်ဟောင်းတွေ၊ အာဏာပိုင်အသိုင်းအ၀ိုင်းတွေကြောင့် လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ လူတွေ ရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ လွတ်မြောက်လာပြီဆိုပြီးတော့ အချိန်မရွေး ထောင်ထဲ ဆွဲသွင်းမယ်ဆိုတဲ့ နှောင်ကြိုးတွေနဲ့ လူတွေ ရှိနေတယ်။ အိုးမဲ့ အိမ်မဲ့ သားတကွဲ၊ မိတကွဲ စစ်ပြေး စစ်ရှောင် တိုင်းရင်းသားမိသားစုတွေ ရှိနေတယ်။ အဲသည်လို ပြည်သူလူထုတွေနဲ့ လျောက်လှမ်းနေရတဲ့ လမ်းတလမ်းဆိုတာလည်း ရှိနေတယ်။

အဲသည်အတွက် ဥပမာတခုတပ်ပြောရရင် တလောက ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတခုကနေပြီးတော့ သူတို့နယ်မြေမှာ လယ်မြေတွေ၊ မြေယာတွေ သိမ်းယူတာတွေ ဘာတွေ လုပ်တယ်။ အဲသည်အတွက် လူထုကနေ ကန့်ကွက်တယ်။ ပြန်လည် တောင်းဆိုတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီနဲ့ အခြားနိုင်ငံရေးအစုအဖွဲ့တွေက ရပ်တည်ပြီး ပြောကြဆိုကြတယ်။ အဲသည်အခါကျတော့ အဲသည်ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းကနေပြီးတော့ အဲသည်ဒေသက အင်န်အယ်ဒီပါတီရုံး လာဝိုင်းတာတွေလုပ်တယ်လို့ ကြားရတယ်။ သတင်းတွေမှာ ပါလာတယ်။ သည်တော့ မြန်မာပြည်မှာ ဒီလိုအဖြစ်တွေ ရှိနေတယ်။ ဒီတော့ ခုနင်က လူတွေပြောနေကြသလို ဦးသိန်းစိန်လမ်းကြီး ဖြူးနေတယ်ဆိုတာထက် မဖြူးတဲ့ လမ်းတွေ၊ မဖြူးတဲ့ အဖြစ်အပျက်တွေ ရှိနေတယ်။ မဖြူးတဲ့လမ်းဆိုတာဟာ ပြည်သူလူထုအတွက် လုံခြုံရေးအရကော၊ ငြိမ်းချမ်းရေးအရကော၊ လူ့အခွင့်အရေးကကော အကြပ်အတည်းတွေကို ရင်ဆိုင်ပြီး ဖြတ်သန်းနေရတဲ့ လမ်းဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်အတွက် စဉ်းစားဖို့ကောင်းတာက ပြည်တွင်းကလူတွေကော၊ ပြည်ပက လူတွေကော၊ ကမ္ဘာနိုင်ငံကြီးတွေကကော စဉ်းစားပြီး လုပ်ဆောင်သင့်တာကတော့ ဦးသိန်းစိန်တို့ကနေပြီး ၀ါဒဖြန့်နေသလိုပဲ တိုင်းပြည်က ဖြစ်နေတာမျိုး မဟုတ်ဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ ဦးသိန်းစိန်အစိုးရသည်ပင်လျင် ဒါတွေကို ပြေလည်အောင် ဖြေရှင်းနိုင်တာ မဟုတ်ဘူး။ ပြီးပြတ်အောင် ဖြေရှင်းနိုင်တာမဟုတ်ဘူး။ သူတို့ဝါဒဖြန့်တာတွေပဲ များနေတယ်။ ငြိမ်းချမ်းရေး အမှန်တကယ်ဖော်ဆောင်နေတာထက် ကချင်ပြည်နယ်တင်သာမကဘူး၊ ရှမ်းပြည်နယ်မှာကော အခြားပြည်နယ်တွေမှာပါ ပဋိပက္ခတွေ ဖြစ်ပွားလာနေတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးဒဏ်ကို ကာကွယ်ဖို့၊ ကယ်ဆယ်ရေး ပြင်ဆင်ရေး ပြန်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်ဖို့မှာတောင် အတားအဆီးတွေ အကန့်အသတ်တွေ ရှိနေတယ်။ အဲသည်လို ပြသနာတွေ၊ အခက်အခဲတွေ အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ လမ်းတလမ်းပဲရှိတယ်။ အဲသည်လမ်းကပဲ ဖြူးနေတာ ရှိတယ် ဆိုတာကတော့ မဟုတ်ဘူး။ အဲသည်လမ်းကိုယ်တိုင်လို့ပဲ ပြောချင်ပြော၊ အခြားလမ်းလို့ပဲ ဆိုချင်ဆို အခက်အခဲ အတားအဆီးတွေ အများကြီးနဲ့ လမ်းရှိနေသေးတယ်။ အဲသည်မှာ ပြည်သူလူထုတွေ ဖြတ်နေရတဲ့လမ်း၊ အတိုက်အခံတွေ ဖြတ်နေရတဲ့လမ်း၊ အဲသည်လမ်းက အခြေအနေနဲ့ အင်အားစုတွေကို ထည့်သွင်း စဉ်းစားပါ။ သူတို့အတွက် ရပ်တည်ပေးဖို့၊ တောင်းဆိုပေးဖို့ လုပ်စရာတွေ ရှိနေတယ်ဆိုတာကို စဉ်းစားကြပါ။

အဲသည်လိုမျိုး ပြောချင်တယ်။ အဲသည်စကားကို ပြည်တွင်းကသူတွေသာမက ပြည်ပက မြန်မာအင်အားစုတွေက မြန်မာပြည်အရေးအတွက် လုပ်ကြကိုင်ကြမယ်ဆိုရင် ထည့်ပြီး စဉ်းစားကြပါလို့ ပြောချင်ပါတယ်။

“ကျေုးဇူးတင်ပါတယ် ဆရာရေ …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts