(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၈
ပြန်ပြင်လို့မရသည့် နာမည်နှင့်ရင်းလိုက်ရသောအမှား
(ဦးဝင်းတင်ကွယ်လွန်ခြင်း (၄)နှစ် အလွမ်းပြေဖတ်ကြဖို့)
(၁)
လူတထောင်လုပ်ကြ လူတထောင်ပြောကြသော အမှားသည် အမှန်ဖြစ်မလာနိုင်ပါ၊ ထိုနည်းတူစွာ လူတယောက်တည်းလုပ် လူတယောက်တည်း ပြောသော အမှန်ကလည်း မည်သည့်နည်းနှင့်မှ အမှားဖြစ်သွားမည်မဟုတ်ပါဟု လန်ဒန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာလှမြင့် ( မကြာသေးခင်က ကွယ်လွန်သွားသူ) ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်လာလုပ်စဉ်ပြောသွား ဖူး၏။
(၂)
၁၉၇၅ ခုလောက်က မြန်မာ့အသံ မြန်မာပိုင်းအစီအစဉ်မှာ ကျနော်အမှုထမ်းခိုက် ကြုံလိုက်ရသည့် ကိစ္စပါ။ မွန်းလွဲပိုင်းသတင်း လူစားဝင်ကြေညာပေးရ၍ ကျနော်ခံလိုက်ရသည့် သေရာပါသွားမည့် ဒဏ်ရာဒဏ်ချက်ပါ။
သတင်းကြေညာဖို့ တာဝန်ကျသူအပြင်သွားနေသည်။
လူစားထိုးဖို့ အစီအစဉ်မှူးကလည်းမေ့နေသည်။ သတင်းဌာနမှာလည်း သတင်းများက အသင့်ရှိနေပြီ၊ မည်သူမှာလာမယူ၊ အချိန်ကပ်လွန်းလာပြီ၊ အသံလွှင့်စတူဒီယိုထဲ သတင်းအဖွင့်တီးလုံးသံနှင့် အူယားဖားယား ဖြစ်နေကြပြီ၊ သတင်းကြေညာ ဖူးခြင်း အလျဉ်းမရှိသော အစီအစဉ်မှူးက သတင်းစာရွက်များကိုင်ကာ မျက်စိမျက်နှာပျက်နှင့်အလာ စတူဒီယိုနားဖြတ် သွား မိသူ ကျနော့်လက်ထဲထည့်ပြီး စတူဒီယိုတံခါးဖွင့် တွန်းသွင်းလိုက်၏။
မထိုင်ရသေး သတင်းများကို ဦးဝင်းအောင်က ကြေညာပါတော့မယ်ရှင် ဟုကြားလိုက်ရသည်။
(၃)
ကြေညာလိုက်ရုံပေါ့၊ ဘာခက်တာမှတ်လို့။
သတင်းကြေညာခဲ့တဲ့အကြိမ် ရာနဲ့ရှိနေပြီ၊ အရေးကြီးသည်ဆိုသော ည ၈ နာရီ သတင်းကြေညာခွင့် သတ်မှတ်ထားသူ (၃) ယောက်အနက် ပါဝင်သူ၊ ဘောလုံးပွဲက ဘာစာရွက်စာတန်းမှမပါပဲ လက်တန်း တိုက်ရိုက်အသံလွှင့်ခဲ့သူပါ။သို့သော် လက်နှိပ်စက်နှင့်ရိုက်ထားသည့်သတင်းထဲ Congo-Brazzaville ကို ဘရာဇီးဟု ရေးထားသည့် အတိုင်းဖတ်မိသွားပြီ။ သိပေမယ့် မပြင်တတ်။
ဒါလောက်အမှားက မြန်မာ့အသံမှာ ထမင်းစားရေသောက်။
သို့သော်ကျနော့ထံ တနာရီလောက်အကြာ မန္တလေးက တယ်လီဖုန်းဝင်လာ၏။ ဖုန်းဆက်သူက ဟံသာဝတီ ဦးဝင်းတင်ပါ။ ဘယ်လောက်ငယ်ငယ် သူစိမ်းကိုင် စိတ်ရှည်မြဲ သတင်းစာဆရာကြီး၏အသံက မကျေနပ်ဟန် မကြုံစဖူးပါနေသည်။ ကျနော် က ဖြစ်ကြောင်းကုန်စင် ရှင်းလင်း ပြောပြသော်လည်း သူကလက်မခံနိုင်။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် လူတွေသိလိုက်တာက အမှားကြေညာသူ ခင်ဗျား– နာမည်နှင့်ရင်းလိုက်ရသည့်အမှားဟု ခပ်ပြတ်ပြတ် သို့သော် ခင်မင်စွာသွန်သင်ထောက်ပြဖူး၏။
(၄)
နာမည်ကိစ္စပြောသူ နောက်တယောက်က ဆရာဒဂုန်တာရာ။
VOA, Washington DC မြန်မာပိုင်းလုပ်စဉ် ငွေစရွှင်၍ ၀ါရှင်တန်ကနေ သူနေထိုင်ရာအောင်ပန်းကို တယ်လီဖုန်းဆက်ရာမှာပင် မောင်အောင်မွန်ဆိုတာ အလကားရထားတာမဟုတ်၊ ဒီနာမည်ဖြစ်လာဖို့ လူသိလာဖို့ စာဖတ်သူတွေ လက်ခံလာဖို့ ဘယ် လောက်ရင်းနှီးရသလဲ သတိထားပါတဲ့။
(၅)
ရန်ကုန် ၅၂ လမ်းမှာနေစဉ်က တမနက်။
သတင်းစာပို့ လူငယ်လေး စက်ဘီးမရပ် အရှိန်လေးသာ နည်းနည်းလျှော့ကာ သတင်းစာလိပ်ကို ၃ ထပ်ကပြတင်းပေါက်ထဲ ဝင်အောင်ပစ်တင်သွားပုံကြည့်ရင်း ကျနော့ပါးစပ်က ဟာလို့ထွက်သွားတော့ အနားကပဲပြုတ်သည်ကြီးကမူ ကျနော့်လို မအံ့သြသည့်ပြင် မဟာနဲ့ သူမှားလို့မရဘူး အဲဒါနဲ့သူ ထမင်းစားနေတာတဲ့။
(၆)
နှစ်တွေကြာခဲ့ပါပြီ။
ကိုယ့်အမှား သူတပါးအမှား မြင်နေရ ကြားနေရသည့် အမှား၊ မသိလိုက်သည့်အမှား၊ သိသိကြီးနှင့် မျက်စိမှိတ်ဆက် လုပ်နေသည့်မှား။ ကျနော့အဖို့တော့ မမှားအောင် ဆင်ခြင်ဖို့ မှားမိရင်လည်း ပြင်ဖို့ သတိရစေခဲ့သူများက ဒေါက်တာလှမြင့်၊ ဦးဝင်းတင်၊ ဒဂုန်တာရာနှင့် အမည်မသိပဲပြုတ်သည်ကြီး။
ဘယ်သူတွေတောင်မှားနေကြတာပဲ၊ ဘယ်သူတွေကတောင် ခွင့်လွှတ်ထားတာပဲဆိုကာ ပျော်ပျော်ပါးပါးမှားနေကြသူများအားကြည့်ရင်း ၊ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော် မန္တလေးဟံသာဝတီ သတင်းစာတိုက် တယ်လီဖုန်းထဲက ဦးဝင်တင်ရဲ့အသံ “ခင်ဗျားနာမည်နဲ့ရင်းလိုက်ရတဲ့အမှား သောတရှင်တွေ တယောက်မကျန်ခွင့်လွှတ်ကြလည်း အမှန်ပြန်ဖြစ်မလာဘူး ကို အောင်မွန်” ဆိုတာ ကျနော့နားထဲ ပြန်ဝင်လာကြောင်းပါ။
၂၀၁၇ ခု၊ ဧပြီလ (၂၁) ရက်နေ့။