>Tu Maung Nyo – There Will be hope to free political prisoners?

>

အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား
တူမောင်ညို
မိုုးမခ၊ ဧျပီၤ ၂၃၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊“လွတ်ငြိမ်းချမ်းသာခွင့်” စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခုတလောမှာ တောင်း ဆိုချက်တွေထုတ်ပြန်ကြ၊ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ကြ စတဲ့ကိစ္စတွေကို ကျနော့်မိတ်ဆွေနဲ့ကျနော် သူ့အမြင် ကိုယ့်အမြင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလိုပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေး ပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။
(ကျနော် )                                 လွန်ခဲ့တဲ့ မတ်လ ၁ ရက်နေ့က “လွတ်ငြိမ်းချမ်းသာခွင့်”အကြောင်း ခင်ဗျားနဲ့ကျနော် ဆွေး နွေးကြရာမှာ “ဆက်စပ်ဆွေးနွေးစရာတွေပေါ်လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ” လို့ ပြောပြီးအဆုံးသတ်ခဲ့ကြတယ်နော်။ ယခုတလောဖြစ်ပေါ်လာနေတဲ့ကိစ္စတွေက ခင်ဗျားနဲ့ ကျနော် ဆက်လက်ဆွေးနွေးဖို့လိုအပ်လာနေပြီဗျ။
(မိတ်ဆွေ)                                 ဟုတ်တာပေါ့ဗျာ။ အားလုံးကနှစ်ဆန်းတစ်ရက်နေ့ကို အားခဲပြီးမျှော်လင့်ခဲ့ကြတာလေ။ ဒါပေမယ့် အများမျှော်လင့်သလိုဖြစ်မလာခဲ့ဘူး။ ခင်ဗျားမှတ်မိမှာပေါ့ “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ ပတ် သက်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး (၁၃ ရက်မြောက်နေ့) မှာ လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်စိုင်းလှကျော်မေးခဲ့တဲ့ေ မးခွန်းနဲ့အဲဒီမေးခွန်းကိုပြန်ဖြေတဲ့ ယခင်ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦး ရဲ့ အဖြေကိုလေ။
(ကျနော်)                                  မှတ်မိတာပေါ့။မတ်လ ၂၂ ရက်နေ့လေ။ “သမ္မတအနေဖြင့် စတင် တာဝန်ထမ်းဆောင်မှု မရှိသေးပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သမ္မတအားထောက်ခံချက်ပေးရမည့်အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါကြောင်းနဲ့ အစိုးရသစ် တာဝန် ယူသောအချိန်ကာလများရောက်မှသာဆောင်ရွက်ရမည့်ကိစ္စများဖြစ်ပါကြောင်း”ဆိုပြီး ဖြေသွားတယ် လေ။ အခု သမ္မတလည်းတာဝန်ယူနေပြီ၊ (အကလ)ကောင်စီ ဖွဲ့ပြီးခဲ့တာ ရက် ၂၀ ကျော်ပြီ။ 
(မိတ်ဆွေ)                                 ခင်ဗျားကိုကျနော်ဆွေးနွေးခဲ့ဖူးသလိုပဲဗျ။ ကျနော့်အနေနဲ့“လွတ်ငြိမ်းချမ်းသာခွင့်” မေးခွန်း မေးတဲ့ စိုင်းလှကျော်ကို ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဝမ်းပမ်းတသာကြိုဆိုအားပေးတယ်လို့ ပြောချင် တယ်။ အခြားသူတွေကလည်း (အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေနဲ့ လွတ်မြောက်ပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေအပါအဝင်) ဒီလိုပဲ သဘောထား ကြလိမ့်မယ်လို့ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ စိုင်းလှကျော်မေးသွားတဲ့ မေးခွန်းနဲ့မေးခွန်း မှာ သုံးနှုန်းသွားတဲ့ စကားလုံးလေးတွေသိပ်သဘောကျတယ်။ စိုင်းလှကျော် မေးတဲ့ မေးခွန်းအပြည့်အစုံ ကို ကျနော် ပြောပြမယ်။
                                                “စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ အောင်မြင်ချောမောစွာ ပြောင်းလဲနိုင်ခြင်း ကဲ့သို့ သော သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ဂုဏ်ပြုမင်္ဂလာယူသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစု တွင် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အစဉ်အလာများရှိပါကြောင်း၊ မိမိတို့နိုင်ငံ တွင် လည်းပါတီစုံဒီမိုကရေစီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်မြင်ချောမွေ့စွာကူး ပြောင်းနိုင်ခဲ့ပြီဖြစ်ပါ၍ ဤမင်္ဂလာအခါသမယတွင် ရှမ်းတိုင်းရင်းသားများဖြစ်ကြသော ဦးဆေးထင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့နှင့်အတူ အခြားအကျဉ်းကျပုဂ္ဂိုလ်များလွတ်ငြိမ်းချမ်းသာခွင့်အတွက် မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ မည်သို့မည်ပုံစဉ်းစားထားသည်ကို သိရှိလိုပါကြောင်း” တဲ့ ဗျ။
                                                “ရှမ်းတိုင်းရင်းသားများဖြစ်ကြသော ဦးဆေးထင်၊ဦးခွန်ထွန်းဦး၊ဦးစိုင်းညွန့်လွင် တို့နှင့်အတူ အခြားအကျဉ်းကျပုဂ္ဂိုလ်များ လွတ်ငြိမ်းချမ်းသာခွင့်အတွက် မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ” ဆိုတဲ့ အပိုဒ်နဲ့သုံးထားတဲ့စကားလုံးတွေကိုသဘောကျတယ်။
“အခြားအကျဉ်းကျပုဂ္ဂိုလ်များ”တဲ့။
ရှေ့က“နိုင်ငံရေး”ထည့်မရတော့အကျဉ်းသားလို့စင်းစင်းကြီးမသုံးဘူးဗျ။
နောက်ကနေ “ပုဂ္ဂိုလ်” ဖြည့်လိုက်ပြီး  “အခြား အကျဉ်းကျ ပုဂ္ဂိုလ်များ”တဲ့။
“မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ” တဲ့ ဗျ။ (unconditional release) လို့ ဆိုလိုတာပဲ။
(ကျနော်)                                  မေးခွန်းကောင်းပါတယ်။ “နှစ်ဆန်းတစ်ရက်နေ့”ကို အစဉ်အလာသဘောနဲ့ အားလုံးက မျှော်လင့်အားခဲခဲ့ကြတာပဲလေ။ ဒါပေမယ့် အခုချိန်အထိ တစ်ယောက်မှ လွတ်မလာပါဘူးဗျာ။
                                    ဒါ့အပြင် “တရားမ၀င်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာပေးပို့သတိပေးလိုက်ကြောင်း”သတင်းကိုကြားရတယ်မဟုတ်လား။
တိုက်ဆိုင်တာသက်သက်တော့ဟုတ်မယ်မထင်ဘူးဗျ။ “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဆိုတဲ့ ၁၀ ပါတီက “ပြည်ထောင်စုညီလာခံကျင်းပပေးရေး/ပြည်တွင်းစစ်ရပ်စဲရေး/ နိုင်ငံရေး အကျဉ်း သားလွှတ်ပေး”ကိစ္စတွေနဲ့ပတ်သက်ပြီး ဧပြီလ ၅ ရက်နေ့က စုပေါင်းဆွေးနွေးခဲ့ကြတာဗျ။
အဲဒီ “ တင်အေးကော်မရှင်” က ၃၇ ပါတီကို သတိပေးစာပို့တဲ့ကိစ္စကို ကျနော်တို့သိတာ ဧပြီလ ၁၉ ရက်နေ့ကမှသိတာနော်။
(မိတ်ဆွေ)                                 ဒီသတိပေးစာက ၃၇ ပါတီအနေနဲ့  (NLD) အပါအဝင် အခြားသော ပါတီအဖွဲ့ အစည်း တွေနဲ့ မဆက်သွယ်ဖို့ စတင်သတိပေးလိုက်တာဟာ ကော်မရှင်က သူ့ တင်းပုတ် ကို မြှောက်ထား လိုက်ပြီဆိုတဲ့ သဘောပဲဗျ။ ထုတော့မယ်ပေါ့ဗျာ။
                                                ဒါပေမယ့် ဒီသတိပေးစာကို ခဲအကြိမ်ကြိမ်မှန်ဖူးကြသူချင်းတူကြပေမယ့် ရှုမြင်ပုံ ကတော့ ကွာတယ်ဗျ။ (NDF) ဦးခင်မောင်ဆွေက –
“အဲဒါကတော့ နောက်ထပ် ခြေလှမ်းတလှမ်း လှမ်းဖို့အတွက် ကြိုပြင်တယ်ထင်တာပဲဗျ။ တရားဝင်တာတွေကို ကန့်သတ်ပြီးတော့ တရားဝင်တဲ့ပါတီရော၊ တရားမ၀င်တဲ့ပါတီရော အဲဒီ ပုဒ်မ ၁၂ နဲ့ ၁၅ နဲ့ညှိစွန်းရင် အရေးယူမယ့်သဘောဆောင်တယ်လို့ အကြောင်းအရာကိုဖတ်ကြည့်ရင် ပေါ် ပါတယ်” လို့ မြင်တယ်။
(NLD) ဦးဉာဏ်ဝင်း က –
“မတရားအသင်းကနှစ်မျိုးပေါ့။ တမျိုးက သူတို့ကကြေညာထားတာ။ ကြေညာထားတာ မှာ NLD ကိုကြေညာတာလုံးဝမရှိဘူး။ နောက်တမျိုးက အကြမ်းဖက်ဝါဒကိုကိုင်စွဲတာ။ ဒါလဲ ကျနော် တို့နဲ့မဆိုင်ဘူး။ မတရားအသင်း အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ NLD မပါပါဘူး”
ဦးဉာဏ်ဝင်းကသာ အဲဒီလို ဆင်ဝှေ့ရန်ရှောင်ပြောနေသော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အခြားပါတီတွေပြောနေတဲ့ အချက်က  လက်တွေ့ကျပြီး  ရှင်းလင်း ပြတ်သားလှပါတယ်။
 ဒီသတိပေး ချက်က (NLD) ကို ရည်ညွှန်းတာဖြစ်တယ် တဲ့ ။
(ကျနော်)                                  (NLD) ဦးဉာဏ်ဝင်း သဘောကတော့ တိုက်ရိုက်ဒဲ့ဒိုးပြောမှ သိမယ့်ပုံပဲ။ ကျောချမှ သြော် ဒါ ငါတို့ကို ဆော်တာပါလားလို့ သဘောပေါက်မယ့်ပုံပဲဗျ။
(NLD) က သမ္မတဦးသိန်းစိန်ထံပေးတဲ့စာထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စပါ တယ်လို့ပြောတယ်ဗျ။
နှစ်ဆန်း၁ ရက်နေ့ကစတင်ပြီး လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခု စတင်ခဲ့တယ် ဗျ။ အဲဒီ လှုပ်ရှားမှုက တောင်းဆိုထားတဲ့ အချက်တွေထဲမှာ “နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် ဖော်ဆောင်ပေးရေး၊ ပြည်ပ ရောက် မြန်မာများပြည်တွင်း ပြန်လည်ဝင်ရောက်ေ နထိုင်နိုင်ရေးတို့အတွက် ကောင်းမွန်သည့် အခြေ အနေတခုကိုအစိုးရသစ်အနေနှင့်အမြန်ဆုံးအကောင်အထည်ဖော်ပေးရေး”ဆိုတဲ့ အချက်တွေ ပါဝင် တယ်ဗျ။
 ဒါပေမယ့် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်ထံက ဘာတုန့်ပြန်သံမှ မကြားရသေး ပါ လား။ ဘယ်လိုထင်သလဲဗျ။
(မိတ်ဆွေ)                                 နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စကတော့ အနှေးနဲ့အမြန်တုန့်ပြန်လိမ့်မယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့် ခင်ဗျားတို့ကျနော်တို့  တတွေမျှော်လင့်နေတဲ့ ပုံစံမျိုးနဲ့တော့ တစ်ထပ် တည်းကျ လိမ့်မယ်လို့တော့ဖြင့် မထင်ဘူး။
 တောင်းလို့/တိုက်လို့လိုက်လျောပေးလိုက်ရတယ်ဆိုတာကို ဒီအစိုးရသစ်က“စတိ” အဖြစ် တောင်လက်ခံလိမ့်မယ်မထင်ဘူးဗျ။ နောက်တစ်ချက်က“တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ အကျဉ်းချခံနေရတဲ့ အကျဉ်းသားပဲရှိတယ်”ဆိုတဲ့အချက်ကို ဘယ်နည်းနဲ့မှ သူတို့ ထိခိုက်ခံမယ်လို့ မ ထင်ဘူး။            
အခုပြောနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရမယ်လို့ တောင်းဆိုကြတဲ့ အထဲ မှာ “အစိုးရသစ်တက်လာလို့ အထိမ်းအမှတ်သဘောလွှတ်ပေးသင့်တယ်” ဆိုတဲ့အချက်က အဓိက လိုဖြစ်နေတာကလည်း ကျနော့် ရင်ထဲမှာ ဘဝင်မကျနိုင်ဘူးဖြစ်နေတယ်ဗျာ။ ရင်ခံနေတယ်ဗျာ။
ကျနော်တို့ဘက်က တောင်းနေတာက တိုက်ပွဲနဲ့မဟုတ်ဘဲ။ အစိုးရသစ်ရဲ့စိတ်ကောင်း စေတနာကို မျှော်ကိုးနေရတဲ့အဖြစ်ကို ပြောချင်တာပါ။
နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိချက်ချင်းပြန်လွတ်လာစေချင်တဲ့ဆန္ဒနဲ့စေတနာ ကျနော့်ရင်ထဲမှာအပြည့်ပါ။ကျနော်တို့ဘက်က တိုက်ပွဲလိုတယ်ဗျ။ လူထုတိုက်ပွဲပေါ့။ လူထုဦးစိန်ဝင်း ပြောတဲ့ “လူထုစွမ်းအား” (People’s Power) ပေါ့ဗျာ။
နိုင်ငံခြားသူတစ်ယောက်က မေးမြန်းတာနဲ့ပတ်သက်ပြီး “ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈) ” မှာဖေါ်ပြထားတဲ့ လူထုဦးစိန်ဝင်း ရဲ့ ဆောင်းပါးမှာ  –
“ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ကကျွန်တော်တို့အတွက်တော့ပထမဦးစားပေးအရေးကြီး ဆုံးကိစ္စကြီးပဲ။ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ရင် တိရိစ္ဆာန်အခွင့်အရေး မပြောနဲ့ လူ့အခွင့် အရေးတို့ စာပေလွတ်လပ်ခွင့်တို့ဆိုတာတွေလည်း နတ္ထိပဲ။ ဒါကြောင့် ခုချိန်မှာ ဂေးအခွင့်အရေးတွေ၊ ကျားနဲ့မိကျောင်းအခွင့်အရေးတွေကြွေးကြော်နေတာဟာ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွား အောင်လုပ်နေတာနဲ့အတူတူပဲလို့ပြောလိုက်ချင်တယ်။ မယောင်ရာဆီမလူးပါနဲ့။ ကိုယ့်အတွက် ဘာ အရေးကြီးဆုံးလဲ ဆိုတာပဲ စဉ်းစားပါ” လို့ရေးထားသဗျ။
(ကျနော်)                                  အဲဒီဆောင်းပါး ကျနော်လည်းဖတ်လိုက်ရတယ်။
ကျနော်တို့ဆီမှာ ဒီမိုကရေစီရရှိရေးကို  ဦးစားပေးနံပတ်တစ်တာဝန်အနေနဲ့ စိုက်လိုက် မတ်တပ်လုပ်ရမှာဖြစ်တယ်ဗျ။ ဆန်စင်ရာကျည်ပွေ့လိုက်ဆိုသလို ဟိုဝေ့ ဒီဝေ့ လုပ်နေလို့ဖြစ်တာ မဟုတ်ဘူးလေ။
ကျနော်ထင်တာတစ်ခုရှိသေးတယ်။
ဒီဆောင်းပါးက ဟို နိုင်ငံခြားသူကို ပြန်ဖြေရှင်းပြတာ တစ်ခုတည်းအတွက်သက်သက်ရေး သားရည်ရွယ်တာတော့ဟုတ်ပုံမရဘူးဗျ။ ကျနော်တို့ပြည်တွင်းပြည်ပက ဒီမိုကရေစီအရေးလှုပ်ရှားနေ ကြသူတွေအားလုံးကို ဟိုဝေ့ဒီဝေ့ ဝေ့မနေကြနဲ့ မယောင်ရာဆီလူးမနေကြနဲ့ ဒီမိုကရေစီအရေးကို တည့်တည့်တန်းတန်းလုပ်ကြလို့ ဆော်သြလိုက်တာလို့/ ဝေဖန်သတိပေးလိုက်တာလည်းပါတယ်လို့ ကျနော် ထင်မြင်ယူဆမိတယ်ဗျာ။
(မိတ်ဆွေ)                                 ဟုတ်တယ်ဗျ။ ဟိုဝေ့ဒီဝေ့ ဝေ့မနေကြနဲ့ မယောင်ရာဆီလူးမနေကြနဲ့ ဒီမိုကရေစီအရေးကို တည့်တည့်တန်းတန်းလုပ်ကြလို့ ဝေဖန်သတိပေးလိုက်တာဖြစ်မယ်လို့ ကျနော်လည်းထင်မြင်ယူဆမိ တယ်။
                        ဧပြီလ ၂၂ ရက်နေ့မှာ စုဆောင်းလို့ရတဲ့ လက်မှတ်တွေကို သမ္မတဦးသိန်းစိန်ထံ ပို့ပေး မယ်တဲ့ဗျ။ ဒီအချက်အပေါ်အစိုးရသစ်ကဘယ်လိုတုန့်ပြန်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်ကြတာ ပေါ့ဗျာ။ အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts